Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 6, 2018

မဟာညောင်ပင်(Great Banyan)

ပုံကို ကြည့်ပြီး ဒါဘယ်လိုလို့သစ်ပင်တစ်ပင်တည်းဟုတ်မှာလဲ တောအုပ်ကြီးပါ လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ ဒါဟာ အပင်တစ်ပင်တည်းဖြစ်ပါတယ်။ မဟာညောင်ပင်(Great Banyan) လို့ခေါ်ပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့အနီးက Howrah မြို့ ရုက္ခဗေဒဥယျာဉ်(Chandra Bose) ထဲမှာရှိတဲ့ အပင်တစ်ပင်သာ ဖြစ်ပါတယ်။ ကမ္ဘာ့အကျယ်ပြန့်ဆုံးအပင်ဖြစ်ပြီး ဧရိယာအားဖြင့် ၁၄၄၉၃ စတုရန်းမီတာတောင် ရှိပါတယ်။

ဒီညောင်ပင်ကို ဘယ်နှစ်ခုနှစ်က ဘယ်သူစိုက်ခဲ့သလဲဆိုတာကိုတော့ မှတ်တမ်းမရှိတဲ့အတွက် ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် ရုက္ခဗေဒ ပညာရှင်တွေရဲ့ ခန့်မှန်းမှုအရ ဒီအပင်ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၂၅၀ ၀န်းကျင် သက်တမ်းရှိပြီလို့ သိရပါတယ်။ ၁၉ရာစုက ခရီးသွား စာပေ မှတ်တမ်းတွေထဲမှာလည်း ဒီအပင်ရဲ့ရှိကြောင်းကို တွေ့ရတယ်လို့ ဆိုပါတယ်။


ဒီလိုနှစ်ရာချီဖြတ်သန်းခဲ့ရတဲ့ ညောင်ပင်ကြီးဟာ ဆိုင်ကလုန်းမုန်တိုင်းကြီးနှစ်ခုရဲ့ ဒါဏ်ကို အပြင်းအထန် ခံခဲ့ရပါသေးတယ်။ ၁၈၆၄ခုနှစ် နဲ့ ၁၈၆၇ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေဖြစ်ပြီး ဒီမုန်တိုင်းဒါဏ်အပြင် အပင်အတွက်အန္တရာယ်ရှိတဲ့ မှိုတွေပေါက်ရောက်လာမှုကြောင့် အပင်ကြီးဟာ သေလုနီးပါးဖြစ်ခဲ့ရပါတယ်။ ပညာရှင်တွေ ထိမ်းသိမ်းခဲ့ကြပေမယ့် ၁၉၂၅ခုနှစ်ရောက်တဲ့အခါမှာတော့ ပင်မ ပင်စည်ကြီးကို ဖယ်ထုတ်ပစ်ရတဲ့ အခြေအနေအထိ ရောက်သွားခဲ့ပါတယ်။

ဒီလိုအပြင်းထန်ဆုံးအခြေအနေရောက်ခဲ့ပေမယ့် အပင်ကြီးဟာ သေဆုံးသွားခြင်းမရှိပဲ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပင်ကြီးက ထွက်လာတဲ့ ထောင်ပေါင်းများစွာသော အကိုင်းအခက်တွေကြီးထွားလာပြီးတဲ့နောက် ရေသောက်မြစ်အဖြစ် မြေကြီးထဲကိုဝင်ရောက်သွားခဲ့ပြီး အပင်ကြီးကို ဆက်လက်ရှင်သန်စေခဲ့လို့ဖြစ်ပါတယ်။ ဒီမြေကြီးထဲကို ၀င်ရောက်ကာ ရှည်လျားဆန့်ထွက်လာတဲ့ အကိုင်းအခက်တွေဟာ အမြစ်သဖွယ်ဖြစ်သွားတာကြောင့် အပင်ကြီးဟာ တောအုပ်သဖွယ်ဖြစ်လာခဲ့တာပါ။

“ကျွန်တော်တို့ လေ့လာမိသလောက် နှစ်ပေါင်း ၃၀ အတွင်းမှာ ဒီညောင်ပင်ကြီးဟာ နှစ်ဧကလောက် ပိုကျယ်လာတယ်ဗျ ၊ ဘာကိုကြည့်ပြီး ပြောလာတာလဲဆိုရင် ၁၉၈၅ မှာတိုင်းခဲ့တဲ့ နယ်နိမိတ်နဲ့ ၂၀၁၅မှာ တိုင်းခဲ့တဲ့ အပင်ကြီးရဲ့ နယ်နိမိတ်ကွာခြားချက်ကို ကြည့်ပြီးပြောတာပါ” လို့ ရုက္ခဗေဒ ဥယျာဉ်ရဲ့ဒါရိုက်တာ Arabinda Pramanick က ဆိုပါတယ်။ “ဒီထက်ပိုကြီးထွားလာရင်လည်း အဆင်ပြေအောင် ကျွန်တော်တို့ သူ့(ညောင်ပင်ကြီး) အတွက် နေရာလွတ်တွေ ချန်ထားပါတယ်” လို့ ဒါရိုက်တာက ဆက်ပြောပါတယ်။

“ထွက်လာတဲ့ အကိုင်းအခက်တွေကို ကွေးကောက်မသွားစေဖို့ ၀ါးတွေသုံးပြီး လမ်းကြောင်းတည့်ပေးပါတယ်။ ဒါမှလည်း ကောင်းကောင်းမွန်မွန်ကြီးထွားလာမှာလေ ၊ လမ်းကြောင်းတည့်တည့်ပြီး ကောင်းကောင်းမွန်မွန်ကြီးထွားနိုင်ပြီဆိုရင်တော့ ၀ါးတွေကို ဖယ်ရှားလိုက်တာပေါ့” လို့ ရုက္ခ Survey ပညာရှင် M.U. Shariefကရှင်းပြပါတယ်။

ဒီညောင်ပင်ကြီး ထိမ်းသိမ်းဖို့အတွက် အဖွဲ့သက်သက်ရှိပါတယ်။ အဖွဲ့ဝင်ပေါင်း ၁၃ယောက်ပါဝင်တဲ့ ဒီအဖွဲ့ဟာ ညောင်ပင်ကြီးရဲ့ ကျန်းမာရေးကို ထိမ်းသိမ်းရတဲ့အပြင် အကိုင်း အခက် အမြစ်တွေ လမ်းကြောင်းမှန်မှန် ကြီးထွားစေဖို့ လည်း ကူညီဖန်တီးပေးရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ ညောင်ပင်ဟာ အလွန်အရေးပါတဲ့ အပင်ဖြစ်ပါတယ်။ ဟိန္ဒူဘာသာ နဲ့ဆက်စပ်မှုရှိသလို ဗုဒ္ဓဘာသာနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ ညောင်ပင်အောက်ထိုင်၍ အလုံးစုံသောသိမြင်သော ( သဗ္ဗညုတ ) ဥာဏ်တော်ကို ရတော်မူတာကြောင့် ` ဗောဓိ` ဟု ခေါ်တွင်ပါတယ်။ ဗုဒ္ဓအမှီပြုခဲ့တဲ့ ညောင်ပင် ကို “ဗောဓိညောင်ပင်” လို့ခေါ်ခြင်းဖြစ်ပါတယ်။

ကလကတ္တားမြို့နဲ့ မနီးမဝေးမှာရှိတဲ့ ဒီညောင်ပင်ကြီးရှိရာ ရုက္ခဗေဒဥယျာဉ်ကို ကား ၊ ဘတ်စ်ကားတွေနဲ့ အလွယ်တကူသွားနိုင်ပါတယ်။ သွားလို့အကောင်းဆုံးအချိန်ကတော့ စက်တင်ဘာလ နဲ့ မတ်လကြားကာလ ဖြစ်ပြီး အဲဒီအချိန်က အပူချိန်လျော့တဲ့ကာလဖြစ်တဲ့အပြင် အခက်အရွက်တွေနဲ့ ဝေဆာနေတဲ့ညောင်ပင်ကြီးကို တောအုပ်သဖွယ်တွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ရောက်ခဲ့ရင် သင်အပင်လို့ထင်တဲ့အရာတွေဟာ ပင်စည်မဟုတ်ပဲ မြေကြီးထဲကိုဝင်သွားတဲ့ အကိုင်းအခက်တွေဆိုတာ အံသြဖွယ်တွေ့ရမှာဖြစ်ပါတယ်။

သုတဇုန်

No comments:

Post a Comment