Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 9, 2019

ဇနီးသေဆုံးမှုကြောင့် သိန်းတစ်သောင်းခွဲလျော်ကြေးတောင်းသူကို ဆရာဝန်တစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်

 “ဆေးရုံတက်ရင်း ကွယ်လွန်ခဲ့သည့်ဇနီးအတွက် သက်ဆိုင်ရာမှ တောင်းပန်မှု မပြုလုပ်၍ ကျန်ရစ်သူခင်ပွန်း (ကိုသီဟကိုကို) မှ တရားစွဲဆိုထားသည်ဟု အလဲဗင်းမီဒီယာမှာ မကြာသေးမီက ဖတ်လိုက်ရပါသည်။ ထိုသတင်းကြားမိတော့ ကျွန်တော်တုန်လှုပ်သွားမိတာအမှန်ပါ။

လွန်ခဲ့သော ၃ ပါတ်ကျော်လောက်က ကိုသီဟကိုကိုတင်သော ဇနီးသည်ကွယ်လွန်သွား၍ ဝမ်းနည်းပူဆွေးဖြစ်ရကြောင်းပို့စ်ကို ဖတ်ရစဉ်က ကျွန်တော် ကိုယ်ချင်းစာစိတ်ဖြင့် များစွာ စိတ်မကောင်းဖြစ်ခဲ့ပါသည်။ သက်ဆိုင်သူများမှ အဖြစ်အပျက်ကို ရှင်းပြကာ ဆုံးရှုံးမှုအတွက် တောင်းပန်ခြင်းဖြင့် ကျန်ရစ်သူမိသားစုဖြေသိမ့်နိုင်ပါစေဟုလည်း ဆုတောင်းပေးခဲ့မိပါသည်။ ယခုသော် တောင်းပန်မှုမှာ ကျေနပ်ဖွယ်မရှိ၍ တရားစွဲဆိုထားသည်၊ လျော်ကြေးငွေ သိန်း ၁၅၀၀၀ ကျပ် တောင်းထားသည်ဟု သိလာရပါသည်။

ဒါဆို ဖြစ်စကတည်းက ငွေကြေးမပါပဲ တောင်းပန်ရင်ကော ကိုသီဟကိုကိုတို့ဖက်က ကျေနပ်မှာလား။ ကျေနပ်စေဖို့ရာအတွက် ဤမျှများပြားသော ငွေကြေးပမာဏသည် အခရာဖြစ်ပါသလား။ မေးစရာများ ရှိလာပါသည်။ ယေဘုယျအားဖြင့်တွက်လျှင် အခကြေးငွေယူ၍ ဆေးကုသပေးခြင်း ဖြစ်သဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဆိုသည်မှာ မှန်ကန်ပါသည်။ အသက်တချောင်းသည် အဖိုးမဖြတ်နိုင်သောအရာဖြစ်၍ ထိုနစ်နာမှုအတွက် ငွေကြေး မြောက်များစွာ ရရှိထိုက်သည် ဆိုသည်မှာလည်း ဟုတ်သယောင် ရှိပါသည်။ သို့သော် ကျွန်တော်တို့ဆရာဝန်တွေဖက်မှလည်း ပြောစရာများ ရှိပါသည်။

ကျွန်တော်တို့နေ့စဉ်တွေ့ကြုံရသော လူနာအများစုမှာ ဆေးဝါးကုသရန် ငွေပို ငွေလျှံ သိပ်မရှိသည့် မိသားစုများမှ ဖြစ်ပါသည်။ ထိုသူတို့မှာ နေ့စဉ်မိသားစုအသုံးစားရိတ်မှ ငွေကို ဖဲ့ယူ၍၊ ကျန်သော စားရိတ်တို့ကို ချွေတာ၍ ဆေးဝါး ကုသရခြင်း ဖြစ်ပါသည်။ ဤအချက်ကို နားလည်သော ကျွန်တော်တို့မှာလည်း လူနာများထံမှ ဆေးကုသခငွေ များများ မတောင်းရက်ပါ။ ကျွန်တော်တို့တနေ့ ကြည့်ရသောလူနာအရေအတွက်နှင့်ဆိုလျှင် ကျွန်တော်တို့အများစုဝင်ငွေမှာ မိသားစု မကြောင့်မကျ သုံးစွဲနိုင်ရုံသာ ဖြစ်ပါသည်။ လူနာများစွာ ပြုံတိုးနေရသည့် ဆရာဝန်ကြီးများသာ အတန်အသင့် ချမ်းသာသည် ဆိုနိုင်ပါသည်။ လိုရင်း ပြောရလျှင် လူနာရှင်တယောက်က သူဧ၊် နစ်နာမှုအတွက် သိန်း ၁၅၀၀၀ တောင်းလာလျှင် ကျွန်တော်တို့ဆရာဝန် ၁ ယောက်မပြောနှင့်၊ ၁၀ ယောက်ပေါင်း၍ စုဆောင်းထားသမျှအပြင်၊ ပိုင်ဆိုင်သမျှ ချရောင်းလျှင်တောင်မှ လျော်ပေးနိုင်ဖို့အခြေအနေ မရှိကြောင်းပင် ဖြစ်ပါသည်။



ဆက်ပါဦးမည်။ လူ့အသက်တချောင်းသည် မကုသလျှင် မလွဲမသွေ ဆုံးရှုံးရတော့မည့် အနေအထား ရောက်နေသည်ဆိုပါစို့။ ဝေဒနာတခု မှာလည်း ရှိသမျှစည်းစိမ် ဘာနဲ့ပဲ လဲရ လဲရ လဲချင်လောက်အောင် ခံစားရ ပြင်းထန်သည်ဆိုပါစို့။ ထိုကဲ့သို့ အသက်တချောင်း ကို မရမနေ ကယ်တင်ရသည့် အနေအထား၊ ဘယ်လိုမှ မခံစားနိုင်သည့် ဝေဒနာတခုကို ပျောက်ကင်းအောင် ကုသပေးရသည့် အနေအထားများတွင် ကျွန်တော်တို့ဆရာဝန်တွေက အခွင့်အရေးယူ၍ အသက်ရှင်ချင်လျှင် သိန်း ၁၅၀၀၀ ပေးမှ ကုမည်၊ ဝေဒနာသက်သာအောင်လူနာဧ၊် မွေးချင်းဆွေမျိုး ၁၀ ယောက်က ရှိသ၍ စည်းစိမ်တခုမကျန် ပုံပေးမှ လုပ်ပေးမည်ဟူ၍ အကြပ်ကိုင်ဖူးသည် ရှိဖူးပါသလော။ လုံးဝ မရှိဖူးပါ။ အခြားသော ဝေဒနာနည်းသည့် လူနာများနှင့်တန်းတူ တူညီချိုသာသော ဆေးကုသခ၊ တူညီသော ခွဲစိတ်မှု အဖိုးအခများဖြင့်သာ ကုသပေးရိုး ထုံးစံဖြစ်သည်။ ဤသည်မှာ အကြိမ်တရာဆိုရဲသော မှန်ကန်သည့်သစ္စာတရားပင် ဖြစ်ပါသည်။ အသက်တချောင်းကို ပြန်ရယူပေးစဉ်က သိန်း ၁၅၀၀၀ သတ်မှတ် တောင်းခဲ့သည်မရှိဘူးသော ထိုထိုဆရာဝန်တို့ထံမှ၊ အသက်တချောင်း ဆုံးရှုံးရသည့်အတွက် သိန်း ၁၅၀၀၀ ပြန်တောင်းအပ်ပါလေစ။ ထိုကဲ့သို့တောင်းခြင်းသည် တရားမျှတမှု ရှိပါလေစ။

သို့ဖြစ်လျှင် မေးစရာ ရှိလာပါသည်။ ဆေးရုံ ဆေးခန်း များတွင် ထိုထိုဆရာဝန်၊ ဆရာဝန်မတို့ဧ၊် ကုသသည်များ လစ်ဟင်းမှုရှိခဲ့သည်ထင်လျှင် တိုင်ကြား၍ မရပြီလား၊ စစ်ဆေး အရေးယူ၍ မရပြီလားဟု။ ရပါသည်။ တိုင်ကြားရပါမည်။ သက်ဆိုင်ရာဆေးရုံ ဌာနကလည်း စုံစမ်းစစ်ဆေးရပါမည်။ ကုသမှု လစ်ဟင်းမှုများ အမှန်ရှိခဲ့ မရှိခဲ့၊ ရှိခဲ့လျှင် မည်သူတွေတွင် တာဝန်ရှိမရှိ နှင့် ထိုတာဝန်ရှိမှုအပေါ် အပြစ်ပေးအရေးယူရန် ဖြစ်ပါသည်။ Professional များဖြစ်သည့် ဆရာဝန်များအပေါ် အရေးယူရာတွင် ဆေးကုသခွင့်ရပ်ဆိုင်းခြင်း၊ မှတ်တမ်းဆိုး ရေးထိုးခြင်း၊ ဆေးကုသခွင့် ရုတ်သိမ်းခြင်း တို့သည် ပြင်းထန်သော အပြစ်ပေးမှုများ ဖြစ်ပါသည်။ သို့သော် ဆေးကုသစဉ် မှားယွင်းမှုရှိ၍ လူနာသေလျှင်ပင် ဆရာဝန်ကလူနာအား သေစေရန်ကြံစည်သည့်ရည်ရွယ်ရင်း မရှိသည့်အတွက် လူသတ်မှုလို ရာဇဝတ်ကြီးပုဒ်မများဖြင့် တရားစွဲအပြစ်ပေးရိုးထုံးစံ မရှိပါ။ လူသတ်မှုလို အပြစ်မကြီးပါ။

ဆရာဝန်အား ဤသို့ professional ဆိုင်ရာ အပြစ်ပေးရုံနှင့် လူနာဧ၊် နစ်နာဆုံးရှုံးမှုများ ကာမိပါရဲ့လား။ ဘယ်သူက လူနာမိသားစုရဲ့ ဆုံးရှုံးနစ်နာမှုကို တာဝန်ယူပေးမည်နည်း။ ထိုကိစ္စမှာ လွန်စွာ သိမ်မွေ့သော ကိစ္စဖြစ်သည်။ လူနာဖက်မှ သာမက ဆရာဝန်ဖက်မှလည်း ပြန်၍ကြည့်ရမည်။ ယခုဖြစ်ခဲ့သော ကိစ္စရပ်ကိုပင် ကြည့်ပါ။ တရားရင်ဆိုင်နေရသည့် ဒေါက်တာမြပွင့်ဖြူ ကို လူနာအား နစ်နာစေချင်သည့် စိတ်ရှိခဲ့သလား မေးလျှင် မရှိပါ ဟုသာ ဖြေလိမ့်မည်။ လူနာအားနစ်နာစေလိုသော သဘောဖြင့် ဆုံးဖြတ်ချက်အမှားများ တမင် ပြုလုပ်ခဲ့သလား၊ အချိန်နှောင့်နှေးအောင် တမင်ပြုခဲ့သလားမေးလျှင် တမင်မပြု ခဲ့ဟုသာ ဖြေလိမ့်မည်။ သို့စဉ်လျက်
သူမဧ၊်ဆုံးဖြတ်ချက်တချို့သည် လူနာအားနစ်နာစေသည်ကို တွေ့ရအံ့။ အဘယ်ကြောင့် ဖြစ်သနည်း။ သူမ အလုပ်လုပ်ရသော ပါတ်ဝန်းကျင်၊ သူမနှင့်အလုပ်အတူတွဲလုပ်ရသောသူများ၊ သူမထံရောက်ရှိလာသော သတင်းအချက်အလက်များ စသည်တို့ဧ၊်လွှမ်းမိုးမှုများကိုလည်း ထည့်စဉ်းစားရပေလိမ့်မည်။ သူမအလုပ်လုပ်နေသော နိုင်ငံက မြန်မာနိုင်ငံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်သည့် ကျန်းမာရေး စနစ်သတ်မှတ်မှုတခုမှာ အဆင့် ၁၉၀၊ အဲလို သတ်မှတ်မှုမှာ မိခင် နှင့် ကလေး သေနှုန်းအလွန်အမင်း မြင့်မားခြင်းကအဓိက အကြောင်းတရပ် ဖြစ်နေသည်။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ မိခင်နှင့်ကလေးသေနှုန်းဆိုတာ အစကတည်းက များပြီးသား။ ကျွန်တော်တို့အားလုံးရဲ့ အကောင်းဆုံးကြိုးစားမှုတွေ ကြားကနေကို များပြီးသား။

နိုင်ငံတနိုင်ငံ ရှိသည်။ နိုင်ငံသားတွေ ရှိသည်။ ထိုနိုင်ငံသားများအတွက် ပိုက်ဆံချမ်းသာလျှင် တိုက်အကြီးကြီးနဲ့ နေနိုင်မည်။ ကားအကောင်းစားကြီးစီးနိုင်မည်။ သို့သော် ပညာရေး၊ ကျန်းမာရေး တွေမှာကျတော့ ဘယ်လောက်ချမ်းသာ ချမ်းသာ လူအများစုနဲ့ တန်းတူသာ ရနိုင်သည်။ ဆရာဝန်တွေက အတူတူ၊ ဆေးပညာ အယူအဆတွေက အတူတူ၊ သုံးတဲ့ဆေးတွေ ကိရိယာတွေကလည်း အတူတူတွေ။ Private နဲ့ Public ကွဲစေ၊ ဆရာတွေ၊ ဆေးတွေ၊ ကုသမှုနည်းနာတွေက အတူတူတွေပါပဲ။ ဒီလိုကမ္ဘာပ်ါမှာ ထိပ်ဆုံးနေရာလောက် များနေတဲ့ maternal mortality အထဲမှာမှ လူနာတယောက်ထပ်၍ပါဝင်သွားတဲ့အတွက် ရှိသမျှအပြစ်တွေကို တာဝန်ယူကုသတဲ့ သူမတယောက်ထဲအပေါ် ပုံချ၍ သင့်တော်ပါမည်လား။

တကယ်တာဝန်ရှိတာက ကျွန်တော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရဲ့ အားနည်းချက်တွေမှာ ဖြစ်သည်။ တကယ် ပြင်ရမှာကလည်း အဲဒီကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ ဖြစ်သည်။ ကံမကောင်း အကြောင်းမလှလေတိုင်း ငါးတကာ့ချေး ပုဇွန်ဆိတ်ခေါင်းစုဆိုသလို သက်ဆိုင်ရာဆရာဝန်က အရာအားလုံးအတွက်တာဝန်ခံရမည်ဆိုလျှင် တရားမျှတပါမည်လား။

ချုပ်ရလျှင် လူနာရှင်နစ်နာလျှင် ပေးလျော်ရမည့် စနစ်မျိုး ကျွန်ုပ်တို့ကျန်းမာရေးစနစ်မှာ မရှိသေးသလို၊ ပေးလျော်နိုင်ရန်အတွက်လည်း ကျွန်ုပ်တို့မှာ လူနာများထံမှ အပိုတောင်းထားခြင်းမျိုး မရှိသေးပါ။ ထို့အတွက် ယခုကိစ္စမှာ ဆရာဝန်ထံမှ ငွေကြေးမြောက်များစွာတောင်းဆို ထားခြင်းသည် မဖြစ်နိုင်သည့်အရာကို တောင်းဆိုခြင်းသက်သက်အဖြစ်၊ ပကတိအနေအထားတွေထက်အလွန်ရှေ့ရောက်သော တောင်းဆိုမှုတရပ်အဖြစ် ရှုမြင်ကြစေလိုပါသည်။

ထိုအလျော်တောင်းသည့် စနစ်မျိုး တည်ဆောက် သင့်ပါသလား။ ပထမဆုံးလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေး အာမခံစနစ်မှ ပီပီပြင်ပြင် မစတင်နိုင်သေးမီ ဤကိစ္စမျိုးစတင်ပါက မသင့်တော်ဟု ဆိုရပါမည်။ ပန်းထိမ်မတတ်ခင် ရွှေခိုးသင်သလို ဖြစ်ချိမ့်မည်။ အသက်တခုဆုံးရှုံးရ၍ သိန်း ၁၅၀၀၀ အလျော်တောင်းသည့် ကိစ္စများ ရှိလျင် အသက်တခုကယ်ဖို့လည်း သိန်း ၁၅၀၀၀ တောင်းသည့် အနေအထားများက ဖြစ်လာနိုင်ပါသည်။ ဤသို့ဆိုလျှင် မည်သို့လုပ်ကြမည်နည်း။ လောကကြီး ကမောက်ကမနှင့် ဗြောင်းဆန်ကုန်လိမ့်မည်။

နည်းလမ်းကောင်းများထွက်မလာသေးမီ ပုံပြင်ထဲကလို မောင်ပိုနေမြဲ၊ ကျားနေမြဲ ကသာ လောလောဆယ်အနေအထားအားဖြင့် အကောင်းဆုံးအဖြေ ဖြစ်မည်ဟု ထင်မိပါသည် ခင်ဗျာ။”

No comments:

Post a Comment