Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 12, 2018

ဓါတ်ပုံရိုက်နည်း အခြေခံ Tips များ

ဓါတ်ပုံရိုက်နည်း အခြေခံ Tips များ
အခုလောလာဆယ် တကယ်ရေးနေတာက တခြား post တစ်ခုပါ။ landscape photography အတွက် knowledge share တစ်ခုရေးနေရင်း ခုတလော messenger မှာ အမေးများနေတဲ့ မေးခွန်းတစ်ခုကို တစ်ယောက်ချင်းစီပြန်ဖြေပေးရမှာထက် post တစ်ခုရေးပေးလိုက်ရင် ပိုအဆင်ပြေမယ် စဉ်းစားမိလို့ ရေးလက်စ စာကိုဖြတ်ပြီး ဒါလေးကို အရင်တင်ပေးလိုက်ပါတယ်။
*** အစ်ကို ကျွန်တော်/ကျွန်မကတော့ ခု ဒီကင်မရာလေးဝယ်ထားပါတယ်။ အဲ့တာ ဓါတ်ပုံဘယ်လိုရိုက်ရမလဲ၊ ပုံကောင်းထွက်အောင် setting တွေဘယ်လိုချိန်ရမလဲပေါ့။
ဓါတ်ပုံရိုက်တာက လွယ်လွယ်လေးပါ။ ကင်မရာကို ရိုက်ချင်တာ ချိန်ပြီး shutter button ကို နှိပ်လိုက်ပေါ့  ကိုယ့်လက်ညှိုးကို ပြန်ချိန်ပြီး shutter ခလုတ်ကို နှိပ်လိုက်လည်း ပုံတစ်ပုံကတော့ထွက်လာမှာပါပဲ။ ရှေ့ကနံရံကို လှမ်းရိုက်လည်း ဓါတ်ပုံကတော့ ဓါတ်ပုံပါပဲ။ ကံကောင်းရင် နံရံမှာ ကပ်နေတဲ့ ယင်ကောင်ကို ရိုက်မိပြီး အကျယ်ချဲ့ကြည့်ရင် Macro ပုံကောင်းတစ်ပုံတောင် စွတ်ရွတ်ဖြစ်ချင်ဖြစ်သွားမှာပါ။ ဓါတ်ပုံရိုက်တာက လွယ်ပါတယ်၊ ဓါတ်ပုံကောင်းတစ်ပုံထွက်လာဖို့ကသာ ခက်တာပါ။ ခု post ဟာ လုံးဝအခြေခံကိုရေးမှာမို့ နည်းနည်းသိနားလည်ပြီးသားသူတွေက ကျော်သွားလို့ရပါတယ်။ အချိန်ပေးနိုင်လို့ ဖတ်မယ်ဆိုလည်း အရှုံးတော့မရှိပါဘူး။ မသိသေးတာ တစ်ခုခု သိသွားရင်တောင် မိတ်ဆွေအတွက် အမြတ်ပါ။
ဓါတ်ပုံကောင်းတစ်ပုံဖြစ်လာဖို့ အခြေခံအနေနဲ့ ....
၁။ Aperture
၂။ Shutter Speed
၃။ ISO
၎။ Metering
၅။ Focus
၆။ White Balance
၇။ Lighting
၈။ Composition
စတဲ့အချက်တွေ ပြည့်စုံဖို့၊ မှန်ကန်စွာ ရွေးချယ် ချိန်ညှိနိုင်ဖို့လိုပါတယ်။
ဘယ်ကျန်းဂန်ထဲကမှ မဟုတ်ပါ။ ခု ကင်မရာကို ကြည့်ရင်းစိတ်ထဲပေါ်လာတာတွေ လက်တန်းချရေးလိုက်တာပါ။ ကျန်ခဲ့တာလည်းရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အခြေခံစတင်ရိုက်ကူးမယ့်သူတွေအနေနဲ့ကတော့ ဒီအချက်တွေက ပြည့်စုံလုံလောက်မှာပါ။ ကျွန်တော်လည်း ဓါတ်ပုံပညာနဲ့ပတ်သက်ပြီး သင်တန်းမတက်ခဲ့ရပါဘူး။ လမ်းညွှန်ပြသပေးမယ့် ဆရာမရှိခဲ့ပါဘူး။ စာတွေဖတ် youtube ကြည့်ရင်းလေ့လာခဲ့ရတာမို့ သီအိုရီတွေနဲ့ စနစ်တကျ မရှင်းပြတတ်ပါဘူး။ ကိုယ်လေ့လာခဲ့တဲ့ လမ်းကြောင်းအတိုင်း ကိုယ်လိုကြုံတွေ့နေရသူတွေကို ပြန်လည်လက်ဆင့်ကမ်းခြင်းမျှသာဖြစ်ပါတယ်။
*********************************************************************
အပေါ်က (Aperture + Shutter Speed + ISO) 3 ခုကို မှန်ကန်အချိုးကျစွာပေါင်းလိုက်ရင် Exposure ဆိုတာဖြစ်လာပါတယ်။ ကျန်တဲ့ metering တွေ focus တွေကို မှန်ကန်စွာရွေးချယ်ပြီး တင်ပြချင်တဲ့ composition ကောင်းကောင်းနဲ့ဆိုရင်တော့ ကိုယ်ရိုက်လိုက်တဲ့ပုံဟာ ဓါတ်ပုံကောင်းတစ်ပုံဖြစ်လာမှာပါပဲ။ ဒီ post မှာတော့ Theory တွေရေးမှာ မဟုတ်တဲ့အတွက် exposure အကြောင်းကို နောက်မှ သီးသန့်ရေးပေးပါ့မယ်။
အခု beginner တွေအတွက် ဓါတ်ပုံရိုက်တဲ့အပိုင်း၊ camera setting တွေ စဉ်းစားတဲ့အပိုင်းကိုပဲ ရေးပေးပါမယ်။
အရင်ဆုံး ကိုယ်က ဘာကိုရိုက်ချင်တာလဲဆိုတာတော့ သိထားရပါမယ်။ landscape လား၊ portrait လား၊ long exposure လား၊ ငှက်ရိုက်မှာလား စသဖြင့်ပေါ့။
စစချင်းရိုက်တဲ့သူတွေအတွက် Manual Mode (M) မှာ exposure ချိန်ပြီးရိုက်တတ်ဦးမှာမဟုတ်ပါဘူး။ M က professional ကျကျရိုက်လို့ရတာမှန်ပေမယ့် ရုတ်တရတ်အခြေအနေတွေမှာ beginner တွေအတွက် setting မှန်မှန်ချိန်နိုင်ဖို့ အဆင်မပြေပါဘူး။ အဲ့တာမို့ အရင်ဆုံး Auto mode နဲ့ရိုက်လည်းရှက်စရာတော့မဟုတ်ပါဘူး။ ဘယ်သူမှ Auto နဲ့ရိုက်တယ် Manual နဲ့ရိုက်တယ် စိတ်မဝင်စားပါဘူး၊ ထွက်လာတဲ့ ဓါတ်ပုံကောင်းမကောင်းကသာ အဓိကကျတာပါ။ ဒါပေမယ့် auto ကို ပုံမှန်အလင်းရောင်အခြေအနေတွေမှာပဲ သင့်တော်ပါတယ်။ low light တွေမှာ သူ့ရဲ့ချိန်ညှိပေးတာတွေက ကိုယ်လိုချင်တာနဲ့ တလွဲစီဖြစ်နေတတ်လို့ ဖြစ်နိုင်ရင် တခြား mode တစ်ခုခုနဲ့ ရိုက်တတ်အောင် လေ့ကျင့်ယူပါ။ ပြီးတော့ ကိုယ်က portrait ကို နောက်ခံဝါးဝါးလေးလိုချင်လို့ ရိုက်လည်း Auto mode က သူပေးချင်တဲ့ setting နဲ့ သူရိုက်ချင်သလိုရိုက်နေမှာပါပဲ။ ထို့ကြောင့် Mode Dial ထဲက (S / A / M) section မှာထားပြီး ရိုက်မယ့် ဓါတ်ပုံအခြေအနေကိုလိုက်၍ camera setting ထားပုံကို ရှင်းပြပေးပါမယ်။
၁။ လူပုံကို နောက်ခံဝါးဝါးလေးနဲ့ရိုက်ချင်တယ်ဆို ကင်မရာကို aperture priority (A or AV) မှာထားပြီး f-stop ကို lens မှာရှိတဲ့ ကျယ်နိုင်သမျှ အကျယ်ဆုံးဖွင့်ရိုက်ပါ။ ဒါပေမယ့် f/1.4, f/1.8, f/2.8 လောက်ထိ ပွင့်နိုင်မှ အဆင်ပြေပါမယ်။ 50mm, 85mm လို portrait lens တွေနဲ့ ရိုက်ရင်ပိုအဆင်ပြေပါမယ်။ 18-55mm f/3.5-5.6G ED လို kit lens တွေနဲ့ နောက်ခံဝါးဝါးရိုက်လို့ သိပ်အဆင်မပြေပါဘူး။ Aperture ကျယ်ကျယ်ဖွင့်မှ depth of field နည်းနည်းရမယ်ဆိုတဲ့ lens သဘောသဘာဝကြောင့်ပါ။ (ဒါကို အရင်ပြောတာ ဒါပဲ ခဏခဏမေးနေကြလို့ပါ  )
၂။ ကြည်လင်ပြတ်သားတဲ့ ရှုခင်းပုံ လှလှတွေလိုချင်ရင် aperture priority (A or AV) မှာထားပြီး f-stop ကို နံပါတ်ကြီးကြီးတင်ပါ။ f/16, f/18, f/22 စသဖြင့်..။ ဒါပေမယ့် f-stop ကြီးလေ exposure မျှဖို့အတွက် shutter speed ကလည်း လိုက်နှေးသွားမှာမို့ လက်နဲ့ကိုင် (handheld)ရိုက်ဖို့ အဆင်မပြေပါ။ tripod နဲ့ဆို ပိုသင့်တော်ပါမယ်။ shutter release cable သုံးရင်သုံး၊ မဟုတ်လည်း timer နဲ့ရိုက်ပါ။ ဘယ်လိုမှ အဆင်မပြေလည်း လက်နဲ့သာ ကင်မရာကိုမလှုပ်အောင်ကိုင်ပြီး သတိထားနှိပ်ပါ။ အပြင်မှာ အလင်းရောင်များတယ်ဆို shutter speed ထိန်းညှိနိုင်ဖို့အတွက် ISO ကိုလည်း နည်းနည်းတင်လို့ရပါတယ်။ Landscape အတွက် Wide angle lens တွေ အသုံးပြုပြီးရိုက်နိုင်ရင် ပိုကောင်းပါမယ်။
၃။ Street photography ရိုက်ချင်တယ်ဆိုရင် shutter priority (S or TV) မှာထားပြီး shutter speed 1/250th လောက်ကနေစထားရိုက်ပါ။ (street က တစ်ခါတစ်ရံ auto mode နဲ့လည်းအဆင်ပြေတတ်ပါတယ် နေ့လည်ပိုင်းရိုက်လေ့ရှိတာမို့)။ လှုပ်ရှားနေတဲ့ပုံတွေဖြစ်လေ့ရှိတာမို့လည်း shutter speed မြန်နေဖို့လိုပါတယ်။ ကိုယ်ပြချင်တဲ့ subject / background တွေ ကြည်လင်နေဖို့အတွက်လည်း aperture f/8, f/11 လောက်ထားသင့်ပါတယ်။ အထူးသဖြင့် f-stop နံပါတ်အသေးတွေထိ aperture မဖွင့်မိဖို့ သတိထားသင့်ပါတယ်။ နို့မို့ဆို ကိုယ့်ပုံက foreground, background ချိတ်ဆက်မမိပဲ ဘာကို ပြလို့ပြချင်မှန်းမသိ ဖြစ်နေတတ်ပါတယ်။ ။ ကိုယ်က တမင် နောက်ခံဝါးအောင်ရိုက်ချင်ရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် တင်ပြပုံအရမ်းကောင်းလွန်းမှသာ နောက်ခံဝါးထားတဲ့ပုံတွေက street photography မှာကြည့်ကောင်းပါလိမ့်မယ်။ ပြီးတော့ lens အကြီးကြီးတွေ မသုံးပါနဲ့၊ အထူးသဖြင့် telephoto lens တွေ။ kit lens (18-55mm)၊ 35mm၊ 50mm prime တွေသုံးတာ ပိုသင့်တော်ပါတယ်။ lens အကြီးတွေနဲ့ဆို street ရိုက်တာ အရမ်းသိသာနေရင် ပုံကောင်းတွေ ရဖို့ ခက်သလို မတော်တဆ လှုမှုရေးပြဿနာတွေလည်း ကြုံရတတ်ပါတယ်။
၎။ ငှက်ရိုက်တာ (Wildlife) အတွက်ဆို shutter priority (S or TV) မှာထားသင့်ပါတယ်။ နားနေတဲ့ငှက်၊ ပျံနေတဲ့ငှက်စသဖြင့်ပေါ်မူတည်ပြိး shutter speed 1/250th၊ 1/500th ကနေ 1/1000th 1/4000th လောက်ထိ တင်ရိုက်ပါ။ Telephoto Zoom lens တွေအသုံးပြုသင့်ပါတယ်။ ဒီနေရာမှာ shutter speed အရမ်းတင်ထားရတဲ့အတွက် Camera မှာ " Subject is too dark " လို့ပေါ်နေမယ်ဆို ISO ကို 400 ကနေ 800 / 1000 လောက်ထိတင်ရိုက်ကြည့်ပါ။ နေ့လည် အလင်းရောင်လုံလုံလောက်လောက်ရှိတယ်ဆို ISO ဒီထက်တင်လည်းရပါတယ်။ ကင်မရာကောင်းရင် ကောင်းသလို ISO တင်နိုင်ပါတယ်။ အရမ်းကြီးတော့ မလိုအပ်ပဲ မတင်နဲ့ပေါ့။ noise အရမ်းထသွားရင် အပင်ပန်းခံရိုက်ထားရတဲ့ပုံတွေ ကြည့်ရဆိုးသွားပါလိမ့်မယ်။
၅။ Long exposure အတွက်ကတော့ Manual (M) နဲ့ပဲ ရိုက်ဖို့အကြံပြုချင်ပါတယ်။ ဒီအချိန်မှ M နဲ့ မရိုက်ရင် ဘယ်အချိန် M နဲ့ သွားရိုက်ရတော့မလဲ။ aperture (f/16, f/22 ဝန်းကျင်၊ မဟုတ်လည်း lens က တင်လို့ရသလောက်သာတင်  ) ISO ကိုတော့ နည်းနည်းကစထားပြီး shutter speed ကို အနှေးဆုံးထားပါ။ ၅စက္ကန့်၊ ၁၀ စက္ကန့်၊ ၃၀ စက္ကန့် စသဖြင့်ပေါ့။ အချိန်ဘယ်လောက်ကြာကြာထားရင် ပုံက အကောင်းဆုံးဖြစ်နိုင်မလဲ သိနိုင်ဖို့ကတော့ အချိန်မတူအောင်ထားပြီး ၄-၅-၁၀ ပုံလောက်သာ ရိုက်ခဲ့ပါ။ ပြီးမှ အကောင်းဆုံးကိုပြန်ရွေးထုတ်ပေါ့။ aperture ကိုလည်း အမျိုးမျိုးပြင်ဆင် ပြောင်းလဲပြီး ရိုက်ကူးသင့်ပါတယ်။ အဲ့တာမှ နောင်အခါ ဘယ်ပုံကိုလိုချင်ရင် stop တွေ ဘယ်လောက်မှာ ထားသင့်တယ်ဆိုတာကို မှန်းဆတတ်လာမှာပါ။ ပြီးတော့ မဖြစ်မနေ Tripod လိုပါတယ်။ အဲ့လောက်အချိန်အကြာကြီး ဘယ် lens ရဲ့ stabilizer ကမှ လက်နဲ့ရိုက်တာကို ငြိမ်အောင်မထိန်းထားပေးနိုင်ပါဘူး။ ခလုတ်ကို လက်နဲ့နှိပ်တာထက် shutter release cable အသုံးပြုနိုင်ရင် ပိုကောင်းပါမယ်။ ကျွန်တော့်ရဲ့ personal အကြံပြုချက်အရ lens ရဲ့ VR / IS (image stabilization) ကို off ပြီးရိုက်ပါ။ tripod သုံးထားပြီမို့ VR off ထားလည်း ပြဿနာမရှိပါ။ lens ရဲ့ sensor က stabilization လိုက်လုပ်ပေးနေဖို့ မလိုတဲ့အတွက် သူ့ရဲ့ဝန်ကို Image အပေါ်မှာ ပိုအာရုံထားနိုင်မယ်လို့ ယူဆပါတယ်။ မဖြစ်မနေ VR OFF ရမယ်မဟုတ်ပါ။ အများစုက VR ON ထားပြီးရိုက်ထားလည်း ကြည့်ကောင်းတဲ့ပုံတွေရနေတာပါပဲ။ နေ့လည်ပိုင်း long exposure ရိုက်ရင် Filter တွေသုံးတတ်ဖို့လိုပါတယ် (ဥပမာ ND filter)။ မဟုတ်ရင် ပုံက အလင်းအရမ်းများပြီး ဖွေးဆွတ် (Burn) နေပါလိမ့်မယ်။ နေ့လည်မှာ long exposure ကို ND filter မပါပဲ ရိုက်နည်းတွေလည်းရှိပါတယ်။ ဒါကတော့ နောက်ကြုံတဲ့အခါ တင်ပေးပါ့မယ်။ ညမှာ long exposure ရိုက်ကျင့်ချင်တဲ့သူတွေတော့ ရန်ကုန်က ဆူးလေဘုရားနားက တံတားပေါ်တက် (ဘုရားဘက်လှည့်လှည့် sakura tower ဘက်လှည့်လှည့်) လက်တည့်သွားစမ်းကြည့်ပါ။ ရိုက်လို့အရမ်းကောင်းပါတယ်။ ကားမီးတွေကို အဓိက ထားချင်လား လမ်းမီးတိုင်တွေကို အဓိက ထားချင်လား setting တွေ အမျိုးမျိုးထားပြီး စမ်းရိုက်ကြည့်ပါ။
တခြား ရိုက်စရာတွေ (macro, bokeh special effects, star trails, steel wool,...) စသဖြင့်အများကြီး၊ အများကြိး ရှိသေးပေမယ့် beginner တွေအတွက် နားရှုပ်စရာ၊ အခက်အခဲဖြစ်စရာက များတာမို့ အဲ့တာတွေကိုတော့ နောက် level တစ်ဆင့်မှပဲ ကျွန်တော်ဆက်ရေးပေးပါ့မယ်။ ခုလည်း တခြားရေးစရာတွေအများကြီးကျန်သေးတာမို့ ခုနပြထားခဲ့တဲ့ photography တွေကိုသာ အရင် စမ်းရိုက်ကြည့်ပေးပါ။
***********************************************************************
*** Metering Modes
ခုတခါ ထပ်ရှင်းပြမှာကတော့ metering mode တွေ နဲ့ focus ရွေးချယ်ပုံပါ။ ကင်မရာမှာ အဓိက metering mode (3) မျိုးရှိပါတယ်။
1. Matrix Metering (Nikon), Canon မှာဆိုရင်တော့ Evaluative Metering ပါ။
2. Center-weighted Metering
3. Spot Metering ပါ။
Matrix Metering ကို landscape photo တွေနဲ့ အလင်းအမှောင်ကွာဟမှု သိပ်မများတဲ့ scene တွေမှာ သုံးသင့်ပါတယ်။ သူက scene တစ်ခုလုံးရဲ့ အလင်းအမှောင်ကို အညီအမျှတွက်ချက်ပြီး result ထုတ်ပေးတာပါ။ street photo တွေမှာလည်းသုံးလို့ရပါတယ်။
Center-weighted Metering ကျတော့ scene တစ်ခုရဲ့ အလည်တည့်တည့်ကိုပဲ အဓိက ထားပြီး တွက်ပေးတာပါ။ subject ကို အလည်မှာထားတဲ့ပုံတွေမှာ သုံးသင့်ပါတယ်။ model ကို ပုံအလည်မှာထားတာမျိုး၊ ငှက်ရိုက်တာမျိုး၊ macro အနီးကပ်ရိုက်တာမျိုးတွေအတွက် သင့်တော်ပါတယ်။
Spot Metering ကတော့ ကိုယ် focus လုပ်လိုက်တဲ့ point ကိုပဲ အဓိက meter ဖတ်ပေးတာပါ။ model (subject) ကို အလည်မှာမဟုတ်ပဲ rule of third ပေါ်မှာ တင်ထားတာမျိုး၊ နေလုံးကို နောက်ခံထားပြီး subject တစ်ခုခုကိုရိုက်တာမျိုး၊ လကိုရိုက်တာမျိုးတို့မှာ အသုံးပြုသင့်ပါတယ်။ ကိုယ်ရွေးလိုက်တဲ့ subject ကို အဓိက exposure မှန်ချင်ရင် အသုံးပြုတာပါ။
*** Focus
Focus မှာတော့ ကိုယ်ရိုက်မယ့်ပုံက ရုပ်သေ(ငြိမ်နေတဲ့ပုံ) ကိုရိုက်မယ်ဆို (portrait လူပုံ၊ ပန်း၊ ရှုခင်းပုံ စသဖြင့်) ရိုက်ရင် focus mode မှာ Single-servo AF (AF-S) for Nikon, One-shot AF for Canon ထားသင့်ပါတယ်။
လှုပ်ရှားနေတဲ့ ဓါတ်ပုံကိုလိုက်ရိုက်မှာ (ငှက်ပျံနေတာ၊ မြင်းစီးနေတာ၊ ဘဲတွေရေကူးနေတာ) စသဖြင့်ကိုရိုက်မယ်ဆို Continuous Servo AF (AF-C) for Nikon, AI Servo AF for Canon မှာ ထားပြီးရိုက်ကူးရမှာပါ။ Tracking Point များတဲ့ ကင်မရာအမျိုးအစားတွေကတော့ ဒီနေရာမှာ အားသာ ပိုအသုံးတည့်ပါတယ်။
အဲ့လိုမှ ထားရတာခက်တယ်ဆိုလည်း Auto Servo AF (AF-A) for Nikon, AI Focus AF for Canon ဆိုတဲ့ Auto Focus Mode ရှိပါတယ်။ သူ့သာ ရွေးထားလိုက်ပါ။ ကိုယ်ရိုက်တဲ့ အခြေအနေပေါ်မူတည်ပြီး focus ကို ကင်မရာက auto လိုက် အလုပ်လုပ်ပေးပါလိမ့်မယ်။
နောက်တစ်ခုကတော့ Manual Focus mode ပါ။ သူကတော့ focus ring ကို လူကလိုက်လှည့်ပြီး focus ဖြတ်ပေးတာပါ။ ကျွမ်းကျင်သွားရင်တော့ ဒါက Pro တွေ အကြိုက်ဆုံး focus mode ပါ။ ကျွန်တော်လည်း အချိန်ရတဲ့အခြေအနေတွေမှာ ရိုက်ပါတယ်။ သူငယ်ချင်းတို့လည်း အေးဆေးအချိန်ရတယ်ဆို စမ်းရိုက်ကြည့်ပေါ့ဗျာ။
*********************************************************************
Metering လည်းပြီးပြီး Focus mode တွေလည်းပြီးပြီဆိုတော့ ခုတခါ White Balance နဲ့ Lighting အကြောင်းပါ။
*** White Balance
White Balance ကိုတော့ အများကြီးမရှင်းပြတော့ပါဘူး။ မိတ်ဆွေက ပုံကို Raw နဲ့ရိုက်ပြီး Lightroom မှာ ပြန် Edit မယ်ဆိုရင် White Balance က နောက်မှကိုယ်ကြိုက်သလို ပြန်ပြင်ဆင်လို့ရတဲ့အတွက် သူက ဓါတ်ပုံရိုက်စဉ် ဘာပဲရွေးထားရွေးထား အဓိက မကျတော့ပါဘူး။ ဒါပေမယ့် ဗဟုသုတအနေနဲ့ နောက်ပြီး JPEG နဲ့ပဲ ရိုက်မယ့်သူတွေအတွက်တော့ နည်းနည်းရှင်းပြချင်ပါတယ်။ White Balance ဆိုတာ ပြင်ပ အလင်းရောင်အခြေအနေတွေပေါ်မူတည်ပြီး ကင်မရာက လိုက်လျောညီထွေဖြစ်အောင် အရောင်လိုက်စပ်ပေးတဲ့ စနစ်ပါ။ ကိုယ်က creative art အနေနဲ့ ဆန်းဆန်းပြားပြားအရောင်တွေနဲ့ ရိုက်ချင်လည်းသုံးနိုင်ပါတယ်။ သူ့မှာ အရောင်ကို လူက လိုက်စပ်ပေးလို့ရသလို ကင်မရာက သတ်မှတ်ပေးထားတဲ့ presets လေးတွေလည်းရှိပါတယ်။
- Incandescent
- Fluorescent
- Direct sunlight:
- Flash
- Cloudy
- Shade
- Preset Manual စသဖြင့်ပါ။
Preset Manual ကတော့ လူကစိတ်ကြိုက်အရောင်စပ်ပေးတာပါ။ ဒါကတော့ Color Theory တွေ နားလည်မှ အဆင်ပြေပါလိမ့်မယ်။ White Balance မှာAuto လည်းရှိသမို့ ကျွန်တော်ကတော့ Auto မှာပဲ အမြဲထားပါတယ်။ ပြီးတော့ ကျွန်တော်က Raw နဲ့လည်းရိုက်လို့ပါ။ မိတ်ဆွေတို့လည်း White Balance အတွက် ခေါင်းရှုပ်မခံချင်ဘူးဆိုရင် Auto မှာပဲ ထားထားလိုက်ပါ။ များသောအားဖြင့် အဆင်ပြေပါလိမ့်မယ်။
*** Lighting
Lighting အပိုင်းမှာတော့ ကိုယ်က Portrait photography ပိုင်းကိုပိုစိတ်ဝင်စားတယ်။ pre wedding တွေ၊ wedding တွေ၊ ဘွဲ့မှတ်တမ်းဓါတ်ပုံတွေ တခြား model ပုံတွေ ဘာညာရိုက်ချင်တယ်ဆို ဦးစားပေးလေ့လာထားသင့်ပါတယ်။ Speedlight, Softbox စသဖြင့် lighting equipment တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ဖို့ ကင်မရာနဲ့ Lighting တွေရဲ့ ဆက်နွယ်မှုကို သေသေချာချာ လေ့လာနားလည်ထားဖို့ လိုပါတယ်။ ဒီ post မှာတော့ အဲ့ဒီ equipment အကြောင်းမဟုတ်ပဲ Natural light နဲ့ရိုက်တတ်ဖို့ကိုပဲ လမ်းညွှန်သွားမှာပါ။ lighting ပိုင်းမနိုင်ဘူးဆိုလည်း သိပ်တော့မစိုးရိမ်ပါနဲ့။ ကျွန်တော်ဆိုလည်း သဘာဝအလင်းနဲ့ပဲ ဖန်တီးရိုက်နေကျပါ။ အရင်ဆုံးကိုယ်ရိုက်မယ့်နေရာမှာ အလင်းရောင်ရနိုင်စရာ ဘာရှိလဲ အရင်လိုက်ကြည့်ပါ။ model ရိုက်ချင်လို့ အခန်းတွင်းအလင်းအားနည်းနေရင် အပြင်ထွက်ရိုက်ပါ(ရှင်းသွားတာပဲ ) ပြတင်းပေါက်ဖွင့်လိုက်တာဖြစ်ဖြစ်။ ပြတင်းပေါက်နားကပ်ရိုက်တာဖြစ်ဖြစ် သဘာဝအလင်းရောင်များများရတဲ့နေရာမှာပဲ ရိုက်ပါ။ တစ်ခါတလေ model ပေါ်အရိပ်တစ်ဝက်ကျနေတဲ့ ပုံတွေကလည်း အနုပညာဆန်ဆန် လှပတတ်ပါတယ်။ တစ်ခုသတိပြုရန်မှာ လူပုံ(Subject) နားအရမ်းကပ်ပြီး ကင်မရာရဲ့ pop up flash ကိုဖွင့်မရိုက်မိဖို့ပါပဲ။ မျက်နှာမှာ အဆီပြန်သလို အလင်းကွက်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အဲ့လိုမဖြစ်အောင် pop up flash ရှေ့မှာ ကာထားတဲ့ soft light accessory လေးတွေရှိပါတယ်။ ကင်မရာအရောင်းဆိုင်တွေမှာ ရှာဝယ်ကြည့်ပါ။ (ပုံမှာလည်း နမူနာပြထားပါတယ်) တခါတလေ ဖုန်းတွေမှာပါတဲ့ flash မီးနဲ့ပဲ lighting ပြုလုပ်ပြီး ရိုက်ကူးလို့ရပါသေးတယ်။
**********************************************************************
*** Composition
Composition ကတော့ ချဲ့ရင် ချဲ့သလောက် ကျယ်ပြန့်တာမို့ ရှိသမျှအကုန် မရှင်းပြတော့ပဲ အဓိက အချက်လေးတွေပဲ ဒီ post မှာ ရေးပေးပါမယ်။ အရင်ဆုံးက rule of third ပါ။
*** Rule of thirds ဆိုတာ ဓါတ်ပုံတစ်ပုံကို ဒေါင်လိုက် မျဉ်း (၂) ကြောင်း အလျားလိုက် မျဉ်း (၂) ကြောင်းနဲ့ အပိုင်း (၉) ပိုင်း ညီညီမျှမျှ ပိုင်းပြီး မိမိပြချင်တဲ့ အဓိက subject ကို ဓါတ်ပုံရဲ့ အလည်တည့်တည့်မှာ မထားပဲ ဘေးနားတစ်ဖက်ရဲ့ မျဉ်း (၂) ကြာင်း ဆုံတဲ့နေရာကို တင်ထားတာဖြစ်ပါတယ်။ ဓါတ်ပုံရိုက်တဲ့အခါ ကိုယ်က composition ဘယ်လိုထားရမှန်းမသိလို့ မရိုက်တတ်ဖြစ်နေရင် rule of third ပေါ်သာ တင်ထားလိုက်ပါ။ ပုံကောင်းတစ်ပုံမဟုတ်တောင် ဆိုးဆိုးရွားရွားပုံတစ်ပုံတော့ မဖြစ်လာနိုင်ပါဘူး။ ဒါပေမယ့် အားနေ rule of third နဲ့ချည်းပဲတော့ ရိုက်မနေနဲ့ပေါ့။ rule of third က portrait အတွက်ရော landscape အတွက်ရော သုံးလို့အဆင်ပြေပါတယ်။
*** နောက်တစ်ခုက rule of third နဲ့ဆန့်ကျင်ဘက် Symmetrical Balance ခေါ်တဲ့ ခေါက်ချိုးတူညီမျှတမှုပါ။ ပြချင်တဲ့ subject ကိုပုံရဲ့အလည်တည့်တည့်မှာ ထားပြီး ဘယ်ညာ အပေါ်အောက် ခေါက်ချိုးညီဟန်ချက်ညီမျှမှု ကိုပုံဖော်ထားတဲ့ ဓါတ်ပုံတွေပါ။
*** Framing ကတော့ ပြချင်တဲ့ subject ကို frame တစ်ခုခုထဲကို ထည့်ထားလိုက်တာပါ။ landscape ရော portrait မှာပါအသုံးပြုလို့ရပါတယ်။ ပြတင်းပေါက်ဘောင်ဖြစ်ဖြစ်၊ ဘုရားပုထိုးတွေရဲ့ မုဒ်ဦးတွေဖြစ်ဖြစ် frame အဖြစ်သုံးပြီးရိုက်လို့ရပါတယ်။ နောက်ဆုံး မျက်မှန်၊ သစ်ရွက်လိပ်လေးကိုတောင် frame အဖြစ်သုံးပြီး ရိုက်လို့ရပါသေးတယ်။
*** Line ကတော့ မျက်စိထဲ မြင်တဲ့ line တွေကို leading line တွေအဖြစ် ပုံဖော်အသုံးပြုလိုက်တာပါ။ မျဉ်းကွေး (curve) တွေလည်းအကျုံးဝင်ပါတယ်။ line တွေကိုအသုံးပြုပြီး ကိုယ်ပြချင်တဲ့ subject ဆီကို ကြည့်ရှုသူရဲ့ အမြင်အာရုံကို ဆွဲယူသွားစေတာပါ။
*** Patterns ကတော့ သံဇကာကွက်လိုမျိုး၊ ကြာခွက်လိုမျိုး၊ ပျားအုံလိုမျိုး ထပ်တူညီဖြစ်နေတဲ့ အကွက်တွေကို ပုံဖော်ရိုက်ကူးတဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။
Compositional technique တွေက အများကြီးရှိတာမို့ ဒီ post မှာတော့ အခြေခံအားဖြင့် ဒီလောက်ပဲ ရေးပေးပါမယ်။ နောက်ထပ် post တွေမှသာ Composition အကြောင်းသက်သက်ထပ်ရေးပေးပါ့မယ်။
(Composition အတွက် Sample ပုံတွေလည်းထည်ပေ့းထားပါတယ်။ ကြည့်ရှု့လေ့လာနိုင်ပါတယ်)။
ဒီနေရာမှာ ပြောချင်သေးတာ တစ်ခုက အစပိုင်းမှာရှင်းပြခဲ့တဲ့ Camera Setting တွေက Technical ပိုင်းတွေပါ။ ဘောင်ကန့်သတ်ထားတာတွေ သတ်မှတ်ထားတာတွေရှိပါတယ်။ Composition ပိုင်းကျ အနုပညာဖန်တီးမှုဖြစ်သွားပြီမို့ မိမိ ဈာန်ဝင်စားရင် ဈာန်ဝင်စားသလို ပုံဖော်လို့ရပါတယ်။ သတ်မှတ်ဘောင်တွေထဲက ဖောက်ထွက်ပြီး ပုံဖော်ခွင့်လည်းရှိပါတယ်။ ဒါပေမယ့် စည်းကမ်းကိုချိုးဖောက်ချင်ရင် ကိုယ်က စည်းကမ်းတွေကိုတော့ အရင်သိထားဖို့လိုပါလိမ့်မယ်။ အဲ့တာအတွက်တော့ နောင်ခါများမှ ရေးပေးပါတော့မယ်။
*** RAW ဖြင့်ရိုက်ပါ။
မိတ်ဆွေတို့ ဓါတ်ပုံရိုက်တဲ့ အခါ ကင်မရာရဲ့ဆက်တင်ထဲမှာ file format ကိုရွေးတဲ့ အခါ Raw နဲ့သာရွေးရိုက်ပါ။ memory card က နေရာလွတ်များလို့ အဆင်ပြေတယ်ဆို Raw + Jpeg fine နဲ့ရိုက်ပါ။ ဘာလို့ Raw နဲ့ ရိုက်ခိုင်းလဲဆို Raw နဲ့ရိုက်ထားတဲ့ ဓါတ်ပုံတွေက ကိုယ်ရိုက်ထားတဲ့ Detail တွေအကုန်ပါပါတယ်။ အဲ့အတွက် file size လည်းကြီးပါတယ်။ ကိုယ်ရိုက်တုန်းက နည်းနည်းမှောင်နေတာ၊ အလင်းများနေတာ ဘာပဲဖြစ်ဖြစ် သိပ်ကြီးမဆိုးရွားရင် Raw နဲ့ဆို ပြန်ဆယ်လို့ရပါတယ်။ JPEG ကျတော့ processing လုပ်ပြီးတဲ့ ပုံဖြစ်သွားပြီမို့ ပြန် Edit လုပ်တဲ့အခါ Raw လောက် detail တွေမပါတဲ့အတွက် သိသိသာသာ ပြင်ဆင်ပြောင်းလဲလို့မရတော့ပါဘူး။ အဲ့တာကြောင့် Raw နဲ့ Jpeg ဘယ်လိုရွေးရိုက်ရမလဲကို အကြံပေးရရင် ကိုယ်ကရိုက်ပြီး social media ပေါ်တန်းတင်ချင်တာမျိုး၊
exposure အကြောင်း ကျွမ်းကျင်နားလည်နေပြီမို့ editing သိပ်လုပ်ဖို့မလိုတော့ဘူးဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းမရှုပ်ရတဲ့ JPEG နဲ့သာရိုက်ပါ။ ဒါပေမယ့် လုံးဝ Serious photo တွေ၊ Landscape photo တွေဆိုရင်တော့ Raw နဲ့သာရိုက်ပါလို့အကြံပေးချင်ပါတယ်။
ဓါတ်ပုံရိုက်လို့ Quality ရွေးတဲ့ အခါ မှာလည်း ၂ ခါပြန်မစဉ်းစားပါနဲ့ အမြဲ Quality အမြင့်ဆုံးကိုသာ ရွေးပါ။ အဲ့လို Quality ကောင်းကောင်းလိုချင်လို့လည်း ကိုယ့်ကင်မရာကို ဈေးကြီးပေးရွေးဝယ်ထားရတာပဲ မဟုတ်ပါလား။
Video ရိုက်ဖို့ Video Qualiy ရွေးတဲ့ နေရာမှာတော့ ပြန်စဉ်းစားစရာရှိပါသေးတယ်။ ကင်မရာက 4K support လုပ်လို့ အမြဲ 4K နဲ့ရိုက်နေတာကိုတော့ အားမပေးပါ။ ကိုယ်တကယ် 4K resolution လိုရဲ့လား။ Social media ပေါ်တင်ရုံပဲဆို 4K နဲ့ ရိုက်ပြီးမှ File size မတရားကြီးနေလို့ Compress ပြန်လုပ်လိုက်တယ်ဆိုလည်း Resolution က ကျသွားမှာမို့ အစကတည်းက 720p , 1080p နဲ့ ရိုက်ခဲ့တာက ပိုကောင်းပါမယ်။ ရွေးချယ်ထားတဲ့ resolution ပေါ်မူတည်ပြီး တဆက်တည်း video ရိုက်နိုင်တဲ့ အချိန် အနည်း အများကွာသွားတာကိုလည်း သတိပြုပါ။
နောက်ပြီး Dslr camera နဲ့ Video ရိုက်ချင်လို့ ကိုယ်က Video Manual Setting တွေ မချိန်တတ်သေးဘူးဆိုရင် camera ကို Program Auto (P) မှာထားပြီး ISO ကို auto sensitivity မှာထားပြီးရိုက်ပါ။ အလင်းအမှောင်လိုအပ်ချက်ကို ကင်မရာက တွက်ချက်ပြီး သူ့ဘာသာ ဆောက်ရွက်ပေးသွားပါလိမ့်မယ်။ တစ်ခုသတိပြုရန်မှာ focus ကိုတော့ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ကိုယ်က အင်တာဗျူးလို သတင်းကြေငြာတာလို ရုပ်သေကိုရိုက်မှာလား လူလမ်းလျှောက်နေတာလို စက်ဘီးစီးနေတာလို ဘဲတွေရေကန်ထဲ ကူးနေတာလို လှုပ်ရှားမှုကိုရိုက်မှာလား ဒါမှမဟုတ် မြင်းစီး၊ဆိုင်ကယ်စီးနေတဲ့သူကို ရိုက်မှာလား စသဖြင့် သက်ဆိုင်ရာ focus mode ကိုရွေးချယ်တတ်ဖို့လိုပါတယ်။ Focus Mode တွေကတော့ အပေါ်မှာ ရေးပေးထားတဲ့အတိုင်းပါပဲ။ ပြီးတော့ Video Quality ကိုလည်း ကိုယ်လိုအပ်တဲ့အတိုင်း ရွေးချယ်နိုင်ပါတယ်။ 4K လား။ 1920x1080/30fps။ 1280x720/24fps လား ကိုယ်နှစ်သက်သလိုရွေးချယ်နိုင်ပါတယ်။
ဒီနေရာမှာ beginner user တွေအနေနဲ့ ကိုယ့်ကင်မရာရဲ့ menu setting တွေကို နှံ့နှံ့စပ်စပ်လေ့လာထားဖို့ အကြံပေးချင်ပါတယ်။ ဓါတ်ပုံရိုက်ချင်လို့ လိုအပ်တဲ့ setting ချိန်တဲ့အခါမှာ metering က ဘယ်မှာလဲ focus က ဘယ်နားမှာ သွားကြည့်ရမှာလဲ စသည်ဖြင့် နေရာတွေ မသိရင် အချိန်တွေကြာ စိတ်ညစ်ရပါလိမ့်မယ်။ ဒါပေမယ့် ကင်မရာအများစုမှာ အဲ့လိုအရေးကြီးတဲ့ setting တွေကို Body ပေါ်မှာ ခလုတ်လေးတွေနဲ့ စီစဉ်ပေးထားတာရှိပါတယ်။ ကိုယ့်ကင်မရာကို ပြန်ကြည့်ပြီး လိုက်နှိပ်ကြည့်ပါ။ မသိရင် Manual Book ကို တစ်ခေါက်လောက်တော့ ဖတ်ကြည့်ပေးပါ။
အခုဆိုရင် beginner တွေ ဓါတ်ပုံဘယ်လိုရိုက်ရမယ်ဆိုတာ ကိုယ့်ဘာသာ စဉ်းစားလို့နားလည်သွားပြီထင်ပါတယ်။ ကျွန်တော်လည်း စဉ်းစားမိသမျှ နေ့လည်မှာ note လေးတွေ မှတ်ထားရင်း ညကျမှ ပြန်ပြန်ရေးရတာမို့ ပြည့်စုံသလောက် နီးနီးတော့ဖြစ်နေပါပြီ။ ကျန်ခဲ့တာ ထပ်ဖြည့်ချင်တာရှိရင် နောက်များမှ ထပ်ဖြည့်ပါတော့မယ်။
ကျွန်တော့်ကို တစ်ချို့က မေးကြပါတယ် အစ်ကိုဘာလို့ Sony / fujifilm နဲ့ဆိုင်တဲ့ Tutorial တွေမရေးတာလဲပေါ့။ တကယ်က ကျွန်တော် Sony ရော fujifilm ကိုပါမသုံးဖူး၊ မကလိဖူးလို့ပါ။ ကျွန်တော်နားလည်ထားတာ လေ့လာထားတာ စာတွေ့ပဲရှိတာမို့ ကိုယ်တကယ်မစမ်းဖူးပဲ စမ်းမရိုက်ဖူးပဲ ကျွန်တော် သိသလို တတ်သလို မရေးချင်လို့ပါ။ ပြီးတော့ တစ်ခါတလေ ကျွန်တော့်ကို Mirrorless ကင်မရာတွေအကြောင်းမေးလို့ သိပ်မရှင်းပြနိုင်တာလည်း ခုနလို ကျွန်တော်မသုံးဖူးသေးလို့ပါ။ ကျွန်တော်လည်း စိတ်ကရှိပေမယ့် အကုန်လိုက်ဝယ်ဖို့က မဖြစ်နိုင်တာမို့ အဲ့တာလေးကိုတော့ နားလည်ဖြည့်တွေးပေးစေချင်ပါတယ်။ ကျွန်တော်အသုံးပြုဖြစ်တဲ့အခါ သေချာမှတ်ထားပြီးပြန်ရေးပေးမှာပါ။ ခု မဖြေနိုင်တာကို စိတ်လည်းမကွက်ပါနဲ့။ သိတဲ့သူရှိရင်လည်း ဝင်ဖြေပေးသွားရင် အများကြီး ကျေးဇူးတင်မိမှာပါ။
ဒီ Post မှာ ကျွန်တော် အဓိက ပြောချင်တာက beginner တွေအတွက် ဘယ်ဓါတ်ပုံအမျိုးအစားကိုရိုက်ချင်ရင် ဘယ်လို ကင်မရာ ဆက်တင်ချရမလဲကို Tips ပေးတဲ့သဘောပါ။ ကျွန်တော် ပြောထားတဲ့အတိုင်း တသဝေမတိမ်း လိုက်ရိုက်ဖို့မဟုတ်ပါဘူး။ လိုက်ရိုက်လည်း လူတိုင်းထပ်တူကျတဲ့ပုံတွေ ထွက်လာမှာ မဟုတ်ပါဘူး။ အဲ့တာကိုလည်း နားလည်စေချင်ပါတယ်။ ဆက်စပ်လေ့လာရန် post များကိုလည်း အောက်မှာ ကျွန်တော် link တွေထည့်ပေးထားပါတယ်။ အချိန်အားရတိုင်း ကျွန်တော်လည်း ကျွန်တော်သိတာလေးတွေ မျှဝေပေးမှာမို့ page ကို see first လေးသာ လုပ်ထားပေးပါ။ တခြားရေးစရာတွေ အများကြီး ကျန်ပါသေးတယ်။ လူက မအားလို့သာ။ ဒီနေရာမှာ လူသစ်မိတ်ဆွေများကို ပြောချင်တာက ကျွန်တော် ခုလို စာတွေရေးနေတာ like လိုချင်လို့ share လိုချင်လို့မဟုတ်ပါဘူး။ like and share လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကျွန်တော်မကြည့်သလို စိတ်လည်းမဝင်စားပါဘူး။ ဟိုးယခင် like ၂၀၀ လောက်ကတည်းက ကျွန်တော်ရေးချင်တာလေးတွေ ရေးပေးနေတာပါ။ ဓါတ်ပုံပညာကို စိတ်ဝင်စားပြီး သင်တန်းတက်ရန်အခက်အခဲဖြစ်နေတဲ့သူတွေ ကိုယ်တိုင်လေ့လာဖို့ခက်နေသူတွေကို knowledge share လုပ်ပေးတဲ့သဘောပါ။ မည်သည့်အကျိုးအမြတ်အတွက်မှ မဟုတ်ပါဘူး။ like and share လုပ်ဖို့မလိုပါဘူး။ ဒီ page က မိတ်ဆွေအတွက် တစ်ခုခု အကျိုးရှိတယ်ဆို see first လေးပဲ လုပ်ထားပေးပါ။ ကျွန်တော်လည်း post တွေ ဗလပွ အမြဲတင်နေတဲ့သူမဟုတ်ပါဘူး။ အချိန်အားရတိုင်းတော့ တစ်ခုခုရေးပေးနေမှာပါ။ မိတ်ဆွေများအားလုံး ဓါတ်ပုံပညာမှာ ဆရာတစ်ဆူဖြစ်နိုင်ကြပါစေဗျာ။
#how_to_take_a_photo
#photography_tips
#mode_dial #metering #focus #composition
#knowledge_share
#admin
----------------------------------------------------------
DSLR / Mirrorless Camera တွေရဲ့ Mode Dial အကြောင်း
https://www.facebook.com/…/a.19108440891…/2007105929561344/…
DSLR ကင်မရာတွေရဲ့ Metering Mode အကြောင်း
https://www.facebook.com/tolearnphotography/posts/2009337472671523
Lenses နှင့် Lens ရွေးချယ်မှုများ (Lens အသစ်ဝယ်မယ်လို့ စဉ်းစားနေရင်ဖတ်ပါ)
https://www.facebook.com/tolearnphotography/posts/2013145572290713
ဓါတ်ပုံသမားတွေအတွက် အသုံးလိုသော Photo Editing Software များ
https://www.facebook.com/tolearnphotogra…/…/2016166161988654
မိမိတို့ ကင်မရာအတွက် Memory Card ကို ဘယ်လိုရွေးချယ်ကြမလဲ ?
https://www.facebook.com/tolearnphotography/posts/2017185138553423
နေဝင်ချိန်မှာ လှပတဲ့ဓါတ်ပုံများရအောင် ဘယ်လိုရိုက်ရမလဲ
https://www.facebook.com/tolearnphotography/posts/2009040096034594
Credit.. ..Original Writer
#ဓာတ်​ပုံပညာ ​လေ့လာရန်

No comments:

Post a Comment