Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2018

ခေါင်းဆောင်မှန်ရင် ဒီ (၄) မျိုးထဲက တစ်မျိုးပဲဖြစ်ရမယ်


"Leaders fall into one of the four categories, Fakers, Breakers, Takers and Makers" by John C. Maxwell

ခေါင်းဆောင်မှန်ရင် ဒီ (၄) မျိုးထဲက တစ်မျိုးပဲဖြစ်ရမယ်လို့ ဂျွန်ကယ်ဗင်မက်စ်ဝဲလ် - John C. Maxwell က ပြောတော့ မိမိဟာဘယ်လိုခေါင်းဆောင်လဲလို့ ဆန်းစစ်ကြည့်မိတယ်။

ဟန်ဆောင်သမားခေါင်းဆောင် - Fakers
____________________
ဟန်ဆောင်ခေါင်းဆောင် နဲ့ တကယ့်ခေါင်းဆောင်နဲ့ အမြင်မှာဘာမှကွဲပြားတဲ့ပုံစံမရှိဘူး။ ဘာလို့လည်းဆိုတော့ သူက မိတ်ဆွေအနားမှာအမြဲရှိနေတတ်လို့ မိတ်ဆွေကောင်းလို့ယူဆနေရသူဖြစ်နေတတ်လို့ပါ။

အသင်းအဖွဲ့ထဲမှာ ခွဲတမ်းရစရာရှိရင် အဲဒီခေါင်းဆောင်ရောက်လာတယ်။ တာဝန်ခံစရာ၊ ဖြေရှင်းစရာ၊ လိုအပ်ချက်ရှိလို့ ဖြည့်တင်းစရာ နဲ့ အနာခံရမယ့်ကိစ္စတွေဆိုရင် ဟန်ဆောင်ခေါင်းဆောင်က ပေါ်မလာတတ်ကြဘူး။

တကယ်လို့ထင်ရသမျှ အမှန်တကယ်မှာ အကောင်အထည်မပေါ်လာတာ ဟန်ဆောင်ခေါင်းဆောင်ကြောင့်ပါ။ လိမ်ညာမှုလို့မထင်ရတဲ့ ဖျားယောင်းမှုမျိုး၊ စကားမတည်တဲ့ဦးဆောင်မှုမျိုး၊ မကြာခဏကတိပျက်မှုတွေကိုအများဆုံးတွေ့ရမယ့်နေရာကတော့ ဟန်ဆောင်သမားခေါင်းဆောင်ရဲ့ ဦးဆောင်မှုမပြည့်တဲ့ ဦးနှောက်သေးသေးလေးထဲမှာဖြစ်ပါတယ်။

ဖျက်ဆီးသမားခေါင်းဆောင် - Breakers
____________________
သူ့လက်နဲ့ဘာထိလိုက်ထိလိုက် ပျက်တာပဲ . . ဒီလိုခေါင်းဆောင်မျိုး။ ဖျက်ဆီးတယ်ဆိုတာ ပန်းအိုးလေးကျကွဲတာမျိုး၊ ခဲလုံးနဲ့ပစ်ပေါက်လိုက်တာမျိုးကိုမှ ဖျက်ဆီးတယ်လို့ခေါ်တာမဟုတ်ဘူး။ အိမ်ထောင်ရေးလက်တွဲမခိုင်သူ၊ စီးပွားရေးအပေးအယူတစ်ခုကိုအမြဲငြင်းပယ်ပစ်သူ၊ အကြံဥာဏ်တစ်ခုကိုအကောင်အထည်မဖော်နိုင်သူအပြင် စကားဝိုင်းတစ်ခုကို မထိန်းနိုင်သူခေါင်းဆောင်မျိုးကို ဖျက်ဆီးသမားခေါင်းဆောင်လို့ ပြောရမှာပါ။

မိမိရဲ့အကြံဥာဏ် နဲ့ စီးပွားရေးပရောဂျက်တွေကို ဖျက်ဆီးသမားခေါင်းဆောင်နဲ့သွားတိုင်ပင်လို့ ဘာမှဖြစ်မလာနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီအုပ်စုခေါင်းဆောင်မျိုးက ဘယ်လိုပဲလုပ်နေနေ အပျက်အစီးတွေထားခဲ့မှကျေနပ်သူဖြစ်တာကြောင့် အတော်လေးသတိထားရမယ့်ခေါင်းဆောင်မျိုးဖြစ်ပါတယ်။

ဖျက်ဆီးသမားခေါင်းဆောင်ဟာ အမြဲလိုလို တွေဝေနေတတ်တယ်။ ဘယ်ဆုံးဖြတ်ချက်ကိုချလိုက်လို့ ဘယ်လိုအကျိုးအမြတ်ရမလဲဆိုတာထက် ဘယ်စည်းဝိုင်းပေါ်တက်ပြီးပွဲကြမ်းရမ်းကားလိုက်ရမလဲလို့ အမြဲစဉ်းစားတတ်တဲ့လူမျိုး။

ဒီခေါင်းဆောင်မျိုးက လူတစ်ယောက်၊ မိသားစုတစ်စု၊ မျိုးဆက်တစ်ဆက်က အနှစ် (၂ဝ) လောက်ထူထောင်ထားရတဲ့ ကုမ္ပဏီမျိုးကို မိနစ် (၂ဝ) အတွင်း မငဲ့မကွက်ဖျက်ဆီးသွားတတ်တာကြောင့် အလုပ်တောင်းထွက်ရမယ့်ခေါင်းဆောင်မျိုးဖြစ်ပါတယ်။

အယူသမားခေါင်းဆောင် - Takers
____________________
အပေးထက် အယူများတဲ့ခေါင်းဆောင်ကို အယူသမားခေါင်းဆောင်လို့ခေါ်ကြည့်ရအောင် . .။ လူမှုဆက်ဆံရေးမှာ သူ့သြဇာလွှမ်းမိုးရေးကိုသာ အာရုံထားပြီး အောက်ခြေမှာဘာဖြစ်နေတယ်ဆိုတာကို မသိတတ်တဲ့ခေါင်းဆောင်မျိုးက အယူသမားခေါင်းဆောင်ပါ။

ဘဝပေးကိုက ငါခေါင်းဆောင်ဖြစ်ရင် အရင်မရဖူး မမြင်ဖူးတဲ့ပစ္စည်းဥစ္စာတွေ၊ ရာထူးကြီးမှရနိုင်မယ့်အခွင့်အရေးတွေ နဲ့ လုပ်ပိုင်ခွင့်ရှိမှ လူအများကမြှောက်ပင့်စားတဲ့လာဘ်လာဘတွေကို မက်မောရင်း ဝဖီးတုတ်ခိုင်လာတဲ့ခေါင်းဆောင်မျိုးကိုခေါ်တာပါ။

မီးဖိုချောင်ထဲမှာဟင်းချက်ဖို့ခေါ်ရင်ရောက်မလာပဲ အလှူကျွေးချိန်ကျမှ အကြောင်းအမျိုးမျိုးပြပြီးရောက်လာတတ်တဲ့ အယူသမားခေါင်းဆောင်တွေကြောင့် လူမှုအသိုင်းအဝိုင်းရဲ့တိုးတက်မှုဟာ ရှေ့ကိုမရောက်နိုင်တာ မိတ်ဆွေတို့ရဲ့မျက်စိရှေ့မှာတင် တွေ့ဖူးကြပါလိမ့်မယ်။

အလုပ်သမားခေါင်းဆောင် - Makers
____________________
ဘဝမှာ အလုပ်လုပ်သမားခေါင်းဆောင် (၂) ယောက်လောက်ရှိနေရင်ကို မိတ်ဆွေတို့လုပ်သမျှလုပ်ငန်းအားလုံးအောင်မြင်ပါပြီ။ အရည်အချင်းရှိတဲ့အလုပ်သမားခေါင်းဆောင်ရှိနေရင် ဘယ်အရာကိုမှ ရေတွက်နေဖို့မလိုတော့ပါဘူး။

ဆိုလိုတာက သက်ရောက်မှုတိုင်းမှာ တိုင်းထွာစရာစံချိန်စံညွှန်းတို့မလိုလောက်အောင် လုပ်သွားနိုင်တဲ့အရည်အချင်းဟာ အလုပ်သမားခေါင်းဆောင်တွေမှာတွေ့ရတတ်လို့ပါ။ လူတွေဟာ မိမိအပေါ်ကောင်းခဲ့သူတွေကိုမှတ်မိတတ်သလို လက်အောက်ငယ်သားတွေဟာ အလုပ်သမားခေါင်းဆောင်ကောင်းတွေကို သတိရနေတတ်ပါတယ်။

မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲရှိတယ်ဆိုပြီးလုပ်တတ်တာဟာ အလုပ်သမားခေါင်းဆောင်ပါ။ အပြောနဲ့လည်းလုပ်တယ်၊ အဟောနဲ့လည်းလုပ်တယ်၊ သက်သေပြသမျှ လက်တွေ့ကျလို့ အလုပ်သမားခေါင်းဆောင်ကို လူတိုင်းကြိုက်ကြပါတယ်။

ဒါပေမဲ့ အလုပ်သမားခေါင်းဆောင်တွေဟာ အထီးကျန်တယ်။ လူတွေရဲ့ကျေးဇူးတင်သံတွေကြားမှာ ဥစ္စာဓနကင်းမဲ့စွာ ဘဝကိုအချိန်ကုန်သွားရတတ်တယ်။ သို့ပေမယ့် ဒီလိုခေါင်းဆောင်မျိုးကြောင့် မိသားစုကြီးပွားတယ်။ ကုမ္ပဏီကြီးထွားတယ်။ နိုင်ငံတစ်ခုလုံး ပီတိစားပြီး ရိုးသားသွားပါတယ်။

မိတ်ဆွေတို့ကိုယ်တိုင်ရော ဘယ်လိုခေါင်းဆောင်အမျိုးအစားထဲမှာပါပါသလဲ?

ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-14-2018

ပုံ - ကိုယ်တိုင်ဘာ

No comments:

Post a Comment