Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 30, 2018

ဈေးရုံမှာ နို့လှန်တိုက်တာ တားခံရတဲ့ ကိစ္စ အုတ်အော်သောင်းတင်း ဖြစ်

အိန္ဒိယနိုင်ငံမှာ ကလေးမိခင်တွေ လူမြင်ကွင်းမှာ နို့တိုက်တာ အဆန်းတော့ မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားမြို့က ဈေးရုံကြီးတခုမှာ ရင်သွေးငယ်ကို မိခင်နို့တိုက်ကျွေးခွင့် တားမြစ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် ရေးသားခဲ့ရာကနေ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။

အဘီလာရှာ အာရပ် ဒက်စ်အာဒီကာရီ ဆိုတဲ့ အမျိုးသမီးက ဈေးရုံကြီးထဲမှာ သူ့ကလေးကို နို့လှန်တိုက်ဖို့ လုပ်နေတာကို ဈေးရုံ အာဏာပိုင်တွေက လာတားမြစ်ခဲ့ပြီး အိမ်သာထဲမှာ နို့သွားတိုက်လို့ လာပြောခဲ့တယ် ဆိုတဲ့အကြောင်း ဈေးရုံရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အရင် ရေးခဲ့တာပါ။

အဲဒီဈေးရုံမှာ ကလေးနို့တိုက်ဖို့ နေရာ ရယ်လို့ သတ်သတ်မှတ်မှတ် ထားထားတာမျိုး မရှိဘူးလို့ သူက မကျေမနပ် ပြောထားပါတယ်။

ဒါကို ဈေးရုံ မန်နေဂျာက ကလေးနို့တိုက်တဲ့ အလုပ်ဟာ ကိုယ့်အိမ်မှာ ကိုယ်အပြီး လုပ်ရမယ့် ကိစ္စမျိုး ဖြစ်တယ်။ အစီအစဉ် ချပြီး ကလေးကို အိမ်မှာသာ နို့ကြိုတိုက်ခဲ့ရင် အပြင်မှာ ရုတ်တရက် နို့လှန်တိုက်စရာ လိုမှာ မဟုတ်ဘူးလို့ တုံ့ပြန် ရေးခဲ့ရာကနေ ဝေဖန်သံတွေ ဆူဆူညံညံ ပေါ်ထွက်လာခဲ့တာပါ။

အဲဒီနောက်မှာတော့ အဲဒီ တုံ့ပြန် ရေးသားချက်တွေကို ပြန်ဖျက်လိုက်တာ တွေ့ရပါတယ်။

ဒါပေမယ့် လူတွေက ဓာတ်ပုံရိုက်ပြီး အချင်းချင်း ပြန်ဖြန့်ခဲ့ကြတာမို့ လူတွေအကြား ဒီအကြောင်း ပျံ့နှံ့သွားခဲ့ပြီး ဖြစ်ပါတယ်။
ဂရီဟာလက်ရှ်မီး မဂ္ဂဇင်းပါ မျက်နှာဖုံးပုံကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သံတွေ ဆူဆူညံညံ ပေါ်ထွက်ခဲ့
ဈေးရုံ အာဏာပိုင်တွေက ဒီကိစ္စအတွက် ပြန်တောင်းပန်ခဲ့ပြီး ဖေ့စ်ဘုတ်ပေါ်က တုံ့ပြန် ရေးသားချက်ဟာ သူတို့ရဲ့ ခွင့်ပြုချက် မပါဘဲ ရေးခဲ့တာလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။

သူတို့ ဈေးရုံက အထပ်တိုင်းမှာ ကလေးနို့တိုက် အနှီးလဲဖို့ အခန်း ထားထားပေးပါတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ကလေးမိခင် အတော်များများကတော့ ဈေးရုံတွေမှာ သူတို့ကလေးတွေကို နို့တိုက်ဖို့ နေရာ အခက်အခဲ ရှိပုံတွေကို တုံ့ပြန် ရေးခဲ့ကြပါတယ်။

မိခင် တဦးက ဆိုရင် ကလေး ကိစ္စဟာ အိမ်မှာပဲ လုပ်ရတဲ့ အလုပ် မဟုတ်ဘူး။ ကလေး အသက်ရှင်အောင် လိုတဲ့အချိန် နို့ချို တိုက်ကျွေးရမှာပဲလို့ ဒေါသတကြီး တုံ့ပြန် ရေးထားပါတယ်။

နောက်တယောက်ကလည်း ကိုယ့်ကလေးကို အိမ်မှာ နို့တိုက်ပြီးမှ ကလေးအမေတွေကို ဈေးရုံမှာ ဈေးဝယ်ခွင့် ပြုမှာလားလို့ မေးခွန်းထုတ်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ဆာရီဝတ် အမျိုးသမီးအတော်များများဟာ လူမြင်ကွင်းမှာ နို့တိုက်တဲ့အခါသူတို့ရဲ့ ဆာရီကို အကာအကွယ် ယူပြီး နို့တိုက်လေ့ ရှိပါတယ်။

လူဦးရေ တဘီလျံခွဲ နီးပါး ရှိတဲ့ အိန္ဒိယ နိုင်ငံမှာ အများသွားလာတဲ့ နေရာတွေ၊ ဆောက်လုပ်ရေး နေရာတွေ၊ လမ်းဘေးတွေမှာ မိခင်တွေ နို့တိုက်တဲ့ မြင်ကွင်းဟာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမယ့် လူမြင်ကွင်းမှာ မိခင် နို့တိုက်တဲ့ ကိစ္စကတော့ ကမ္ဘာတဝန်းမှာ အငြင်းပွားစရာ ကိစ္စတရပ် အဖြစ် ရှိနေဆဲပါ။

အခုနှစ် အစောပိုင်းတုန်းက မော်ဒယ် အမျိုးသမီး တဦး ကလေးနို့တိုက်နေတဲ့ ပုံကို အိန္ဒိယ မဂ္ဂဇင်း တခုရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့ရာမှာ မတူကွဲပြားတဲ့ တုံ့ပြန် ဝေဖန်သံတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment