Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 5, 2018

ကျောက်မီးသွေးတွင်း မိုင်းလုပ်သားတွေ သေရတာ ပေါ့ဆမှုကြောင့်လို့ တိုင်းဒေသ အရာရှိက ဆို

အခင်းဖြစ်ပွားစဉ်က ကယ်ဆယ်ရေး လုပ်ဆောင်နေပုံ
ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မြို့နယ် ကျောက်မီးသွေးတွင်း လုပ်ကွက်တခုမှာ ဓာတ်ငွေ့ ယိုစိမ့်ရာကနေ ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသူ ၅ ဦးမှာ ၄ ဦးက မြန်မာနိုင်ငံသား ဖြစ်ပြီး ၁ ဦးက တရုတ်နိုင်ငံသား ဖြစ်ပါတယ်။

စဖြစ်တုန်းကတော့ တွင်းပြိုကျလို့ ပိတ်မိနေတယ်လို့ သတင်းကြားရာကနေ ပြောင်းလဲသွားပြီး တွင်းပြိုလို့ မဟုတ်ဘဲ ဓါတ်ငွေ့ပိုက် ပေါက်လို့ သေသွားတဲ့ အခြေအနေ ဖြစ်သွားတာ တွေ့ရတယ်လို့ သေဆုံးသွားတဲ့သူတွေကို သွားရောက် စစ်ဆေးခဲ့ရာမှာ ပါတဲ့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးလည်း ဖြစ်၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးလည်းဖြစ်တဲ့ ဦးကမ်ဇာမုံ က ပြောပါတယ်။

သူ့အနေနဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့မယ်လို့ ထင်ကြောင်း ၊ အသက်ရှုကျပ် တာလဲ ပါမယ် ထင်ကြောင်း ၊ နှစ်ခုစလုံး ဖြစ်သွားမယ့် သဘောရှိပြီး သေဆုံးထိခိုက် ဒဏ်ရာရသူတွေရဲ့ ခန္ဓာကိုယ် ပေါ်မှာ မီးလောင် ဒဏ်ရာ ရှိတဲ့ အတွက် မီးလောင်တယ်လို့ ထင်ကြောင်း သူက ဆိုပါတယ်။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးမထားလို့ ဖြစ်ရတာလို့ ဖော်ထုတ် တွေ့ရှိရ
မီးလောင်မှု ဖြစ်ခဲ့လို့ သူတို့ကိုယ်ပါ မီးဟပ်ခံရ တဲ့ သဘော တွေ့ရပြီး မီးလောင်ပြီးနောက် အောက်စီဂျင် ပိုက်ပါ ပြတ်ထွက်သွားတော့ အောက်စီဂျင် မရှိတော့တဲ့ သဘော ၊ အဲဒီ အတွက် အထဲမှာ အခိုးအငွေ့တွေ ရှူရှိုက် ခဲ့ရပြီးနောက် အောက်စီဂျင် မရှိတဲ့ အခါ အသက်ရှု မ၀ ၊ အသက်ရှု ကျပ် လာတဲ့ အတွက် အပေါ်မှာ ရှိတဲ့ လူလေးယောက် ဆင်းသွားတဲ့ အခါမှာ ပြန်ထွက်လာလို့ သူတို့ပဲ အသက်ရှင်တာလို့ ယူဆရကြောင်း ၊ ကျန်တဲ့ အောက်ဆုံးမှာ ရှိနေတဲ့ လူတွေကတော့ ဘယ်လိုမှ အချိန်မမီတော့ တဲ့ အတွက် သေဆုံးရတာလို့ ထင်ကြောင်း ဦးကမ်ဇာမုံ က ရှင်းပြ ပါတယ်။

ပေါက်ကွဲမှု ဖြစ်တယ် ဆိုတာကလည်း အဲဒီတွင်းထဲမှာ မီသိန်း ဓါတ်ငွေ့တွေ ရှိပြီး မီသိန်း ဆိုတာက အမှုန်အမွှားတွေနဲ့ တွေ့တဲ့အခါ ပေါက်ကွဲတတ် တယ်ဆိုတာ အရင်ကလဲ သာဓကတွေ ရှိဖူးကြောင်း ၊ အဲဒီ ကိစ္စကြောင့် ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့လည်း ပြောနေကြကြောင်း ၊ သူက ဆိုပါတယ်။

ခုဖြစ်သွားတဲ့ ကိစ္စမှာ ပေါ့ဆမှု အများကြီး ရှိတာကြောင့် ဘာဘဲ လုပ်လုပ် Safety First က အရေးကြီးကြောင်း ၊ ဒါကို သင်ခန်းစာ ယူပြီး နောက်ပိုင်းမှာ ပေါ့ပေါ့ဆဆ မတွက်ဘဲ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးအတွက် လိုအပ်သမျှ အားလုံးကို ပိုက်ဆံ ကုန်တာကို ပဓါန မထားဘဲ လူ့အသက်က အရေးကြီးတဲ့ အတွက် လူ့အသက်ကို တန်ဖိုးထားတဲ့ အနေနဲ့ လိုအပ်တဲ့ ကိရိယာတွေ လိုအပ်တဲ့ ပြင်ဆင်မှုလေးတွေကို ပြည့်ပြည့်စုံစုံ ဂရုတစိုက် ဆောင်ရွက်ဖို့ သတိပေးထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။
 ပြည်ထောင်စု အစိုးရဆီက လုပ်ကွက် ရထားတဲ့ ကုမ္ပဏီ
လက်ရှိတော့ သေဆုံးသွားတဲ့ နိုင်ငံသား လေးယောက်ရဲ့ ဆွေမျိုး မိသားစုတွေဆီ ကုမ္ပဏီက အကြောင်းကြားထားပြီး ဖြစ်သလို နိုင်ငံခြားသား တယောက် အတွက်တော့ သက်ဆိုင်ရာ သံရုံး ၊ လူဝင်မှု ကြီးကြပ်ရေး ဌာန တို့နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရကြောင်း ၊ နိုင်ငံခြားသား အတွက် သက်ဆိုင်ရာ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်သွားမှာ ဖြစ်သလို နိုင်ငံသား လေးယောက် အတွက် သူတို့ရဲ့ မိဘ ဆွေမျိုးတွေ ကျေနပ် လောက်တဲ့ အထိ ကုမ္ပဏီ က ကူညီသွားမယ်လို့ ပြောကြောင်း သူက ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ လုပ်ကွက် အတွက် သက်ဆိုင်ရာ ကုမ္ပဏီကို ပြည်ထောင်စု အစိုးရက ခွင့်ပြုထားတာ ဖြစ်တဲ့ အတွက် အခုအခါ ပြည်ထောင်စု အစိုးရက စေလွှတ်လိုက်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ တွေ ရောက်လာပြီလို့ ဦးကမ်ဇာမုံ က ပြောပါတယ်။

လိုအပ်ရင် ပြည်ထောင်စု အစိုးရကဘဲ လိုအပ်သလို အရေးယူသွားပါလိမ့်မယ်လို့ သူက ဆိုပါတယ်။

တိုင်းဒေသကြီး အစိုးရ အနေနဲ့ ဒီကိစ္စမှာ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ လက်ရှောင်တာမဟုတ်ဘဲ ဒီတွင်းက အကြီးစား လုပ်ငန်းမို့ ပြည်ထောင်စုက ခွင့်ပြုလိုက်တဲ့ ကိစ္စ ဖြစ်တဲ့ အတွက် အကုန်လုံးကို ပြည်ထောင်စု အစိုးရက တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးလည်း ဖြစ်၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားတွေ အထူးသဖြင့် လူငယ် လုပ်သား တွေဟာ လုပ်ငန်းခွင် အန္တရာယ်တွေနဲ့ ကြုံနေရတဲ့ အတွက် အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီး ILO က ပြီးခဲ့တဲ့ ဧပြီလတုန်းက တိုက်တွန်း ထားပါတယ်။

မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ ကိုယ်ခန္ဓာ ထိခိုက်မှု အကာအကွယ် ပစ္စည်း သုံးဖို့ အပိုင်းနဲ့ လုပ်ငန်းခွင် စိတ်ပိုင်းဆိုင်ရာ မပြေလည်မှု အပိုင်း ဖြေရှင်းရေးမှာ လုပ်ငန်းရှင်ဘက်ကိုရော အလုပ်သမားဘက်ကိုပါ ပညာပေးဖို့ လိုအပ်နေတယ်လို့ အိုင်အယ်လ်အိုက အသိအမှတ်ပြုထားတဲ့ မြန်မာညှိနှိုင်းရေးမှူးတဦးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment