Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 20, 2017

ညနေခင်းလေးရဲ့ ဒုက္ခတောင်ထိပ်(စန်းဇော်ထွေး)



ညနေခင်းလေးရယ်
မင်းမလဲ မှိုင်းအိုလှချေကလား
နေလေးစောင်းသွားခါရှိသေး
စိမ့်အေးလာပြီ။

ညနေခင်နှင်းတွေဆိုတာ
အကောင်အထည် မမြင်ရပေမယ်
သိပ်ကြောက်စရာကောင်းတယ်။
ကြည့်လေ
အိပ်တန်းပြန် ငှက်တွေကိုတောင်
သိပ်မမြင်ရတော့ဘူး။
ဘာပဲပြောပြော
ဆောင်းအအေးနဲ့အတူ
မင်းရင်ခွင်ထဲက
ပျောက်ဆုံး ပျောက်ဆုံးသွားကြရတဲ့
နေမင်းကြီးရယ်
ငှက်ကလေးတွေရယ်ကို
မင်းသိပ်ပြီး မှိုင်းမှိုင်းအိုအိုကြီး
လွမ်းဆွတ်မနေပါနဲ့ ကွာ။

ဘာလို့ဆို
တို့တတွေ တနေကုန် ချွေးစို့အောင်
ရန်သူလား မိတ်ဆွေလား
ခွဲခြားနေခဲ့ကြတာပဲမဟုတ်လား

ချွဲသလိပ်တွေကို
ဟိုနေရာထွေ ဒီနေရာထွေ မလုပ်ပါနဲ့ကွာ
ညနေခင်းလေးရာ။
အေးလာပြီဆို
မင်အဆုတ်ထဲမှာ အချုပ်အခြာကို
လုယူဖို့ ဒီကောင်တွေ ကြိုးစားနေတယ်တယ်ဆိုတာ
ငါတို့သိပါတယ် ညနေခင်းလေးရယ်။

ပိန်ချိနေတဲ့မင်းခန္ဓာနိုင်ငံလေးမှာ
အရိုးတွေ ငေါ်ထွက်လာတဲ့အထိ
မင်းချောင်းတဟွတ်ဟွတ်ဆိုးတဲ့အခါ
ညနေခင်းလေး
မင်းခန္ဓာကိုယ် နိုင်ငံလေးထဲမှာ
ရောဂါတွေ စိုးမိုးအုပ်ချုပ်နေကြပြီဆိုတာ
ငါတို့သိပါတယ် ညနေခင်းလေးရယ်

အကြောတွေပြိုင်းပြိုင်းထနေပေမယ်
မင်းရဲ့ဧရာဝတီဟာ
ရေစီး မသန်တော့ဘူးဆိုတာ
ငါတို့သိပါတယ် ညနေခင်းလေးရယ်။

မင်းရဲ့ တချိန်က
လတ်ဆတ်စိုပြေတဲ့ အသားအရေတွေကို
ထွင်ဖောက်ပြီး
အိုင်းအနာ ပြည်ပေါက်တွေက
မင်းရဲ့ သယံဇာတတွေကို
လှိုက်စားနေကြတယ်ဆိုတာ
ငါတို့တွေ သိပါတယ် ညနေခင်းလေးရယ်။

မခံနိုင်လွန်တဲ့အခါ
နာနာကျင်ကျင်ကြီး
မင်းငြီးငြူလိုက်သံကိုလည်း
ငါတို့တွေ ကြားနေရပါတယ် ညနေခင်းလေးရယ်။

ဟော----!!!!!
အမှောင်တွေ သိမ့်သည်းကျဆင်းလာကြပြီး
ထ စမ်းပါ ညနေခင်းလေးရယ်
ကုန်ရုန်းထလိုက်စမ်းပါ။
ရှိသမျှအားနဲ့
ညဥ့်ဦးယံဆီ ငါတို့ချီတက်ကြမယ်
ည သန်းခေါင်
ဒုက္ခတောင်ထိပ်အရောက်
တို့ ချီတက်ကြမယ်။
မင်းလဲရင် ငါတွဲမယ်
ငါလဲရင် မင်းတွဲမယ်
နံနက်ခင်နေခြည် ဘယ်အရပ်ဆီမှာ
ရှိတယ်ဆိုတာ ငါတို့တွေသိတယ်။
ဒုက္ခတောင်ထိပ် အမြင့်ဆုံးနေရာကနေ
ငါတို့ မျှော်ကြည့်ကြရအောင်လေကွာ။

စန်းဇော်ထွေး
၂၈ ၁၂ ၂၀၀၆
တောင်ကြီးထောင်မှာ တီဘီ ဝဲ အိပ်အိုင်ဗွီ ဝေဒနာရှင်များ ထူပျောသော ကာလတုန်းက သူတို့ကို အားပေးချင်တာနဲ့ ရေးဖြစ်တဲ့ ကဗျာပါ။

No comments:

Post a Comment