Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 5, 2019

ပေးဆပ်ခြင်းနဲ့ ရယူခြင်းဆိုတဲ့ ဆန့်ကျင်ဘက်နှစ်ခုတို့ထိပ်တိုက်တွေ့ကြတဲ့အခါ


ဒီနေ့ အညာဒေသရဲ့လမ်းတစ်နေရာမှာ
လူတစ်ယောက်က ရေဗူးခွံလေးလှုပ်ရမ်းပြပြီး ကျွန်တော့်တို့ရဲ့ကားကို ရေပါရင်ပေးခဲ့ပါလို့ အချက်ပြတယ်
တနေ့ခင်းလုံးပါလာတဲ့ရေဗူးတွေကလည်း လင်မယားနှစ်ယောက် သူသောက်လိုက်ငါသောက်လိုက်ဆိုတော့ရေဗူးတွေထဲမှာ ရေမရှိတော့တာသိလို့ သူ့ကိုလက်ခါပြပြီး ကားမရပ်ဘဲဆက်မောင်းခဲ့လိုက်တယ်
ရှေ့နည်းနည်းပဲဆက်မောင်းရသေးတယ် နောက်ထပ်ကောင်မလေးတစ်ယောက်ကလည်း ရေဗူးလေးခါပြပြီးအချက်ပြနေပြန်တယ်
အဲဒီ့လိုမျိုး သုံးလေးယောက်ဆက်တိုက်ကြုံလာတော့
ကျွန်တော်တွေးမိတယ်
အဲဒီ့လမ်းတစ်လျှောက် လမ်းလုပ်သားတွေအားလုံးရေအခက်အခဲဖြစ်နေကြလိမ့်မယ်လို့လေ

အညာဒေသမှာ
နေကပူတယ် ရေကရှားတယ်
ကတ္တရာလမ်းလုပ်သားတွေအဖို့
ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ခဲ့တဲ့ရေဗူးတွေပြည့်စုံလာခဲ့ပါစေ
နေမွန်းမတည့်ခင် ရေကုန်လို့အခက်အခဲဖြစ်ကြရစမြဲလို့သိထားမိလို့

အနီးဆက်ဆုံး ရေဗူးတွေဝယ်ရနိုင်မယ့်နေရာကိုရှာရင်းမောင်းလာလိုက်တာ
၃မိုင်လောက်ဝေးဝေးရောက်မှ ရေသန့်ဗူးတွေရောင်းတဲ့ဆိုင်ကိုတွေ့ရတော့တယ်
ဘာရယ်တော့မဟုတ် ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးရဲ့စိတ်ထဲပျော်သွားမိတယ်
ရေဗူး ကဒ်၃၀နဲ့ ပေါင်မုန့်အလုံးလေးတွေ ၂၀၀လောက်ဝယ်ခဲ့လိုက်တယ်

လာရာလမ်းအတိုင်းနောက်ပြန်မောင်းရင်း သူတို့လမ်းလုပ်သားတွေရှိတဲ့ တနေရာပြီးတစ်နေရာ တစ်ယောက်စီကို ရေတစ်ဗူးနဲ့မုန့်တစ်ခုဆီဝေပေးမိတယ်
ကလေးလေးတွေလိုပဲ မရှက်နိုင်ကြပါဘူး အလုအယက်လာယူလိုက်ကြတာဆိုတာမှ အံသြစရာကြီး
သူတို့တော်တော်လေးရေဆာနေကြပုံရတယ် တကယ့်ကိုမှကျေနပ်စရာကြီး

ကျွန်တော်ကချမ်းသာတဲ့လူမဟုတ်တော့ အလှုကြီးအတန်းကြီးတွေမလုပ်ဖူးပါဘူး
ဒါပေမယ့် ငွေငါးသောင်းလောက်နဲ့ဝယ်လို့ရခဲ့တဲ့ ရေဗူးနဲ့မုန့်လေးတွေဟာ တကယ်လိုအပ်နေတဲ့လူတွေရဲ့လက်ထဲကိုရောက်သွားရလို့
သူတို့ပျော်နေတာကိုကြည့်ပြီး ဝမ်းသာကျေနပ်လိုက်ရတာဆိုတာပြောမပြတတ်အောင်ပါပဲ

လောကနိယာမအရ
ဆန့်ကျင်ဘက်နှစ်ခုတို့ ထိပ်တိုက်တွေ့ကြပြီဆို
ဆိုးရွှားတဲ့အဖြစ်အပျက်တွေ ဖြစ်ကြရစမြဲလို့နားလည်ခဲ့ဖူးတယ်

ဒါပေမယ့် ဒီလိုနေ့မှာတော့
အဖိုးဖြတ်မရတဲ့ လောကနိယာမအသစ်တစ်ခုကိုကျွန်တော်ရှာတွေ့ခဲ့တယ်

" ပေးဆပ်ခြင်းနဲ့ ရယူခြင်းဆိုတဲ့ ဆန့်ကျင်ဘက်နှစ်ခုတို့ထိပ်တိုက်တွေ့ကြတဲ့အခါ
ကမ္ဘာကြီးတစ်ခုလုံးတောင် ချမ်းသာသွားသလိုခံစားရတယ်လို့ဆိုတာပါပဲ"

Aung ZawLatt (မင်း ကျန်စစ်)နေပြည်တော်




No comments:

Post a Comment