Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 15, 2019

လပေါ် လေ့လာရေး တရုတ်ရဲ့ အောင်မြင်မှု - လ ပေါ်မှာ ဝါစေ့လေးတွေ အညှောင့်ထွက်လာ


အကာအကွယ်အဖုံးအောက်မှာ အစေ့လေးတွေအပင်ပေါက်လာတာကို အနီးကပ်ရိုက်ထားပုံများ
တရုတ်နိုင်ငံရဲ့ လပေါ်စူးစမ်းရေး ယာဉ်ငယ် ချန်းအွတ် နံပါတ် ၄ (Chang'e-4) မှာ ယူဆောင်သွားခဲ့တဲ့ မျိုးစေ့တွေကနေ အပင်ပေါက်ပြီလို့ တရုတ်အမျိုးသား အာကာသ အုပ်ချုပ်ရေး ဌာန က ကြေညာပါတယ်။

ဒါဟာ လပေါ်မှာ ပထမဆုံးသော ရုက္ခဗေဒ အပင်တပင်ကို စိုက်ပျိုးနိုင်တာဖြစ်ပြီး အာကာသတွင်း ရေရှည်လေ့လာရေးလုပ်နိုင်ဖို့အတွက် ကြီးမားအောင်မြင်တဲ့ ခြေလှမ်းတခုကို လှမ်းနိုင်တာ ဖြစ်ပါတယ်။

ချန်းအွတ် နံပါတ် ၄ ဟာ လပေါ်မှာ ကမ္ဘာကနေမမြင်ရတဲ့ အခြမ်းဘက်ကို ပထမဆုံး ဆင်းသက်နိုင်ပြီး စူးစမ်းလေ့လာတဲ့ အာကာသယာဉ်ငယ်လည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က လပေါ်ဆင်းသက်ခဲ့တဲ့ အဲဒီ ယာဉ်ငယ်မှာ လ ပေါ်က ဘူမိဗေဒကိုလေ့လာနိုင်ဖို့အတွက် စမ်းသပ်ရေး ကိရိယာပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့ပါတယ်။

နိုင်ငံတကာ အာကာသ စခန်းတွေမှာ အပင်တွေ စိုက်လို့ရခဲ့ပေမယ့် လပေါ်မှာ စိုက်ပျိုးခဲ့တာ အရင်က တခါမှ မရှိဖူးပါဘူး။ လပေါ်မှာ အပင်စိုက်နိုင်စွမ်းကို အာကာသမှာ ရေရှည်စူးစမ်းလေ့လာတဲ့ လုပ်ငန်းတွေအနေနဲ့ အဓိက စူးစမ်းလေ့လာကြခဲ့ပါတယ်။ အာကာသထဲ အပင်စိုက်နိုင်ပြီဆိုရင် အာကာသထဲမှာနေပြီး စူးစမ်းလေ့လာကြမယ့် သူတို့ မြေပြင်ကို ပြန်ပြန်ဆင်းပြီး ရိက္ခာယူရမယ့် အရေးကို လျော့ချနိုင်မှာပါ။
လမျက်နှာပြင်ကို ရိုက်ပြီး ကမ္ဘာကိုပြန်ပို့ပေးတဲ့ ပုံကြမ်းတွေအရတော့ မျက်နှာပြင်က အရောင်နီတာ ကို တွေ့ရပါတယ်
အဲဒီ တရုတ်ရဲ့ လဆင်းယာဉ်ငယ်မှာ ဝါစေ့၊ အာလူးမျိုး တွေပါတဲ့ မြေကြီးကို ယူဆောင်သွားခဲ့တာပါ။

စူးစမ်းရေးယာဉ်ငယ်ထဲက အလုံပိတ်ထားတဲ့ ဗူးထဲမှာ အပင်တွေအညှောင့်ထွက်လာတာဖြစ်ပြီး အဲဒီဗူးထဲမှာ ကိုယ့်သဘာဝပတ်ဝန်းကျင်အနေအထားဖြစ်အောင် ဖန်တီးပေးထားတော့ အပင်တွေရှင်သန်နိုင်အောင် အသေးစား ရိပ်မြုံလေးတခု လုပ်ပေးထားတာပါ။

မြေပြင်ထိန်းချုပ်ရေးစခန်းကနေ လပေါ်က စူးစမ်းရေးယာဉ်ငယ်ကို အစေ့တွေကို ရေလောင်းဖို့ ညွှန်ကြားမိန့် ပေးခဲ့ပြီးနောက်ပိုင်း အခုလို အပင်လေးတွေ ထွက်ခဲ့တာပါ။

ဇန်နဝါရီ ၁၅ ရက် အင်္ဂါနေ့မှာ ဝါစေ့လေးတွေကနေ အညှောင့်လေးတွေထွက်လာပြီလို့ တရုတ်အစိုးရပိုင် မီဒီယာ ကလည်း ကြေညာပါတယ်။

နိုင်ငံပိုင် ပြည်သူ့နေ့စဉ်သတင်းစာ က အညှောင့်ထွက်လာတဲ့ အပင်စို့လေးတွေပုံကို တွစ်တာ က နေတဆင့်ဖြန့်ချိခဲ့ပြီး လပေါ်မှာ လူသားတို့ရဲ့ ပထမဆုံးရုက္ခဗေဒစမ်းသပ်မှု အပြီးသတ်နိုင်ခဲ့ပြီ လို့ ဆိုပါတယ်။
ချန်းအွတ် နံပါတ် ၄ Chang'e-4 စူးစမ်းရေးယာဉ်ငယ် ထဲမှာ အပင်လေးတွေ ပေါက်လာတာဖြစ်
သြစတြေးလျနိုင်ငံက Australian Astronomical Observatory က ပညာရှင် ဖရက်ဒ် ဝပ်ဆန် က ဒီသတင်းဟာ သိပ်ကောင်းတဲ့ သတင်းပါလို့ ဆိုပြီး လပေါ်က ကိုယ်တိုင်ထိန်းသိမ်းထားတဲ့ ဝန်းကျင်မှာ အာကာသစူးစမ်းသူတို့ အနေနဲ့ ကိုယ့် သီးနှံပင်ကို စိုက်နိုင်ဖို့ အနာဂတ်မှာ ခက်ခဲတဲ့ ပြဿနာတွေကြုံရတော့မှာ မဟုတ်တော့ဘူး လို့ မှတ်ချက်ချပါတယ်။

အင်္ဂါဂြိုလ်ကို ကမ္ဘာကနေ ခရီးသွားရင် လ ထက်အများကြီး ပိုဝေးတာမို့ အနာဂတ်မှာ လကို ကြားစခန်းအနေနဲ့ သုံးဖို့ စိတ်ဝင်စားလာကြမှာလို့ လည်း သူက မြင်ပါတယ်။

တရုတ် ရဲ့ အခုစူးစမ်းလေ့လာရေးမှာ အဓိကကျသူ တယောက်ဖြစ်တဲ့ ပါမောက္ခ ရှီ ဂျန်ရှင် က အနာဂတ်ကျရင် အာကာသထဲမှာ လူတွေ ရှင်သန်နိုင်စေဖို့ အများကြီး အလေးပေးစဉ်းစားလုပ်ကိုင်ခဲ့ကြတယ်လို့ South China Morning Post သတင်းဌာနကို ပြောပါတယ်။ မြေကမ္ဘာဆွဲအားနည်းပါးတဲ့ ဝန်းကျင်တခုမှာ အပင်တွေ ဘယ်လိုပေါက်ဖွားကြီးထွားကြသလဲဆိုတဲ့ လေ့လာမှုက အာကာသအခြေစိုက်နေရာတခုကို အနာဂတ်မှာ ကျနော်တို့ အုတ်မြစ်ချနိုင်ဖို့အတွက်ဖြစ်လာနိုင်စေပါတယ် လို့ ပါမောက္ခက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment