Latest News

Thursday, April 5, 2018

ခုလိုဘိန်းစေးခြစ်တဲ့ရာသီရောက်လာရင်......


မိန်းကလေးတစ်ယောက် သူစိမ်းယောက်ျားလေးတွေရှေ့မှာ ရှိုက်ပြီးမျက်ရည်ကျနေတာကြုံဖူးလား။ သူတော့ဘယ်လိုနေမယ်မသိဘူး ကျွန်တော်တို့နှစ်ယောက်လုံး သူ့အကြောင်းနားထောင်ပြီးတော့ ဘယ်လိုနှစ်သိမ့်ရမှန်းတောင်မသိဘဲ နှုတ်ဆိတ်နေမိတော့တယ်။

သူ့နာမည်က နန်းဗွာ(လို့ပဲမှတ်ထားပါ)။ အသက် ၂၅ လောက်၊ လုပ်ရတဲ့အလုပ်က ကြုံရာကျပန်း။ ရှမ်း(တောင်)ပိုင်းမှာက ဘိန်းတွေစိုက်ကြတော့ ဒီလိုရာသီဆို ဘိန်းခင်းထဲမှာ နေ့စားနဲ့ ဘိန်းစေးလိုက်ခြစ်တယ်။
ဘိန်းခင်းထဲမလိုက်ရရင်တော့ ဆီဆိုင်မြို့ပေါ်သွားပြီး ခေါင်းရွက်ဗျက်ထိုးနဲ့ဈေးရောင်းတယ်။

ကြုံရာလုပ်နေရတဲ့ ဒီမိန်းကလေးက စာမတတ်လို့လား၊ ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းထွက်ခဲ့ရလို့လား။
မဟုတ်ပါဘူး …
နန်းဗွာက တောင်ကြီး တက္ကသိုလ်ကနေ ဒဿနိကဗေဒနဲ့ ဘွဲ့ရထားပါတယ်။ သူ့အိပ်မက်က ရွာကကလေးတွေကို စာပြန်သင်ပေးတာ။ ရွာကျောင်းမှာ ဆရာမတွေခေါ်တော့ လျှောက်ပါတယ်။ ဒါပေမယ့် အရွေးမခံရပါဘူး။ နောက်တော့ ရွာကလူနဲ့အိမ်ထောင်ကျပြီး ကြုံရာ လုပ်နေရတာ။

ငယ်ငယ်ကတည်းကလည်း ဘိန်းခြံတွေမှာနေ့စားလိုက်တာတဲ့အတွေ့အကြုံရှိတော့ စုထားတဲ့ငွေတွေနဲ့ခြံဌားပြီး ကိုယ်ပိုင်ဘိန်းစိုက်ကြည့်ပါတယ်။ သူစိုက်တဲ့နှစ်မှာပဲ လက်နက်ကိုင်တွေက လာဖျက်သွားလိုက်တာ ရှိတဲ့ပိုက်ဆံကုန်ပြီးတော့ အကြွေးပါတင်ပါတယ်။

ခုတော့ ကလေးနှစ်ယောက်တာဝန်အပြင် အဲဒီအကြွေးတွေဆပ်နေရတုန်း။

ယောက်ျားရှိတယ်ပြောတော့ သူကဘာလုပ်နေလဲပေါ့။
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးတွေတော်တော်ကိုပေါပါတယ်။ အောက်ပြည်အောက်ရွာမှာ အလှူမင်္ဂလာဆောင်ရင် ကာလသားတွေကို အရက်တိုက်သလိုမျိုး သူတို့အရပ်မှာ မင်္ဂလာဆောင်မှာ ယာဘ နဲ့ ဧည့်ခံတာမျိုးတောင်ရှိနေပါပြီ။
ဒါကြောင့်ယောက်ျားတွေက ဆေးစွဲနေကြတာများတယ်။ မိန်းကလေးတွေက အိမ်ထောင့်တာဝန်တစ်ခုလုံး ထမ်းရတဲ့အပြင် ယာဘ ဖိုးတောင်ရှာပေးနေရတာတွေရှိပါတယ်။

နန်းဗွာကတော့ သူနိုင်သလောက် အိမ်ထောင့်တာဝန်ထမ်းပေမယ့် အလုပ်မကောင်းတဲ့နေ့ဆို သူ့ယောက်ျားက ဆူပါသေးတယ်။
ဒီတိုင်းဆူတာခံနိုင်ပေမယ့် တတ်ထားတဲ့ပညာကိုပါ ထိပါးပြီးပြောတာကိုတော့ သူခံနိုင်ရည်ရှိပုံမရပါဘူး။
အိမ်မှာ ချိတ်ထားတဲ့ ဘွဲ့ဓာတ်ပုံကိုကြည့်ပြီး ‘နင့်ဘွဲ့က ဘာသုံးစားရလို့လဲ ချိတ်ထားတာအလကားပဲ’ ဆိုပြီး စာမတတ်တဲ့သူ့ယောက်ျား အပြစ်တင်တဲ့အကြောင်း ပြောပြနေတုန်းမှာတော့ သူစိတ်သူမထိန်းနိုင်တော့ဘဲ ရှိုက်ရှိုက်ပြီး ငိုနေပါတော့တယ်။

နန်းဗွာအကြောင်းရေးပြတော့ သူ့ဟာသူ ဘိန်းစိုက်လို့ဆင်းရဲနေတာ ငါတို့ကကပြရမှာလားဆိုပြီး တွေးနေတဲ့လူတွေရှိချင်ရှိမှာပါ။ ကျွန်တော်လည်း အရင်ကအဲ့လိုထင်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဘိန်းဘာလို့ စိုက်ရလဲဆိုတာ ဆက်စပ်လို့ပြောပြချင်ပါသေးတယ်။

ကျွန်တော်တို့ရုပ်ရှင်တွေထဲမှာမြင်ဘူးတဲ့ ပိုက်ဆံကို သေတ္တာလိုက်နဲ့ ဘိန်းအရောင်းအဝယ်လုပ်နေကြတာမျိုးက ဘိန်းကုန်သည်တွေပါ။ အဲဒီလို ဘိန်းကုန်သည်တွေက ချမ်းသာတာမှန်ပေမယ့် ဘိန်းစိုက်တောင်သူအများစုက ဆင်းရဲကြပါတယ်။

ကျွန်တော် နယ်စုံက ဘိန်းစိုက်တောင်သူ ၂၀ လောက် ကိုတွေ့ပြီးမေးကြည့်၊ လေ့လာကြည့်ခဲ့ပါတယ်။ ဘိန်းအထွက် ကောင်းပြီး အဖျက်အဆီးမရှိမှသာ ငွေပိုငွေလျှံရတာပါ။ ပုံမှန်တော့ စားရုံသောက်ရုံလောက်ပဲရတယ်။ အစိုးရ က ဖြစ်ဖြစ် လက်နက်ကိုင်ကဖြစ်ဖြစ် လာဖျက်တဲ့နှစ်ဆိုရင်တော့ နောက် သုံးလေးနှစ်လောက်အထိ မြေဆီဖိုးတွေ လုပ်အားခကြွေးတွေထိုင်ဆပ်ပေတော့ပဲ။

ဒါနဲ့များဘာလို့စိုက်နေသေးလဲမေးစရာရှိတယ်။ တော်တော်များများက ရွေးချယ်စရာမရှိလို့ကို စိုက်တာပါ။ ဟိုးအရင် သနပ်ဖက်စိုက်ကြတာ။ ဆေးပြင်းလိပ်လိပ်တဲ့အရွက်လေ။ တစ်ပိဿာမှ ကျပ် ရာဂဏန်းလောက်ပဲ ရပြီး သနပ်ဖက်က တော်တော်အလုပ်ရှုပ်ပါတယ်။ အသီးအနှံတွေ ကျပြန်တော့လည်း ဆိုင်ကယ်လမ်းတောင်မပေါက်တဲ့ တောင်ပေါ်ကနေပြန်သယ်ဖို့က တော်တော်ခက်ပါတယ်။ စိမ့်နေအောင်အေးတဲ့ရှမ်းတောင်ပေါ်လမ်းတွေက လူချည်းပဲလမ်းလျှောက်ရတာတောင် ချွေးပြန်ပါတယ်။ မြို့ပေါ်က ဒိုင်သွားရောင်းရင် သယ်ယူစရိတ်နဲ့မကာမိပါဘူး။ သိပ်မကြာသေးဘူး ခရမ်းသီးတွေကို လမ်းခင်းပစ်တဲ့ ပုံမြင်လိုက်ရမှာပါ။ အဲ့တာမျိုးတွေက သူတို့ကြုံခဲ့ပေါင်းများပါပြီ။

ဒီလိုနဲ့ အရှုံးကြီးရှုံးနေတဲ့ သီးနှံတွေနေရာမှာ တစ်ဧကစာကို ကျောပိုးအိတ်ထဲထည့်သွားလို့ရတဲ့ ဘိန်းကိုပဲစိုက်ကြတော့တယ်။

မြန်မာပြည်က ဘိန်းစိုက်ပျိုးမှု ကမ္ဘာမှာ နံပါတ် ( ၂) ။ ကိုယ့်ရှေ့မှာက တိုင်းပြည်ပျက်နေတဲ့ အာဖဂန်။ မြန်မာပြည်မှာ တစ်နှစ်ကိုဧက တစ်သိန်းခွဲလောက်စိုက်နေကြပါတယ်။

ဒီကိန်းဂဏန်းကိုကြည့်မယ်ဆိုရင် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အရှိတရားကတော့ တိုင်းရင်းသား လူမျိုး အိမ်ထောင်စုများစွာရဲ့ ထမင်းအိုးဟာ ဒီလုပ်ငန်းနဲ့ဆက်သွယ်နေပါတယ်။
ဘိန်းပပျောက်အောင် ဆိုပြီး အစိုးရအဆက်ဆက်က ခုလို ဘိန်းတွေအစေးခြစ်လို့ရတဲ့ရာသီတွေရောက်ရင် လိုက်ဖျက်ပါတယ်။ တစ်နှစ်ကို ဧက ၃၀,၀၀၀ လောက်ကိုဖျက်ပါတယ်။ တစ်နှစ်ကို အိမ်ထောင်စု သောင်းနဲ့ချီပြီး စီးပွားပျက်ပါတယ်။ စီးပွားပျက်တဲ့လူတွေက ထိုင်းတို့ မလေးရှားတို့သွားအလုပ်လုပ်ကြပါတယ်။ နောက်ဆုံး ရွာတွေမှာ အသုဘလိုက်ထမ်းမယ့် လူငယ်လူရွယ်တောင်ရှားကုန်တဲ့အထိပါပဲ။
နဝတ ခေတ်ကတည်းက ဘိန်းပပျောက်ရေးဆိုပြီး ဒီလိုတွေလိုက်ဖျက်နေတာ ပိုနက်တဲ့ လူမမြင်နိုင်တဲ့နေရာတွေပဲထပ်ရွှေ့သွားပြီး ခုထိကို မအောင်မြင်ပါဘူး။

ဘိန်းစိုက်တဲ့ရွာတွေကို ကျွန်တော်တို့ရောက်ခဲ့တာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD မဲနိုင်ပြီး နောက် ၃ လလောက်ကြာချိန်မှာပါ။ NLD ကို မဲပေးခဲ့တဲ့ ဒီရွာတွေက သူတို့ဘဝအပြောင်းအလဲကိုလည်း အများကြီး မျှော်လင့်ထားပါတယ်။ ရှမ်းပါတီကိုမဲပေးတဲ့လူတွေလည်း ဒီလိုပဲမျှော်လင့်ကြပါတယ်။ အစားထိုးသီးနှံတွေရလာမယ်၊ အဲဒီသီးနှံဈေးကွက်တွေဖော်ပေးမယ်၊ နောက် အစားထိုးမပေးနိုင်သေးတဲ့နေရာမှာတော့ လက်ငုပ်လုပ်ငန်းတွေလုပ်ခွင့်ရမယ်ပေါ့။

NLD အစိုးရတက်လာရင် သူတို့ရှမ်းပြည်ကိုစက်ရုံတွေရောက်လာမှာ ဆိုပြီး ယုံကြည်နေတဲ့ ပအိုဝ်းအဖွားအို တွေရှိပါတယ်။ ထိုင်းကကွန်ကရစ်တောတန်းတွေကြားမှာရောက်နေတဲ့ သူ့သားသမီးတွေကတော့ မျက်ရည်စက်လက်နဲ့ ရှမ်းတောင်တန်းတွေကိုလွမ်းနေပါသတဲ့။ စက်ရုံတွေရောက်လာရင် သူ့သားသမီးတွေပြန်ခေါ်ပြီးတော့ သူမသေခင် သားသမီးတွေ မြေးတွေနဲ့ နေသွားချင်သေးတာပေါ့။ သူကလည်း ရောဂါအစုံနဲ့ကျန်းမာရေးမကောင်းပါဘူး။ အရင်မန္တလေးဆေးရုံမှာဆေးသွားကုပေမယ့် သူ့အခင်းတွေဖျက်ခံရတာ အကြွေးတွေတင်နေတော့ ခုဆို ဆေးလည်းသွားမကုနိုင်တော့ပါဘူး။

နှစ်နှစ်ကြာပြီးတဲ့အချိန်သူတို့ဘာတွေဖြစ်နေကြပြီလဲ ကျွန်တော်မသိတော့ပါဘူး။ သူတို့နဲ့လည်း ပြန်မဆုံချင်တော့ပါဘူး။ သူတို့မျှော်လင့်တာတွေ ဘာလို့ ဖြစ်မလာတာလဲ မေးရင် ကျွန်တော်လည်းမဖြေတတ်ပါဘူး။
အစားထိုးသီးနှံတွေ၊ ထွက်လာတဲ့သီးနှံကိုဈေးကွက်ဖော်ပေးတာတွေလုပ်မလုပ်မသိတော့ပါဘူး။
ပြည်မမှာတောင် ပဲဈေးကွက်မဖော်နိုင်လို့ အရောင်းအဝယ်တွေ မကောင်းကြဘူးမဟုတ်လား။

ဒီဟာတွေ မမြင်ချင်မကြားချင်ပေမယ့်လည်း ခုလိုဘိန်းစေးခြစ်တဲ့ရာသီရောက်လာတော့ အရင်အစိုးရတွေလက်ထက်ကလိုပဲ အစဉ်အလာမပျက် ဘိန်းခင်းတွေကို သွားဖျက်ကြတဲ့ သတင်းတွေတော့ မြင်နေရတုန်းပါပဲ။

#credit