Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 7, 2018

ဗဟိုဘဏ်ရဲ့ စွက်ဖက်မှု ဘယ်လောက် ထိရောက်လဲ၊ အစိုးရရဲ့ Macroeconomic မူဝါဒတွေ ဘယ်လောက် ခိုင်မာ


ဒေါ်လာဈေး ရုတ်တရက် ကျဆင်းသွားလို့ ပြည်သူတွေ ပျော်သွားချိန်မှာ ဗဟိုဘဏ်က ပေါက်ဈေးထက် ပိုမြင့်တဲ့ ဈေးပေးပြီး ဒေါ်လာ သန်း ၃၀ ဖိုး ဝယ်လိုက်တော့ ဒေါ်လာဈေး ပြန်တက်သွားတယ်။

ဒီတော့ နားမလည်သူတွေက အစိုးရကို ဆဲကြတယ်။

တကယ်တော့ ဗဟိုဘဏ်ဟာ အစိုးရ လက်အောက်ခံ မဟုတ်ဘဲ အမှီအခိုကင်း လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။

ဗဟိုဘဏ်က ဘာပဲလုပ်လုပ် အဲဒီ လုပ်ဆောင်မှုတွေ အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ ယေဘုယျအားဖြင့်တော့ သူတို့ဟာ တိုင်းပြည် စီးပွါးရေး ကောင်းမွန်လာဖို့၊ တိုင်းပြည်ရဲ့ ငွေကြေးမူဝါဒတွေ ခိုင်မာလာဖို့နဲ့ ဝင်ငွေ ထွက်ငွေ မျှတပြီး လိုငွေကို လျှော့ချနိုင်ဖို့အတွက် လုပ်ကြတာပဲ ဖြစ်တယ်။

ဒီအတွက် ဒေါ်လာဈေး တက်ခြင်း၊ ကျခြင်းတွေမှာ ဗဟိုဘဏ်က စုဆောင်းထားတဲ့ အရန် နိုင်ငံခြား ရန်ပုံငွေတွေနဲ့ ဝင်ရောက် ထိန်းကွပ်မှုတွေ လုပ်ရပါတယ်။

အမှားအယွင်းတွေ ဖြစ်လာခဲ့ရင်တော့ ဗဟိုဘဏ် ဥက္ကဋ္ဌက တာဝန်ယူ တာဝန်ခံရမှာပဲ ဖြစ်တယ်။

အခုလက်ရှိ ဒေါ်လာဈေး ပြန်တက်အောင် လုပ်တာအတွက် သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ ဆိုတာကို မသိပေမဲ့ စဉ်းစားကြည့်မိသလောက် ပြောရရင်...
.
.
.
ဗဟိုဘဏ်တွေ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေဟာ လိုအပ်လာချိန်မှာ နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်ကို ဝင်ရောက်စွက်ဖက် ထိန်းကွပ်ကြရပါတယ်။

ဘာလို့လဲဆိုတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ စီးပွါးရေးက သေးငယ်ပြီး ငွေကြေးခိုင်မာမှုက အားနည်းတဲ့အခါမှာ ကမ္ဘာ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့ ငွေကြေးဈေးကွက်တွေမှာ ထူးခြားတဲ့ အကြောင်းအရာတွေ ဖြစ်တိုင်း အဲဒီ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ငွေကြေးနဲ့ စီးပွါးရေးအပေါ် ရိုက်ခတ်မှုက ကြီးမားတတ်ပြီး အဲဒါကို ဝင်မထိန်းနိုင်ရင် အကျိုးဆက်တွေက ပုံမှန်ထက် ဆိုးရွားတတ်လို့ပါ။

အမြင်သာဆုံး ဥပမာပေးရရင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်နေတဲ့သူဟာ အဲဒီရောဂါချည်းသက်သက်ဆို အပြုအစုကောင်းရင် အသက်ဆက်ရှင်နိုင်သေးပေမဲ့ အခြားရောဂါတွေ ထပ်ဝင်လာရင်တော့ သေဖို့ သေချာသွားတတ်သလိုမျိုးပါပဲ။

ဒီတော့ ဒေါ်လာဈေး တက်သည်ဖြစ်စေ ကျသည်ဖြစ်စေ ညင်သာမှု မရှိဘဲ...

မိနစ်ပိုင်းနဲ့အမျှ တောက်လျှောက် အတက်ကြမ်း သို့မဟုတ် တောက်လျှောက် အကျကြမ်း သို့မဟုတ် ဆက်တိုက် တက်လိုက်ကျလိုက်ဖြစ်ပြီး ငွေလဲလှယ်နှုန်း မတည်ငြိမ်တဲ့အခါ မိနစ်ပိုင်းအတွင်း ငွေကြေး အရှုံးအမြတ်လည်း အရမ်းကြီးမားသွားတတ်ပါတယ်။

ဒီအခါမှာ လုပ်ငန်းငယ်လေးတွေ ပြိုလဲတဲ့အထိ ဒုက္ခရောက်တတ်သလို ငွေလဲဈေးကို မယုံရဲတော့တဲ့အတွက် ဒေါ်လာနဲ့ ချိတ်ဆက်လည်ပတ်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေလည်း တုံ့ဆိုင်းကုန်တဲ့အတွက် တစ်တိုင်းပြည်လုံးရဲ့ စီးပွါးရေးကို ထိခိုက်စေပါတယ်။

ဒါ့ကြောင့် ငွေလဲလှယ်နှုန်း အကြီးအကျယ် မတည်ငြိမ်ခြင်းဟာ စီးပွါးရေး အေအိုင်ဒီအတ်စ် ဖြစ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပြင်ပရောဂါထပ်ဝင်ခြင်းနဲ့ အတူတူပါပဲ။

ဒီအတွက် သာမန်အချိန်မှာ ကမ္ဘာ့ဈေးကွက် အတက်အကျအတိုင်း နှုန်းရှင်မျှောပေးထားတဲ့ ဒေါ်လာဈေးကို...

တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ ထူးခြားဖြစ်စဉ်တွေကြောင့် ဖြစ်သင့်တာထက် ဒေါ်လာဈေး အတက် အကျ ကြမ်းနေတဲ့ အခါမျိုးတွေမှာ ဗဟိုဘဏ်ဟာ သူတို့ရဲ့ နိုင်ငံခြား အရန်ငွေကြေးတွေကို အချိန်တိုအတွင်း ဒေါ်လာဈေး တစ်ရှိန်ထိုးတက်ချိန်မှာ ထုတ်ရောင်းသင့်ရင် ရောင်း၊ ဈေးဇောက်ထိုးကျချိန်မှာ ပြန်ဝယ်သင့်ရင် ဝယ်ပြီး ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဝင်ရောက်စွက်ဖက်ရပါတယ်။

ဒါဟာ ဗဟိုဘဏ်တွေရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်တယ်။
.
.
.
လုပ်ရိုးလုပ်စဉ်ဆိုရင် ဒေါ်လာဈေး အတက်မြန်တုန်းက ပြန်ချတာကျတော့ သေချာကျအောင် မချနိုင်ဘဲနဲ့ ဒေါ်လာဈေး အကျမြန်လို့ ပြန်တက်အောင် လုပ်တာကျတော့ ချက်ချင်း ရလဒ်ထွက်လာအောင် လုပ်နိုင်တာ ပြည်သူကို ကုန်ဈေးနှုန်း တက်တဲ့ဒဏ် ခံစားစေချင်လို့လားလို့ မေးနိုင်ပါတယ်။

တကယ်တော့ ဗဟိုဘဏ်က ငွေကြေးဈေးကွက်ကို ဝင်ရောက်စွက်ဖက်တယ် ဆိုရာမှာ...

ရေတိုအတွက် စီးပွါးရေးလုပ်ငန်းတွေ ယုံကြည်မှုရှိရှိ ဆက်လည်ပတ်နိုင်အောင် ဈေးတက်တာကို ဆွဲချ၊ ဈေးကျတာကို ဆွဲတင်ပြီး ငွေလဲလှယ်နှုန်း တည်ငြိမ်အောင် ပြန်ထိန်းသိမ်းရုံသက်သက် ဖြစ်နိုင်သလို...

ရေရှည်အတွက် တိုင်းပြည်ရဲ့ ပို့ကုန် သွင်းကုန် ပမာဏ၊ ပိုငွေ လိုငွေ အခြေအနေပေါ် မူတည်ပြီး ဒေါ်လာဈေးကို တိုင်းပြည် စီးပွါးရေးအတွက် အဆင်ပြေတဲ့ အတိုင်းအတာတစ်ခုအတွင်းမှာ ရှိနေအောင် စဉ်းစားလုပ်ဆောင်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီတော့...

"ပြည်သူအတွက်" ဆိုတဲ့ စကားကို အကာအကွယ် ယူနေကြတဲ့ အနီကြောင်တွေနဲ့ မီဒီယာတွေက ကုန်ဈေးနှုန်းနဲ့ ဒေါ်လာဈေးလောက်ကိုပဲ လက်ညှိုးထိုးပြီး နင်းပြားကြိုက် လူပြိန်းကြိုက် အပေါစားအကွက်တွေနဲ့ အောက်လုံးထိုးနေကြတုန်းမှာ...

ဗဟိုဘဏ်ရဲ့ အဓိက တာဝန်ဟာ တိုင်းပြည်စီးပွါးရေးနဲ့ ငွေကြေးမူဝါဒတွေ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ဖို့ ဖြစ်လေတော့ ပြည်သူတွေရဲ့ ရေရှည် အကျိုးစီးပွါးအတွက် စတေးသင့်တာကို စတေးရပါတယ်။

ပြည်သူတွေ ချောင်လည်အောင်၊ ကုန်ဈေးနှုန်း ကျအောင် ဒေါ်လာဈေးကို ကျနိုင်သလောက် ချပစ်ရမယ်ဆိုတာ အနီကြောင် ဖွတ်စိမ်း ငပိန်းကောင်တွေရဲ့ ကလေးအတွေး ဖြစ်တယ်။

ချမ်းသာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဒီအခက်အခဲမျိုးတွေကို ကုန်ဈေးနှုန်း မတက်စေဘဲ တည်တည်ငြိမ်ငြိမ် အထိအခိုက်နည်းနည်းနဲ့ ကျော်လွှားနိုင်ပေမဲ့...

ဆင်းရဲမွဲတေပြီး ကြွေးထူတဲ့ (အဲဒါတွေကလည်း လက်ရှိအစိုးရကြောင့် မဟုတ်ပါဘူး) မြန်မာလို နိုင်ငံတွေမှာတော့ ရွေးချယ်ခွင့် မရှိပါဘူး။

ပြည်သူချောင်လည်ဖို့ ဒေါ်လာဈေးကျအောင် လုပ်ပေးသင့်တယ် ဆိုပေမဲ့...

ပြည်သူတွေ ကျပ်တည်းတာထက် ကျော်လွန်ပြီး စီးပွါးပါ ရှာမစားနိုင်လောက်အောင် အလုပ်လက်မဲ့ ဖြစ်သွားလောက်အောင် တိုင်းပြည်စီးပွါးပျက်မယ့် အခြေအနေတွေ ရှိနေပြီဆိုရင် ကုန်ဈေးနှုန်းတက်တာလောက်ကို ငဲ့ညှာနေလို့ မရတော့ပါဘူး။

ဆေးလိပ်အသောက်လွန်လို့ သွေးကြောတွေပိတ်ပြီး ပေါင်ပုပ် လက်ပုပ် ဖြစ်လာတဲ့ လူနာကို ခြေတွေ လက်တွေ ဖြတ်ပြီး ကုသပေးလိုက်မှ အသက်ရှင်နိုင်တဲ့ သဘောမျိုးပါပဲ။

စီးပွါးရေး ကျဆင်းခြင်း ရောဂါရဲ့ အရင်းအမြစ်ကို ကုသဖို့ ကြိုးစားနေတုန်းမှာ ရောဂါ ထပ်ပြီး မပြန့်အောင် ဖြတ်ထုတ်ဖို့ လိုအပ်တာတွေကို ဖြတ်ထုတ်ရမှာပါပဲ။

အလုပ်အကိုင်တွေ ရှိနေသေးရင် ကုန်ဈေးနှုန်းတက်လည်း ဝယ်စားဖို့ ဝင်ငွေ ရှိနေဦးမှာ ဖြစ်ပေမဲ့ တိုင်းပြည် စီးပွါးပျက်ပြီး အလုပ်အကိုင်တွေ ရပ်ဆိုင်းသွားပြီ ဆိုရင်တော့ ဝယ်စားစရာ ငွေတောင် ရှိမှာ မဟုတ်တော့ပါဘူး။
.
.
.
ဒီတော့ ဒေါ်လာဈေးတက်တုန်းက ဗဟိုဘဏ်က ဒေါ်လာဝင်ရောင်းပေးတာဟာ ပြည်သူ့အကြိုက်လိုက်ပြီး ကုန်ဈေးနှုန်းကျအောင် ဒေါ်လာဈေးကို တစ်ဆုံးဆွဲချပေးဖို့ မဟုတ်သလို...

အခုလက်ရှိ ဒေါ်လာဈေးကျတာကို ဗဟိုဘဏ်က ဒေါ်လာ ပြန်ဝယ်ပေးတာတွေဟာလည်း ကုန်ဈေးနှုန်း မကျစေချင်လို့ မဟုတ်ပါဘူး။

တစ်ဒေါ်လာ ၁၅၀၀ ကျပ် ကျော်ကျော်က လက်ရှိ တိုင်းပြည်မှာ ရှိနေတဲ့ စီးပွါးရေးနဲ့ ဘဏ်တွေရဲ့ ပြဿနာတွေ၊ ပို့ကုန် သွင်းကုန် ပေါ်မူတည်တဲ့ ကုန်သွယ်ရေး လိုငွေပြမှုတွေအတွက် သင့်တော်တယ်ဆိုရင် အဲဒီ ငွေလဲလှယ်နှုန်း ရောက်အောင် လုပ်ဆောင်ရမှာက၊ ရောက်ပြီးရင်လည်း အဲဒီနှုန်းကို ထိန်းထားရမှာက ဗဟိုဘဏ်ရဲ့ တာဝန်ပါပဲ။

ဒါကြောင့် ဗဟိုဘဏ်ဘက်က ဘာမှ အားမထုတ်ရသေးဘဲ စိုင်ကော်လို့ ခြုံပေါ်ရောက် ဆိုသလို တရုတ် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဒေါ်လာဈေး တက်လာတုန်းက အတင်းဆွဲချဖို့ မကြိုးစားဘဲ...

စီးပွါးရေးအတွက် မကောင်းတဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း တက်နှုန်းကိုသာ အရှိန်လျှော့ပေးဖို့ ဗဟိုဘဏ်က ဝင်လှုပ်ရှားတယ်လို့ ယူဆပါတယ်။

ဈေးတက်နေတုန်း အစိုးရပိုင်းက လိုက်ဖမ်းတယ် ဆိုတာကလည်း...

ကိုယ်ကျိုးရှိရင် တစ်ဒေါ်လာ နှစ်ထောင်ဖြစ်ပြီး တိုင်းပြည်ပျက်သွားလည်း ဆွဲတင်ရမှာပဲ ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဈေးကစားသူတွေကြောင့် မလိုလားအပ်တဲ့ ဈေးနှုန်းအထိ တက်သွားမှာ စိုးလို့ ဟန့်တားတာပဲ ဖြစ်ပြီး...

ကုန်ဈေးနှုန်းကျအောင် တစ်ဒေါ်လာကို ၁၂၀၀၊ ၁၁၀၀၊ ၁၀၀၀ စသည် ပြန်ရောက်အောင် ဆွဲချဖို့ မဟုတ်ပါဘူး။

ဆွဲချချင်တယ် ဆိုရင်တောင် မြန်မာ့ဗဟိုဘဏ်ရဲ့ နိုင်ငံခြား အရန်ငွေကြေးက အဲဒီလောက် အများကြီး မရှိပါဘူး။

အခု ဒေါ်လာဈေး ကျချိန်မှာ ပြန်ဝယ်တယ် ဆိုတာကလည်း ဈေးတက်အောင် လုပ်ဖို့ မဟုတ်ဘဲ ထိုးဆင်းသွားမှာကို အရှိန်သတ် ဘရိတ်အုပ်ဖို့ လုပ်တာ ဖြစ်နိုင်ခြေ များပါတယ်။

ဒါဟာ ဈေးကွက်ကို ထိန်းရင်း အရန်ငွေကြေး ပမာဏကို မြှင့်တင် တည်ဆောက်ခြင်းလည်း ဖြစ်တယ်။

ဒီတော့ ဗဟိုဘဏ်ဟာ...

ဝိသမလောဘသားတွေက ရှိသင့်တဲ့ ဒေါ်လာဈေးထက် ပိုပြီး မိုးထိမြင့်တက်အောင် တက်နှုန်းလည်း မြန်အောင် လုပ်နေတာတွေ၊ ရှိသင့်တဲ့ ဒေါ်လာဈေးထက် ပိုပြီး ဇောက်ထိုးကျအောင် ကျနှုန်းလည်း မြန်အောင် လုပ်နေတာတွေကို တားဖို့အတွက်သာ ဝင်စွက်ဖက်တာ ဖြစ်ပြီး...

ငွေလဲလှယ်နှုန်းကိုတော့ တိုင်းပြည်စီးပွါးရေးအတွက် အဖက်ဖက်က ချင့်ချိန်ပြီး တစ်ဒေါ်လာ ၁၅၀၀ ကျပ် ပတ်ဝန်းကျင်ကို ကြိုက်နေတယ်လို့ ယူဆပါတယ်။
.
.
.
ဒီနှုန်းကြောင့် ပြည်သူတွေ ကုန်ဈေးနှုန်းဒဏ် ခံလိုက်ရပေမဲ့ ရေရှည်မှာ တိုင်းပြည်စီးပွါးပျက်ပြီး အလုပ်ပါ မရှိတော့တာထက်စာရင် တော်သေးလို့ ဒီလမ်းကို ရွေးထားတယ်လို့ ထင်ပါတယ်။

ဥပမာ အထည်ချုပ်စက်ရုံတွေဟာ တိုင်းပြည်အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနေပါတယ်။ သူတို့ဟာ မြန်မာငွေ တန်ဖိုးနည်းမှ အလုပ်ဖြစ်တာမို့လို့ ဒေါ်လာဈေးတက်ခြင်းဟာ သူတို့ကို စီးပွါးဖြစ်စေတယ်။ ဒီလို စီးပွါးဖြစ်မှလည်း တိုင်းပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို သူတို့က ထပ်မံဖန်တီးပေးနိုင်မှာ ဖြစ်တယ်။

ကုန်ဈေးနှုန်းကျအောင် ဒေါ်လာဈေးကို အတင်းချလိုက်တယ် ဆိုပါစို့။

ကုန်ဈေးနှုန်းကတော့ ကျပါရဲ့ အထည်ချုပ်တွေ ရှုံးလို့ လုပ်ငန်းရှင်တွေ ပြန်ထွက်သွားရင် အလုပ်အကိုင်ပါ ဆုံးရှုံးပြီး ကျသွားတဲ့ ကုန်ဈေးနှုန်းနဲ့တောင် ဝယ်စားဖို့ မတတ်နိုင်တဲ့ ဝင်ငွေမဲ့ဘဝကို ရောက်ရပါလိမ့်မယ်။

ဒီလိုပါပဲ။

မြန်မာပြည်မှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ စိုက်ပျိုးမွေးမြူရေးသမားတွေ ဖြစ်လို့ ဆန်စပါး အသီးအနှံ သားငါးတင်ပို့တဲ့ လုပ်ငန်းတွေ အဆင်ပြေဖို့ ဒေါ်လာနဲ့ ကျပ် လဲလှယ်နှုန်းဟာ ဖြစ်သင့်တဲ့နှုန်းမှာ ရှိနေရပါမယ်။

ပြည်ပပို့ကုန်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အတွက် ကိုယ့်ထုတ်ကုန်ဟာ အရည်အသွေး ကောင်းရင်ကောင်း၊ မကောင်းရင် ဈေးသက်သာဖို့ လိုပါတယ်။ နည်းပညာ မရှိတဲ့ မြန်မာ စိုက်ပျိုးမွေးမြူရေးသမားတွေအတွက် အရည်အသွေးနဲ့ ကမ္ဘာ့ဈေးကွက်ကို မထိုးဖောက်နိုင်တဲ့အခါ ဈေးသက်သက်သာသာနဲ့ ဆွဲဆောင် ရောင်းချနိုင်ဖို့အတွက် မြန်မာကျပ်က အရမ်းမာနေလို့ မရပါဘူး။

ပစ္စည်းတစ်ခုဟာ ထုတ်လုပ်စရိတ်နဲ့ အမြတ်ပေါင်းပြီး မြန်မာကျပ် ၃၀၀၀ တန်ဖိုးရှိတယ် ဆိုပါစို့။

ပြည်ပကို တင်ပို့ချိန်မှာ ငွေလဲလှယ်နှုန်းက...

တစ်ဒေါ်လာကို ၁၀၀၀ ကျပ်ဈေး ရှိရင် အဲဒီပစ္စည်းကို ၃ ဒေါ်လာနဲ့ ရောင်းမှ ကိုက်မှာ ဖြစ်ပြီး...

တစ်ဒေါ်လာကို ၁၅၀၀ ကျပ်ဈေး ရှိရင် အဲဒီပစ္စည်းကို ၂ ဒေါ်လာနဲ့သာ ရောင်းနိုင်မှာ ဖြစ်တယ်။

မြန်မာလုပ်ငန်းရှင်အတွက် ၂ ဒေါ်လာနဲ့ ရောင်းရောင်း၊ ၃ ဒေါ်လာနဲ့ ရောင်းရောင်း ပစ္စည်းတစ်ခုအပေါ်မှာ ရမယ့် အမြတ်အစွန်းဟာ အတူတူပဲ ဖြစ်ပေမဲ့...

ကိုယ့်ပစ္စည်းကို ဝယ်မယ့် ပြည်ပနိုင်ငံအတွက်ကတော့ မြန်မာ့ ငွေလဲနှုန်းပေါ် မူတည်ပြီး ဒီပစ္စည်းတစ်မျိုးတည်းဟာ ဈေးသက်သာတဲ့ ၂ ဒေါ်လာတန် ဖြစ်နိုင်သလို ဈေးကြီးတဲ့ ၃ ဒေါ်လာတန်လည်း ဖြစ်သွားနိုင်ပါတယ်။

ဈေးကွက် ပြိုင်ဘက်နိုင်ငံတွေက အမျိုးအစားတူ အရည်အသွေးတူ ပစ္စည်းတွေနဲ့ ယှဉ်ရင် ကိုယ့်ပစ္စည်းက ဈေးသက်သာမှ အဝယ်လိုက်မှာ ဖြစ်တော့ မြန်မာငွေက အရမ်းမာနေလို့ မသင့်တော်တာ ဖြစ်တယ်။

ဒီတော့ ဖြစ်သင့်တဲ့ ဒေါ်လာဈေးမှာ ရှိမနေရင် တစ်နည်း ဒေါ်လာဈေးကျပြီး မြန်မာငွေက မာနေရင် မြန်မာ့ထုတ်ကုန်တွေ မရောင်းရတော့ပါဘူး။

မရောင်းရတော့ရင် ပြည်တွင်းမှာပဲ သုံးမှာပေါ့ ကုန်ဈေးနှုန်းတောင် ကျသွားဦးမယ်လို့ လွယ်လွယ် ပြောလို့ရပါတယ်။ ဒါပေမဲ့ လက်တွေ့က ဒီလောက်မလွယ်ပါဘူး။

ဥပမာ ဆန်တွေ ပြည်ပကို မရောင်းရရင် ကုန်သည်တွေ အထိနာမယ်။ ကုန်သည်တွေက မဝယ်ရင် ဈေးထိုးကျပြီး စပါးစိုက်တဲ့ တောင်သူတွေ နစ်နာမယ် (အခုတောင် ဈေးကောင်းမရလို့ ငြီးတွားနေကြတယ်)။ မရောင်းရတာတွေကို ပြည်တွင်းမှာ စားတဲ့အခါ ဆန်ဈေးတွေ ထပ်ပြုတ်ကျမယ်။

အခြေခံလူတန်းစား ဆန်ဈေးပေါပေါ စားလို့ရတာပေါ့ ဆိုပေမဲ့ တစ်ဖက်ကကြည့်ရင် အဲဒီ အခြေခံလူတန်းစား တောင်သူတွေပဲ ဝင်ငွေ နည်းသည်ထက် နည်းသွားမှာ ဖြစ်လို့ သုံးစွဲနိုင်စွမ်း လျော့ကျသွားမှာ ဖြစ်တယ်။

နောက်ဆုံးတစ်ချက်က လုပ်ငန်းစတင်ချိန်မှာ တစ်ဒေါ်လာ သယ်လာတိုင်း ၁၅၀၀ ကျပ် ရနိုင်မယ့် လက်ရှိဒေါ်လာဈေးဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ နှုန်းထားလည်း ဖြစ်နေပါသေးတယ်။
.
.
.
အပေါ်မှာ ပြောလာတာတွေက ပို့ကုန်သမား အကြိုက်တွေပါကွာ။

အမှန်က ဒေါ်လာဈေးတက်ရင် ပို့ကုန်သမားတွေ သာပြီး ဒေါ်လာဈေးကျရင် သွင်းကုန်သမားတွေ သာတယ် ဆိုတဲ့ အကောင်းအဆိုး ဒွန်တွဲနေတဲ့ အခြေအနေလည်း ရှိသေးတယ်လေ။

တကယ်တမ်းမှာ ဒီတိုင်းပြည်ဟာ ထုတ်ကုန်ကောင်းကောင်း မရှိလို့ ပို့ကုန်နည်းပြီး သွင်းကုန်များတဲ့ တိုင်းပြည်ဆိုတော့...

ပမာဏနည်းတဲ့ ပို့ကုန်ဘက်ကို အသာရစေမယ့် ဒေါ်လာဈေး မြင့်နေတာထက်

ပမာဏများတဲ့ သွင်းကုန်ဘက်က သာမယ့် ဒေါ်လာဈေး နိမ့်နေမှ သွင်းကုန်လုပ်ငန်းရှင်တွေလည်း အလုပ်ဖြစ်၊ ပြည်သူတွေလည်း ကုန်ဈေးနှုန်း သက်သက်သာသာနဲ့ သုံးနိုင်လို့ အကောင်းဘက်က ပိုများတယ် မဟုတ်လားလို့ ပြောစရာ ရှိပါတယ်။

ရေတို စဉ်းစားရင်တော့ မှန်ပါတယ်။

ဒါပေမဲ့ တိုင်းပြည်က ထုတ်ကုန်လုပ်ငန်း ကျဆင်းနေပြီး သွင်းကုန်ပိုင်းက များနေတယ်ဆိုရင် ကုန်သွယ်ရေး လိုငွေပြမှုကို ဖြစ်စေတယ်။

အဲဒီအတိုင်း လိုငွေပြမှုတွေ ဆက်တိုက်ဖြစ်လာရင် ရေရှည်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာမယ့်အပြင် အန္တရာယ်ကြီးတဲ့ အကြွေးနွံထဲကို နစ်ပြီး တိုင်းပြည်လိုက် စီးပွါးရေးပျက်တဲ့ အခြေအနေကို ရောက်ရပါလိမ့်မယ်။

ဒီချုပ်အစိုးရ လက်ထက်မှာ စီးပွါးကျတယ်လို့ စွပ်စွဲနေကြပေမဲ့...

တကယ်တမ်းက အရင်အစိုးရ အဆက်ဆက်ရဲ့ မှားယွင်းတဲ့ မူဝါဒတွေ နည်းလမ်းတွေနဲ့ ကိုယ်ကျိုးစီးပွါး ဗဟိုပြု လည်ပတ်ခဲ့လို့ ကိုယ်ခံအားကျနေတဲ့ အေအိုင်ဒီအက်စ် စီးပွါးရေး ဆိုးမွေတွေ အပေါ်မှာ...

ပြည်ပက ကမ္ဘာ့အရေးအခင်းတွေရဲ့ ရိုက်ခတ်မှု၊ ပြည်တွင်းက လူမျိုးရေး ဘာသာရေး မီးလောင်အောင် မှိုင်းတိုက်မှု ခြေထိုးခံ လက်ထောက်ချမှု ဆိုတဲ့ ပြင်ပရောဂါတွေပါ ထပ်ဝင်လာလို့ အသက်ငင်နေတဲ့ စီးပွါးရေး ဖြစ်သွားရခြင်းမှာ ဒီချုပ်အစိုးရရဲ့ ပယောဂ ဘာတစ်ခုမှ မပါခဲ့ပါဘူး။

မုဒိမ်းကောင်က အကြိမ်ကြိမ် အဓမ္မကျင့်ပြီး ဗိုက်ကြီးလာမှ ပစ်ထားခဲ့တဲ့ မိန်းကလေးကို သနားလို့ လှည်ကျိုး ဝင်ထမ်းပေးရာမှာ...

ဗိုက်ကြီးသည်က ကိုယ့်လက်ထဲကျမှ HIV ပိုး ကူးစက်နေတဲ့အပြင် ခြေတိုလက်တိုနဲ့ သွက်ချာပါဒပါ လိုက်နေတဲ့ ကလေးလေး မွေးချလိုက်တဲ့ ဖြစ်စဉ်အတွက် လှည်းကျိုးဝင်ထမ်းပြီး အရှက်ကို ကာကွယ်ပေးခဲ့တဲ့ သူတော်ကောင်းကို အပြစ်ပုံချလို့ မရပါဘူး။

သူတော်ကောင်းက လှည်းကျိုးဝင်မထမ်းဘဲ မုဒိမ်းကောင်နဲ့ ဆက်နေနေရင်လည်း ဒီပုံပျက်ပန်းပျက်နဲ့ သေတော့မယ့် ကလေးက မွေးလာမှာပဲ ဖြစ်တယ်။ ပိုဆိုးတာက မုဒိမ်းကောင် လက်ထဲမှာဆိုရင် အမေရော ကလေးရော အသေစောမှာ အသေအချာပါပဲ။

အခုလည်း ဒီချုပ်အစိုးရဟာ သူလက်ခံထားရတဲ့ အေအိုင်ဒီအက်စ် ရောဂါသည် ဗိုက်ကြီးသည်က မွေးလာတဲ့ ဒုက္ခိတ မသန်မစွမ်း HIV ကူးစက် ကလေးငယ်ကို ဖြစ်နိုင်သမျှ နည်းပေါင်းစုံနဲ့ အသက်ရှင်အောင် ကယ်တင်နေရတာသာ ဖြစ်တယ်။

ဦးသိန်းစိန်အစိုးရ ထားသွားခဲ့တဲ့ စီးပွါးရေး အခြေအနေအတိုင်း ဦးသိန်းစိန်အစိုးရကိုပဲ ဆက်အုပ်ချုပ်စေရင်လည်း အထက်က ဖော်ပြခဲ့တဲ့ ပြည်တွင်းပြည်ပ အခြေအနေတွေ ရိုက်ခတ်လာရင် အခုထက်တောင် အကြောင်းဆိုးတဲ့ ကလေးလေး မွေးလာလိမ့်မယ်လို့ သေချာပေါက် ပြောနိုင်ပါတယ်။

ဘာလို့လဲဆိုရင် စစ်တစ်ပိုင်း အစိုးရပီပီ လူပြိန်းကြိုက် လိုက်လုပ်ပြီး အခုလို အခြေအနေတူမှာ ဒေါ်လာဈေးကို ဆွဲချပေးလိုက်လို့ မြန်မာငွေ မာလာရင်...

ကုန်ဈေးနှုန်း ယာယီကျတာကို သာယာပြီး ပြည်တွင်းက လူတွေက ဒေါ်လာ စီးထွက်စေတဲ့ နိုင်ငံခြား ပစ္စည်းသုံးစွဲမှုကို မလျှော့တဲ့အပြင် ပိုသုံးလာကြပြီး

တစ်ဖက်မှာ ဒေါ်လာဈေး နိမ့်လို့ ပို့ကုန်သမားတွေရော၊ ပြည်တွင်းက ၇၀ ရာခိုင်နှုန်းသော စိုက်ပျိုးမွေးမြူရေးသမား နင်းပြားတွေပါ အထိနာပြီး ကုန်ဈေးနှုန်းတက်တာထက် ပိုဆိုးတဲ့ ဒုက္ခတွေကို ခံစားရမှာ ဖြစ်တဲ့အပြင်

ဝင်ငွေ ထွက်ငွေ မမျှဖြစ်လို့ ကုန်သွယ်ရေးလိုငွေတွေ များသထက် များလာပြီး တစ်ချိန်မှာ တိုင်းပြည်လိုက် ဒေဝါလီခံရတဲ့ အခြေအနေကို ရောက်ရမှာပါ။

ဒါကြောင့် အခုလက်ရှိ အစိုးရသစ်လက်ထက် ဗဟိုဘဏ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေဟာ သွင်းကုန်သမားနဲ့ ပို့ကုန်သမား ဘယ်သူကို သာစေ ဘယ်သူကို နာစေ သဘော မဟုတ်သလို ပြည်သူကို မျက်နှာမမူတာ ပြည်သူကို မစာနာတာလည်း မဟုတ်ဘဲ...

ဗဟိုဘဏ်ရဲ့ အရန်ငွေကြေး ပမာဏ တိုးမြှင့်ဖို့၊ ငွေလဲလှယ်နှုန်း တည်ငြိမ်အောင် ထိန်းဖို့၊ ပို့ကုန် သွင်းကုန် မညီမျှမှုတွေကို ထိန်းညှိ ပြုပြင်ပြီး ကုန်သွယ်ရေး လိုငွေနည်းအောင် လုပ်ဖို့၊ တိုင်းပြည်ကို အကြွေးနွံထဲက ဆွဲထုတ်ဖို့နဲ့ ပြည်သူအားလုံးနဲ့ ဆိုင်တဲ့ တိုင်းပြည် စီးပွါးရေးတစ်ခုလုံးကို ကယ်တင် မြှင့်တင်နိုင်ဖို့သာ ဖြစ်တယ်လို့ ယူဆမိပါတယ်။

မိုးလေဝသနဲ့ စီးပွါးရေး ခန့်မှန်းချက်တွေဟာ မရေရာလှတာမို့...

ကြိုးစားမှုတွေ ဘယ်အတိုင်းအတာအထိ အောင်မြင် အရာရောက်မလဲ ဆိုတာကတော့ ဗဟိုဘဏ်ရဲ့ စွက်ဖက်မှု ဘယ်လောက် ထိရောက်လဲ၊ အစိုးရရဲ့ Macroeconomic မူဝါဒတွေ ဘယ်လောက် ခိုင်မာလဲ၊ ပြည်တွင်းနိုင်ငံရေး အခြေအနေ ဘယ်လောက် တည်ငြိမ်လဲ၊ တိုင်းပြည်တည်ဆောက်ရေးမှာ ပြည်သူတွေ ဘယ်လောက် ပူးပေါင်းပါဝင်လဲ ဆိုတာတွေ အပေါ်မှာ မူတည်နေကြောင်းပါ။

ကိုဆွေယု

No comments:

Post a Comment