Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

မြန်မာပြည်ရဲ့ ကမ္ဘာ ကျော်မယ့် ရေပြာရေတံခွန် (သို့) တညအိပ်ခရီးသွားချင်သူများ အတွက် နေပြည်တော်အလွန်က နန့်မွန်ကြီး


Blue Lagoon တွေအထပ်ထပ်နဲ့ ရေတံခွန်ကြီးက ကိုယ်တွေမြန်မာပြည်မှာရှိနေတယ်ဆိုတာ ကိုယ်အခုမှ သိရတာ ကိုယ့်ကိုကိုယ်တော်တော်လေးအသဲယားမိတယ်.. ပြီးတော့ ရန်ကုန်ကနေ သွားရတာလဲသိပ်မဝေး ပိုက်ဆံလဲ သိပ်မကုန်ပဲ..ကိုယ့်မယ် အိမ်နီးချင်းနိုင်ငံတွေက Blue Lagoon တွေကို လျှောက်သွားနေမိခဲ့တာရင်နာမိတယ်. အရှေ့တောင်အာရှက အလှဆုံးလိုပြောကြတဲ့ရေတံခွန်တွေကို တော်တော်များများရောက်ဖူးတယ်.. ထိုင်းက Erawan ရေတံခွန်တို့.. အရှေ့တောင်အာရှမှာ နံပါတ် 1 လို့ပြောကြတဲ့ လာအိုက Kuang Si ရေတံခွန်တို့ ..အရင်လ ကမှ ရောက်ခဲ့တဲ့ ဖိလစ်ပိုင်က နာမည်ကြီး Kawasan ရေတံခွန် တို့.. အကုန်လုံးကရေပြာရေတံခွန်တွေဆို တော့တခြားတွေ့ဖူးနေကြရေတံခွန်တွေလိုမဟုတ်ပဲ ရေတွေမြင်တာနဲ့ ပြေးကိုဆင်းလိုက်ချင်တာမျိုးဖြစ်နေတာပေါ့.. ဒါကြောင့်လဲ အာရှမှာသူတို့က နာမည်ကျော်ပြီး နိုင်ငံခြားသားတွေတဖွဲဖွဲ နဲ့ဖြစ်နေတာပေါ့… အခု .လာပြီလေ.. ကိုယ်တွေ ရဲ့ ရေပြာရေတံခွန်.. သူတို့ထက် အသေအချာကို သာတယ်ဆိုတာ ကိုယ်ရဲရဲကြီးပြောရဲတယ.်

ဘာကြောင့်သာတာလဲ..

💦နေပြည်တော်လို့ခေါ်တဲ့ သွားလာရလွယ်ကူတဲ့ မြို့ကနေ သုံးနာရီပဲမောင်းရတယ်..
💦ပေါင်းလောင်းမြို့သစ်ကိုသွားတဲ့လမ်းက အကွေ့ပေါင်း ၁၅ ကွေ့ကိုဖြတ်ရပြီး သိပ်လှတဲ့ရူခင်းတွေ

💦အဲ့ရေတံခွန်ရောက်ဖို့ ဖြတ်ပြီးလှေစီးရတဲ့ရေပြင်ကြီးက စိတ်ဝင်စားစရာကြီး.. ရွာပေါင်း ၂၀ ကျော်ရေအောက်ထဲမြုပ်နေပြီး သစ်ပင်ခြောက်တွေ ထိုးထိုးထောင်ထောင် နဲ့ ပန်ချီကားလိုပဲ.

💦တေံခွန်က နေပျောက်မထိုးတဲ့တောအုပ်ကြီးထဲမှာ.. နွယ်ပင်တွေအထပ်ထပ်နဲ့..ငှက်သံတွေကြားထဲ

💦Blue Lagoon တွေက အထပ်ထပ်နဲ့ ကိုယ်ရောက်ခဲ့တာတောင် Blue Lagoon အထပ် ၂၀ လောက်ရှိတယ်

💦နွေရာသီတောင်ရေတွေ တ၀ုန်းဝုန်းနဲ့.. Private Pool တွေလို အကန့်တွေနဲ့ရေတွေက ပြာလဲ့နေတာ..

ဒေသခံတွေအပြောအရ အထပ် ၂၀၀ ကျော်ရှိတယ်လို့ထင်ရတဲ့ ဒီရေတံခွန်ဟာ တောတွင်းလမ်းလျှောက်ပြီး အထပ်အထိတက်ချင်တဲ့သူတွေအတွက် သိပ်ကို အဆင်ပြေတယ်..

ရန်ကုန်မှာ ပူနေလို့ ရေတံခွန် တစ်ခုခုသွားချင်နေတဲ့ ကိုယ့်ကို ကိုယ်ရဲ့ Travel blogger သူငယ်ချင်း Thiha, the Traveller က နန့်မွန်ကြီးရေတံခွန်ကို သွားပါလားတဲ့ နင်ကြိုက်တဲ့ရေပြာတွေနဲ့ေ၇တံခွန်မျိုးတဲ့.. ကိုယ်လို တချိန်လုံးခရီးသွားနေတဲ့ သူကတော်ရုံ လူအရမ်းများတဲ့ရေတံခွန် ပိစိကွေးတွေကို သွားဖို့စိတ်မပါတဲ့သူကို သူက နင်သေချာပေါက်ကြိုက်မှာသွားကြည့်ကြည့်ဆိုပြီးတွန်းအားပေးပြီး သူရေထားခဲ့တဲ့ ဒီရေတံခွန် အကြောင်းပေးဖတ်တယ်.. ကိုယ်လဲ နေပြည်တော်နားမှာတင်ဆိုတော့ သွားကြည့်လိုက်ပါမယ်ဆိုပြီးထွက်လာခဲ့တာ..



ရန်ကုန်ကနေ .. နေပြည်တော်….ပေါင်းလောင်းမြို့သစ် .🚖🚖

ရန်ကုန်ကနေ နေပြည်တော် နေပြည်တော်ကနေ ပေါင်းလောင်းဆိုတော့ ဟိုဘက်ရောက်ရင် အကွေ့အကောက်တွေ ရှိနိုင်တာမို့ ကားပဲစီးလုံး ငှားသွားလိုက်ကြတယ်.. ကိုယ့်သူငယ်ချင်း ကိုကြီးကျယ်တစ်ယောက်ပါလို့ Alphard ကားကို တစ်ညအိပ်ငှားသွားကြတာ ..ငါးယောက်စီးလို့ရတဲ့ ကားကို 3 သိန်းခွဲပေးရတယ်ယ်.. ပုံမှန်ကားဆိုရင်တော့ 3 သိန်းလောက်နဲ့ရပါတယ်. ( ကိုငယ်လေး 095402733 ) ငှားချင်ရင်တော့ သူ့ဆီမယ် ကားတွေအစုံရှိတယ်.. ရန်ကုန်ကနေ မနက် 5 နာရီထွက် ပြီး နေပြည်တော်ကို မနက် 11 နာ၇ီရောက်တယ်.. နေပြည်တော်မှာထမင်းဝင်စားပြီး ရန်ကုန် မန်းလေး လမ်းဟောင်းဘက်ကို မောင်း..ပြီးရင် မန်းလေးလမ်းအတိုင်း အထက်ကို ဆန်ပြီး ပင်လောင်းဘက်သွားတဲ့လမ်းအတိုင်း ဆက်မောင်းရတာ 3 နာရီလောက်ကြတော့ ပေါင်းလောင်းမြို့သစ်ကိုရောက်ရော.. ရန်ကုန်ကနေ နေပြည်တော်..နေပြည်တော်ကနေ ရန်ကုန်မန်းလေး လမ်းဟောင်းအထိကတော့ လမ်းကဖြူးပြီး ဖြောင့်နေတော့ အေးဆေးပဲ.. ရန်ကုန်-မန်းလေး လမ်းဟောင်းကနေ ပင်လောင်းဘက်ကို တက်တဲ့လမ်းကစပြီးတော့ မှ တောင်တွေမို့ အကွေ့အကောက်တွေ များတယ်.. လမ်းကကျဉ်းပေမယ့် လမ်းတော်တော်ကောင်းပြီး ကားအသွားအလာ နည်းတော့ တော်သေးတယ.်.. ကိုယ့်ကားနဲ့ကိုယ်လာရင်တော့ ဒီလမ်းကိုသတိထားရမယ်.. 15 ကွေ့လောက်သွားပြီးမှ ပေါင်းလောင်းကိုရောက်လို့.. မူးတတ်တဲ့သူဆိုရင်တော့ အချိုလေးတွေဆောင်ထားပါ.. ဒါပေမယ့် တစ်နာရီ ကျော်လောက်ပဲ အတက်အဆင်းလမ်းဆိုတော့ သိပ်တော့ မကြာလိုက်သလိုပါပဲ.. ရူခင်းတွေလဲလှတော့ ဟိုကြည့်ဒီကြည့်နဲ့ပေါ့..

ပေါင်းလောင်းမြို့သစ် မှ နန့်မွန်ကြီးသို့ 🛶🛶
ကိုယ်တွေဆိုတာ ဘယ်သွားသွား GPS ဖွင့်ထားတဲ့သူတွေ.. ဟိုးရှေ့က ပေါင်းလောင်းမြို့သစ်ရောက်တော့မယ်လို့ ကားဆရာပြောတော့ လှမ်းကြည့်လိုက်တာ ရေအိုင်အကြီးကြီးလို ဆည်ကြီးလိုလိုတွေ့တယ်.. အဲဒါနဲ့ ကိုယ့် GPS ကို ကိုယ်ပြန်ကြည့်တော့ အဲ့ဒီရေအိုင်ကြီး၇ှိမနေဘူးး ..လယ်ကွက်လိုလ်ု မြေနိမ့်ချိုင့်ဝှမ်းကြီးပဲပေါ်နေတာ..ပေါင်းလောင်းရောက်တော့ ကိုသီဟ ပြောလိုက်တဲ့ နမ့်မွန် စတိုးနဲ့ နမ့်မွန် စားသောက်ဆိုင်ကိုရှာရတယ်.. လမ်းမပေါ်မှာ ဆိုတော့ ရှာရတာ အင်မတန်ကိုလွယ်တယ်.. ဆိုင်းဘုတ်လဲ၇ှိတော့ အေးဆေးပဲ ..ဆိုင်ထဲဝင်သွားပြီး နန့်မွန်ကြီးသွားချင်လို့ လှေငှားချင်လို့ပါဆိုပြီးပြောလိုက်တာ.. ချက်ချင်းစီစဉ်ပေးတယ်.. တစ်စီးကိုအသွားအပြန် 4 သောင်းပေးရတယ်.ညအိပ်ဆိုရင်တော့ 6သောင်းပေးရပြီး တစ်စီးကို 10 ယောက်လောက်စီးလို့ရတယ်.. ဆိုင်ကနေ လှေဆိပ်ကို 5 မိနစ်ကားမောင်းလာပြီး လှေဆိပ်ရောက်တော့ GPS ထဲမပေါ်တဲ့ရေပြင်ကြီးနားရောက်ရောပေါ့ .

🙊🙊ရေအောက်မြုပ်နေတဲ့ ရွာကြီးတွေပေါ်ကနေ လှေစီး

လှေပေါ်ရောက်ပြီးလှေစစီးတော့ ရေထဲမှာ သစ်ပင်အခြောက်တွေ အများကြီးတွေ့ရတယ်.. လှေကေ၇ှာင်မောင်းရတယ်.. ၀ါးပင်တွေလဲရေထဲမှာ ထိုးထိုးထောင်ထောင်နဲ့ ဘေးဘီကို ကြည့်ရတာ တမျိုးပဲ..ဘေးဘက်တွေကတော့ တောင်တွေအထပ်ထပ်နဲ့ပေါ့ ..လှေသမားလေးကိုဒါတွေကဘာတွေလဲမေးမိတော့ ကိုယ်တွေပဲပါးစပ်အဟောင်းသားနဲ့..တကယ်က ဒီရေပြင်ကြီးက ပေါ်လာတာ 5 နှစ်လောက်ပဲရှိသေးတယ.်တဲ့.. အရင်ကဒီနေရာကရွာပေါင်း 20 ကျော်ရှိခဲ့တာတဲ့ .ပေါင်းလောင်းဆည်ကနေ ရေလွှဲ၇င်းနဲ့မှ ဒီလိုတွေ မြုပ်ကုန်တာတဲ့.. ကိုယ်တွေမယ် အံသြရင်းး ဟယ်.. ဒါဆို လူတွေသေကုန်လားရေတွေ တက်လာတော့လို့မေးတော့..အဲ့လိုမဟုတ်ဘူးတဲ့..ကြိုတင်ပြီးရွာတွေပြောင်းဖို့အကြောင်းကြားတာတဲ့.. ပြောင်းပြီးသွားမှ နည်းနည်းစီရေလွတ်တာတဲ့.. ကိုယ်တွေညအိပ်ခဲ့တဲ့ စခန်းက အန်တီအမေဆို ရွာပြောင်းရမယ်ဆိုတုန်းက ငိုတယ်တဲ့.. သူတို့မပြောင်းချင်ကြဘူးတဲ့.. ရေအောက်ထဲမယ် ဘုန်းကြီးကျောင်းတွေလဲရှိတယ်.. ဘုရားအပျက်လဲရေပေါ်မှာ ပေါ်နေတာတွေ့တယ်.. သစ်ပင်တွေကတော့ အများကြီးရှိနေပုံအရ ဒီနေရာဟာအရင်က တော်တော်လေးသစ်ပင်တွေထူထပ်နေမယ်.. တော်တော်လေးစိတ်ဝင်စားစရာ ကောင်းတဲ့ရေပြင်ကြီးပဲ.. ကိုယ်တွေလဲဓါတ်ပုံတွေရိုက်လိုက် လှေအကူကောင်လေးကိုမေးလိုက်နဲ့ လှေစီးတဲ့ တစ်နာရီ ဘယ်လို ကုန်သွားမှန်းမသိဘူး ..



💧💧Blue Lagoon တွေအထပ်ထပ်နဲ့ နန့်မွန်ကြီး ရေတံခွန်
လှေပေါ်ကနေဆင်းပြီး ညအိပ်ရမယ်.တဲကို 10 မိနစ်လောက်က လမ်းလျှောက်ရတယ်.. တဲကိုရောက်ခါနီး ရေသံတွေ တ၀ုန်းဝုန်းကြားရထဲက နေပူထဲလမ်းလျှောက်လာခဲ့ရတာ အမောပြေရော.. တဲမှာခနနားပြီး ရေကူးဝတ်စုံလဲ ပြီးရေတံခွန်ကို လမ်းလျှောက်လာလိုက်တာ.. စစခြင်းအောက်ဆုံးအဆင့်က ရေတွေမြင်လိုက်ထဲက ကိုယ်တော်တော်အံသြသွားတာ.. ဒါဟာမြန်မာပြည်ကရေတံခွန် ဟုတ်ပါလေစလို့.. ရေတွေပြာလဲ့နေလိုက်တာများ ချက်ချင်းကို ခုန်ဆင်းချင်တာ.. အပေါ်မှာ ဘာတွေရှိသေးလဲသိချင်တာနဲ့ ထပ်တက်ဲကမယ်ဆိုပြီးလျှောက်လာလိုက်ကြတာ.. Blue Lagoon တွေ ဆိုတာ အထပ်ထပ်နဲ… ကိုယ်သိပ်ကြိုက်လှပါချည်ရဲ့ဆိုတဲ့ Blue Lagoon တွေဆိုတာ အ၀ိုင်းလိုက်အ၀်ုင်းလိုက် အဆင့်ဆင့်နဲ့ Private Pool တွေလိုပဲ.. ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူးတကယ်.. ဟိုးအရင်က နတ်သမီးတွေ ရေချိုးတဲ့အိုင်တွေများလားလို့ ထင်မိတယ်.. ကိုယ်တွေ တစ်ဖွဲ့ပဲရှိလို့ တိတ်ဆိတ်ပြီးရေကျသံတွေပဲကြားနေရတယ်.. လမ်းကလေဲဘေးနားကတောအုပ်ထဲကနေ လျှောက်ရတာ စိမ်းစိုပြီးနေပျောက်မထိုးဘူး… လှလိုက်တာ ..လှလိုက်တာ ဆိုပြီးတလမ်းလုံးရွတ်.. ထပ်တက်ရင်းး Blue Lagoon တွေဆိုတာ ရေတွက်လို့မရနိုင်တော့တဲ့ ရေတံခွန် ကမ္ဘာပေါ်မှာ ကိုယ့်မြန်မာနိုင်မှာကိုယ်လာတွေ့ရတာ ကျေနပ်မိလေခြင်းကွယ်.. မြန်မာပြည်မှာတောင်လူသိမများသေးတဲ့ ရေပြာရေတံခွန်.. နောက်ဆို ကမ္ဘာကျော်တော့မှာ..အရှေ့တောင်အာရှမှာ နံပါတ်တစ်ဖြစ်တော့မယ့် ရေတံခွန်ပဲ..

ကိုယ်တွေ အထပ် 20 လောက်အထိတက်ခဲ့တယ်.. ကိုယ်တွေနဲ့လိုက်လာတဲ့ လှေသမားလေးပြောတာတော့ အထပ် 200 လောက်အထိရှိတယ်တဲ့..အဲ့ဒါဆို Blue Lagoon တွေ အခု 200 လောက်တောင်ရှိနေမှညပေါ့.. OMG .. သူများနိုင်ငံတွေ Blue Lagoon တွေ သုံးလေးခုကိုတောင် နာမည်ကျော်ပြီးနိုင်ငံခြားဝင်ငွေ ဒီလောက်ရနေတာ.. ကိုယ်တွေဆို….. အိုး လားလား… သေချာထိန်းသိမ်းဖို့လိုပြီ..

ညဘက်စခန်းချ ⛺️⛺️

ရေတံခွန်ဘေးက နန့်မွန်စားသောက်ဆိုင်ကစီစဉ်တဲ့ တဲမှာညအိပ်ဖို့လုပ်ကြတယ်.. အိမ်လို နှစ်ထပ်လဲရှိပေမယ့် ရေတံခွန်ဘက်အခြမ်းက ဇရပ်လို တဲလေးမှာပဲအိပ်တော့မယ်ဆိုပြီး ကိုယ်တွေဆုံးဖြတ်လိုက်တယ်. အိပ်ယာခင်းတွေ ..ခြင်ထောင်..ခေါင်းအုံးတွေ ပြင်ဆင်ပေးတယ်.. ညစာလဲရေတံခွန်မသွားခင်ထဲက မှာထားခဲ့တာ..ရေထဲကတက်လာတော့ ထမင်းဟင်းပူပူတွေအဆင်သင့်ပဲ… ဖရုံသီးဟင်းချိုဆိုချိုရဲနေေ၇ာပဲ.. အိမ်ရှင်တွေကလဲ သဘောကောင်းကြတယ်.. မသိရင်ရွာက အမျိုးတွေ အိမ်လာလည်နေသလိုပါပဲ.. စကားတွေပြော..ရေမြုပ်သွားတဲ့ရွာတွေအကြောင်းပြောပြ..ရေပြာအိုင်တွေသိပ်လှကြောင်းပြောကြနဲ့ တောထဲက ညလေးဟာသာယာနေရောပဲ..

ညဘက်တော့ မီးရတယ်..ဖုန်းတွေ ကင်မရာတွေ မီးအားသွင်းလို့ရပေမယ့် အားကနည်းတော့ ကြာကြာသွင်းရတယ်.. ည 8 နာရီထဲက ခြင်ထောင်ထဲဝင်ကြတာ ဖုန်းလိုင်းမမိ အင်တာနက်မရဆိုတော့ အစောကြီးအိပ်ဖူးတဲ့ ညဖြစ်သွားတာပေါ့.. ရေတံခွန်သံတွေ..အကောင်လေးတွေရဲ့ တ၀ီဝီအော်သံ.. ဇရပ်ဆိုတော့ ခြင်ထောင်ကိုလေလေးကတိုး. ဆိုတော့ အိပ်ကောင်းလိုက်လေခြင်း.. အစောကြီး အိပ်ပြီး မနက် 5 နာ၇ီထဲက နိုးနေကြတာ.. မနက်စာကို ထမင်းဆီဆမ်း ကြက်ဥကြော် ကော်ဖီနဲ့ စားပြီး ရေတံခွန်ကို နောက်တစ်ခေါက်ထပ်ပြီး ချီတက်ကြတာ..

အေးအေးဆေးဆေး ရေစိမ် ရေတံခွန်ဘေးကနေ Life Jacket တွေဝတ်ပြီးခုန်ချ ..ဓါတ်ပုံတွေရိုက်ကြနဲ့ နေ့လည်မှပဲ လှေစီးပြီးပြန်ထွက်လာကြတာ.

နေ့ချင်းပြန်ချင်တဲ့သူတွေ..

တချို့ကတော့ ရန်ကုန်ကနေ ညဘက်ထွက်ပြီး နန့်မွန်ကြီးမှာရေဆော့ပြီး ပြန်တဲ့ သူတွေရှိသလို.. နေပြည်တော်မှာ ညအိပ်ပြီး မနက်အစောကြီး ရေတံခွန်လည်ပြီး ပြန်တဲ့သူတွေလဲရှိပါတယ်.. နေ့ချင်းပြန်ဆိုရင်တော့ တော်တော်လေးပင်ပန်းပြီး နေပြည်တော်မှာ ညအိပ်မှ ပိုလို့အဆင်ပြေပါလိမ့်မယ်.. လူငယ်တွေ အုပ်စုလိုက်လာမယ့်သူတွေကတော့ ရေတံခွန်မှာ ညအိပ်တာဟာအကောင်းဆုံး အနားယူချင်းပါလို့ပြောချင်ပါတယ်.. လူကြီးတွေညအိပ်ဖို့တော့ သိပ်ပြီးအားမပေးချင်ပါဘူး .. စခန်းဟာ ဟိုတယ်မဟုတ်တဲ့အတွက် ညအိပ်စခန်းချရုံ ရှိတာနဲ့ စားတတ်တဲ့သူတွေပဲ အဆင်ပြေမှာမို့လို့ပါ..

ဘယ်လောက်ကုန်လဲ ..

ကိုယ်တွေကားငှားသွားတာ မှအသွားအပြန် တစ်ယောက် : 80000
လှေခက ညအိပ်ဆိုတော့ တစ်ယောက် (4ယောက်) : 15000
ညအိပ်.. ညစာစား (ဘီယာတွေပါဝယ်သောက်)..

မနက်စာပါအပါ Life Jacket တွေငှားတာမှ တစ်ယောက်း 10000
လမ်းမှာ ဘာညာ လျှောက်ဝယ်စား : 10000
ဆိုတော့ အားလုံးပေါင်းမှ 1 သိန်းစွန်းစွန်းရယ်.. ကိုယ့်ကားနဲ့ကိုယ်ဆိုရင်တော့ 5 သောင်းလောက်ပဲကုန်လိမ့်မယ်..

Tips :
📌မသွားခင် နန့်မွန်စားသောက်ဆိုင်ကို ဖုန်းကြိုဆက်ပြီး ညအိပ်ဖို့ ပြောထားတာပိုအဆင်ပြေပါမယ်.. ကြားရက်ဆိုလူရှင်းပြီး weekend ဆိုလူများတတ်လို့ ကြိုတင် ဘိုကင်တင်ပါ.. ( နန့်မွန် စားသောက်ဆိုင်ါ် 09771264769 , 09771730834 ) ( အေးနိုင်ဦး လှေသမား ; 09795991837 )

📌ရေမကူးတတ်ရင် Life Jacket ၀တ်ပါ ..အဲ့ဒီမှာငှားလို့ရပါတယ်..
📌ဘီယာ ..အရက်တွေ ယူမသွားပါနဲ့ ဟိုမှာ ၀ယ်သောက်လို့ရပါတယ်.. ရေတံခွန် ကို ဘီယာအရက်ယူခွင့်မရှိပါ..စခန်းမှာပဲ သောက်လို့ရမှာပါ..

📌Babyoil လေးဆောင်သွားပြီး တောထဲမသွားခင်လိမ်းသွားပါ.. ဖြုတ်လိုအကောင်လေးတွေကိုက်တတ်ပါတယ်.
📌ရေထဲစီးတဲ့ ဖိနပ်လိုမျိုးတွေ ဆောင်သွားပါ..အဲ့ဒါမှ ရေတံခွန် အထပ်ထပ်ကို ခြေထောက်မစူးပဲတက်နိုင်မှာပါ

📌မျက်နှာသုပ်ပ၀ါ..တကိုယ်ရေ အသုံးအဆောင်ပစ္စည်း ယူသွားပါ.. ဟိုတယ်မဟုတ် တဲ့အတွက် အဲ့ဒါတွေမရှိပါ..

📌ကြီးကျယ်တတ်ရင်တော့ ညမအိပ်ပါနဲ့.. တဲလိုမျိုးမှာ ပေးတဲ့ခြင်ထောင်.ခေါင်းအုံးနဲ့ အိပ်ရမှာမို့ပါ ( သန့်ရှင်းပါတယ်) ..ရေလောင်းအိမ်သာ.. ရေချိုးတဲ့နေရာက ၀ါးတွေပဲကာပေးထားတာပါ.. ဒါကြောင့်ရေ လဲအ၀တ်တွေယူသွားပါ..
📌လှေပေါ်မှာ နေအတော်ပူပါတယ်..ထီးတို့ ပ၀ါတို့ယူသွားပါ.. မျက်မှန်လဲဆောင်သွားပါ.. ရေလဲယူသွားပါ..

မီးအားသွင်းလို့ရပေမယ့် အားအလွန်နည်းလို့ power bank တွေဆောင်သွားပါ..

📌ဇွန်လလယ်လောက်ကနေစပြီး မိုးရွာပြီမို့ သွားလို့အဆင်မပြေတော့ပါ.. မိုးရွာရင်တွေ အရမ်းများပြီးရေတွေနောက်ပါတယ်.. နောက်နှစ် ဒီဇင်ဘာလောက်မှ ပြန်လည်သွားနိုင်မယ်လို့ ဒေသခံတွေက ပြောပါတယ်..

❌❌Remark : အထူးမှာချင်တာက အမိုက်တွေလုံးဝမချပါနဲ့ ..စခန်းမှာပဲမုန့်တွေစား ဘီယာဘာညာသောက်ပါ..ရေတံခွန်ဆီဘာမှ မသယ်သွားပါနဲ့.. ဒီရေတံခွန် မကြာခင်မှာ နာမည်ကျော်ပြီး အရှေ့တောင် အာရှမှာ အလှဆုံးရေတံခွန်ဖြစ်လာနိုင်ပါတယ်.. ဖြစ်လာဖို့လဲ ကိုယ်တို့ပြည်သူတွေမှာ တာဝန်ရှိလို့ ကမ္ဘာမကျော်ခင် ပျက်စီးမသွားဖို့လိုပါတယ်.. ဒါကြောင့် ၀ိုင်းဝန်းထိန်းသိမ်းပေးကြပါလို့တောင်းဆိုပါတယ်.. မုန့်တွေ အအေးတွေ ယူလာတာတွေ့ရင်လဲ အချင်းချင်းတားပေးကြပါ.. သိပ်လှတဲ့ ရေပြာရေတံခွန်ကို ခံစားပါ..ရေကူးပါ..ရေစိမ်ပါ ..ပျော်ရွင်စာဆော့ကစားခဲ့ပါ..
မမမေဇွန်
I Love Travelling

No comments:

Post a Comment