CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 2, 2018
မန္တလေးက မူးယစ်ဆေးဝါးသုံးစွဲနေသည့်သတင်း လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာပြီးနောက်ပိုင်း ပူးပေါင်း အဖွဲ့များဖြင့် ရှာဖွေဖမ်းဆီးခဲ့
မန္တလေး ၂ ဇွန်
လူမှုကွန်ရက်စာမျက်နှာတွင် နာမည်ကြီးနေသည့် ကံကြီးကုန်း၊ ဇီးအုပ်ကျေးရွာရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲနေသည့် ဗီဒီယိုဖိုင် တက်လာပြီးနောက်ပိုင်း အဆိုပါနေရာရှိ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေသည့်နေအိမ်များအား ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ စတင်ဖမ်းဆီးခဲ့ ကြောင်းသိရသည်။
‘ပြည်သူတွေရဲ့ အန္တရာယ်အကြီးဆုံးဖြစ်တဲ့အတွက် ထိထိရောက်ရောက် တားဆီး နှိမ်နင်းတာပေါ့၊ အရင်ကလည်းဇီးအုပ်နဲ့ပတ်သက်ပြီး အကြိမ်ပေါင်းမြောက်မြားစွာ ဖမ်းဆီးခဲ့တယ်။ အမြစ်မပြတ်ဘူး ဖြစ်နေတာပေါ့။ ဒါကို အမြစ်ပြတ်အောင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရယ်၊ စည်ပင်သာယာရေးရဲတပ်ဖွဲ့ရယ် ပေါင်းပြီး အိမ်တွေကို ဝင်ရှာတယ်’ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ရုံး ၊ ဒုတိယရဲမှူးကြီး မျိုးအောင်မှ ပြောသည်။
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ၊ ကံကြီးကုန်း ၊ ဇီးအုပ်ကျေးရွာတွင်ရှိသည့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေသည့်အိမ်များအား စည်ပင်သာယာ ရဲတပ်ဖွဲ့ ၊ မူးယစ်ရဲတပ်ဖွဲ့ ၊ မန္တလေး ခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ကြသည်။
ယခုလိုဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးသုံးစွဲနေမှု တစ်မှု နှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိသည့် အိမ် အလုံး၂၀ ခန့်ကို ဖျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ အိမ်များသည် အကျယ် ၁၀ ပေ ပတ်လည် ခန့်ရှိသည့် မြေစိုက်အိမ်များဖြစ်ပြီး အိမ်အတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် အပ်များ ၊ ဆေးလိပ်များနှင့် အခြားဆက်စပ်ပစ္စည်းများတွေ့ရသည်။ အိမ်အတွင်းတွင် ဖုန်းမသုံးရန် ၊ ဆူညံခြင်းမပြုရန် တားမြစ်ထားသည့် စာအချို့ ကပ်ထားသည်ကိုလည်း တွေ့မြင်ရသည်။
ကံကြီးကုန်း ၊ ဇီးအုပ်ကျေးရွားများတွင် မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်လည်း ဆွေးနွေးခဲ့သည်။
‘မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ ကံကြီးကုန်း ၊ ဇီးအုပ်ကျေးရွာများဟာ လွတ်မြောက်နယ်မြေကြီးလို ဖြစ်နေပါတယ်။ အိမ်ခြေ ၃၆၀၀ ရှိပါတယ်။ အဲဒီအထဲမှာ အိမ်ပေါင်း ၄၀ လောက်က မူးယစ်ဆေးဝါးရောင်းဝယ် နေတာပါ။ ညပိုင်းဆိုရင် ပွဲတော်ကြီးလို ပေါ်ပေါ်တင်တင် ရောင်းဝယ်နေတာပါ။ မူးယစ်ဆေးဝါး သုံးပြီး ရှော့ခ်ဖြစ်သေဆုံးနေတဲ့သူက နေ့စဉ် အနည်းဆုံး တစ်လောင်း ရှိပါတယ်။ တခါတရံ သေလုမျောပါး အခြေနေနဲ့ အမှိုက်ပုံမှာ ပစ်ထားတာတွေလည်းရှိပါတယ်’ဟု အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ချမ်းမြသာစည်မြို့နယ် ၊ မဲဆန္ဒနယ်မြေ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူ၊ သုံးစွဲသူများအား သတင်းအရ စဉ်ဆက်မပြတ်ဖမ်းဆီးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီးမျိုးအောင်မှ ဆိုသည်။
မူးယစ်ဆေးဝါး ရောင်းဝယ် ၊ သုံးစွဲနေမှုနှင့် ဆက်စပ်သည့် အမျိုးသား ၇ ဦးနှင့် အမျိုးသမီးနှစ်ဦးကိုဖမ်းဆီး ထားကြောင်းသိရသည်။
အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မန္တလေးက မူးယစ်ဆေးဝါးသုံးစွဲနေသည့်သတင်း လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာပြီးနောက်ပိုင်း ပူးပေါင်း အဖွဲ့များဖြင့် ရှာဖွေဖမ်းဆီးခဲ့
Reviewed by MP4 YoU
on
June 02, 2018
Rating: 5
Reviewed by MP4 YoU
on
June 02, 2018
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment