Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 3, 2017

လေယာဉ် ထွင်သူဟာ ရိုက်ညီနောင်လား?


လေယာဉ် ထွင်သူဟာ ရိုက်ညီနောင်လား?

အလွယ်ပြော ကြတာကတော့ အမေရိကန် ရိုက်ညီနောင် ဟာ လေယာဉ်ကို တီထွင် သူတွေ ဖြစ်ပါတယ်။

တကယ် တော့ လေယာဉ်ဟာ ခေတ်အဆက်ဆက် လူပေါင်းများစွာရဲ့ လုပ်ဆောင်ချက်တွေက ပေါ်ထွက်လာတဲ့ အသီးအပွင့် ဖြစ်ပါတယ်။

ဒါဆို ဘာကြောင့် ရိုက်ညီနောင်ဟာ လေယာဉ်တီထွင်သူများ အဖြစ် အသိအမှတ် အပြုခံရတာလဲ။ တကယ်လက်တွေ့မှာ လေယာဉ်တစီး ဖြစ်လာဘို့ လိုအပ်ချက်တွေ အများကြီး ထဲက သူတို့တွေဟာ ဘာကို တီထွင်ခဲ့တာ ပါလဲ။

လူအများဟာ သုတေသန လုပ်ငန်းနဲ့ တီထွင်မှုရဲ့ သဘာဝကို နားမလည်ကြ ပါဘူး။ တကယ်တော့ တီထွင်သူ inventor ဆိုတာဟာ နှစ်ပေါင်းများစွာက စုဆောင်းထားတဲ့ collective ဗဟုသုတတွေ knowledge နဲ့ အတွေ့အကြုံ experience တွေကို လက်တွေ့အသုံးတည့်အောင် ဖန်တီးနိုင်သူတွေ သာဖြစ်ပါတယ်။ အစကနေ အဆုံး သူတဦးတယောက်တည်း က ရှာဖွေတွေ့ရှိ တီထွင်သွားသူဆိုတာ မရှိပါဘူး။

ဥပမာ။ လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူ အယ်ဒီဆင်ဟာ မီးသီးတမျိုးကိုသာ တီထွင်ခဲ့သူပါ။ လျှပ်စစ် electricity ရယ် thermoelectric effect လျှပ်စစ်နဲ့ အပူ ဆက်စပ်မှုရယ် စတဲ့ သဘောတရားတွေဟာ အယ်ဒီဆင် မတိုင်ခင် ကတည်းက ပညာရှင်ပေါင်း များစွာတို့က သုတေသနပြု ခဲ့မှတ်တမ်းတင်ခဲ့ ပြီး ဖြစ်ပါတယ်။

အတတ်နိုင်ဆုံး လူအများ နားလည်အောင် ဒီ post မှာ ရေးပြရှင်းပြ ပါ့မယ်။

ရိုက်ညီနောင် လေယာဉ်နဲ့ ပတ်သက်ပြီး တီထွင်စမ်းသပ်မှုတွေ မလုပ်ခင် ၁၈၉၀ ပြည့်နှစ် အစပိုင်းမှာ လေကြောင်းပညာ သမိုင်းမှာ အရေး ပါတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ ပါတယ်။

၁၈၉၆ မေလမှာ Smithsonian Institution က Samuel Langley ဟာ ရေနွေးငွေသုံး အင်ဂျင်ကို အသုံးပြုပြီး လူမပါတဲ့ လေယာဉ် (unmanned fixed-wing model aircraft) ကို အောင်မြင်စွာ ပျံသန်းပြနိုင်ခဲ့ ပါတယ်။

အဲဒီ နှစ် အလယ်ပိုင်းလောက်မှာ ဘဲ ချီကာဂိုက အင်ဂျင်နီယာတဦး ဖြစ်တဲ့ Octave Chanute က ဂလိုက်ဒါ ပြုလုပ်စမ်းသပ်သူတွေကို ဖတ်ခေါ်ပြီး မစ်ရှိဂန် ကန်စပ်မှာ စုပေါင်း ပြသပွဲတခု ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်လမှာ ဂလိုက်ဒါ စမ်းသပ်သူ Lilienthal ဟာ စမ်းသပ်မှုတွေပြုလုပ်ရင်း ဂလိုက်ဒါ ပျက်ကျသေဆုံးခဲ့ ပါတယ်။

ဒါတွေဟာ ရိုက်ညီအကို မတိုင်ခင် လေယာဉ်တီထွင်မှု ရဲ့ အခင်းအကျင်းဖြစ်ပါတယ်။ ဒီ အဖြစ်အပျက်တွေ ကြောင့် ရိုက်ညီအကိုအတွက် စဉ်းစားစရာတွေ အများကြီး ရခဲ့ပါတယ်။

အထူးသဖြင့် Lilienthal ရဲ့ ဂလိုက်ဒါ ပျက်ကျမှု ဟာ ရိုက်ညီအကိုရဲ့ တီထွင်မှုအတွက် အဓိက တွန်းအား ဖြစ်ပါတယ်။ ဝီဘာ က Lilienthal ဟာ ကြီးမြတ်တဲ့ ရှေ့ဆောင်လမ်းပြတဦး ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်နေဘို့ မလိုပါဘူး။ လို့ ပြောဘူးပါတယ်။

၁၈၉၉ နောက်ပိုင်း မှာတော့ ရိုက်ညီနောင်ဟာ Sir George Cayley, Chanute, Lilienthal, Leonardo da Vinci နဲ့ Langley စသူတို့ရဲ့ ပုံစံတွေ ဒီဇိုင်းတွေ တွေ့ရှိချက်တွေကို တခုစီ အသေးစိတ် လေ့လာခဲ့ ပါတယ်။

ရိုက်ညီနောင်ရဲ့ ရည်မှန်းချက်ကတော့ လေယာဉ် ပျံသန်းရာမှာ ကြုံတွေ့ရတဲ့ လေယာဉ်ထိန်းချုပ်မှု စနစ် (pilot control method) ကို တီထွင်ဘို့ ဖြစ်ပါတယ်။

ဒါဟာ အခြား တီထွင်စမ်းသပ်သူများနဲ့ ရိုက်ညီနောင်တို့ မတူညီတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီအချိန်က တီထွင်စမ်းသပ်သူများဟာ လေယာဉ်မပျံသန်းနိုင်တဲ့ အဓိကပြဿနာဟာ စွမ်းအားမလုံလောက်လို့ ဟု ယူဆကြပါတယ်။ ဒါကြောင့် သူတို့ဟာ စွမ်းအားမြင့် အင်ဂျင် (powerful engine) တွေ တည်ဆောက်ဘို့ ရည်ရွယ်ပါတယ်။

ရိုက်ညီအကိုကတော့ လေယာဉ်မှာ စွမ်းအားဟာ အရေးကြီးသလို ပျံသန်းမှုထိန်းချုပ်ရေး ဟာလည်းအရေးကြီးတယ် လို့ယူဆပါတယ်။ Lilienthal ရဲ့ ဂလိုက်ဒါ ပျက်ကျမှု မှာ ပျံသန်းမှုထိန်းချုပ်ရေးကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် လေဆန်ကို ပျံတက်ရာမှာ လေယာဉ်ကို ငြိမ်အောင် မထိန်းထားနိုင်ရင် ဂလိုက်ဒါအဆင့်ကနေ လေယာဉ်အဆင့်ကို မရောက်နိုင်ဘူးလို့ ယုံကြည်ပါတယ်။

ဒါကြောင့် သူတို့ဟာ ကိုယ်တိုင်လုပ် wind tunnel တခုကို အသုံးပြုပြီး လေယာဉ် အတောင်ပံနဲ့ ပန်ကာဒလက် (wings and propellers) ဒီဇိုင်းမျိုးစုံ ပြုလုပ် စမ်းသပ်ပြီး အချက်အလက်နဲ့ သဘောတရားတွေ ကို လေ့လာမှတ်သားပါတယ်။

တကယ်တော့ ရိုက်ညီနောင်ရဲ့ အဓိက တီထွင်မှု
(fundamental breakthrough) ဟာ ဝင်ရိုး ၃ခု ထိန်းချုပ်မှု (tree-axis control) ဖြစ်ပါတယ်။

သူတို့ ညီအကိုရဲ့ ပထမဆုံး တီထွင်မှု မှတ်ပုံတင် U.S. patent, 821,393 ဟာ လေယာဉ် (flying machine) တီထွင်မှု မဟုတ်ဘဲ လေယာဉ်ပျံသန်းမှုကို ထိန်းချုပ်တဲ့ စနစ် (system of aerodynamic control) ဖြစ်ပါတယ်။

သူတို့ရဲ့ တီထွင်မှုကြောင့် လေယာဉ်မောင်းသူဟာလေယာဉ်ကို လိုသလိုထိန်းချုပ် နိုင်သလို ပျံသန်းရာမှာ လည်း ပိုပြီး တည်တည်ငြိမ်ငြိမ် ဖြစ်စေ ပါတယ်။ ဒါဟာ Lilienthal ရဲ့ ဂလိုက်ဒါ ပျက်ကျမှု မှာ အဓိက အရေးပါတဲ့ အားနည်းချက်ဖြစ်ပါတယ်။

ရိုက်ညီနောင်ရဲ့ tree-axis control ဟာ ယနေ့ခေတ် လေယာဉ်များ (fixed-wing aircraft) အားလုံးမှာ စံအဖြစ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

ဒါဟာ ရိုက်ညီနောင်ရဲ့ တီထွင်မှုဖြစ်ပြီး လေယာဉ်တစီး ဖြစ်လာဘို့ အတွက် ဒါမှမဟုတ် လေယာဉ်တွေ ကို လက်တွေ့ဘဝတွေထဲကို ဝင်လာခွင့်ရဘို့ လမ်းဖွင့်ပေးလိုက် တာဖြစ်လို့ ရိုက်ညီနောင်ကို လေယာဉ်တွေရဲ့ ဖခင်တွေ အဖြစ် အသိအမှတ်ပြုခဲ့ ကြပါတယ်။

ဒါဆို ရိုက်ညီနောင်ဟာ ဘာကိုတီထွင်ခဲ့တယ်။ သူတို့မှာ ဘယ်လို ပညာတွေ ဗဟုသုတတွေ ရှိတယ်။ ဘယ်သူတွေဟာ သူတို့ရဲ့ ရှေ့ဆောင်လမ်းပြတွေ ဖြစ်တယ် ဆိုတာကို သိရှိကြပြီလို့ ယူဆမိပါတယ်။

နောက်ပြီး ရိုက်ညီနောင်ဟာ သူတို့ရဲ့ ပထမဆုံး ပျံသန်းမှုတွေ မလုပ်ခင် ပထမဆုံး လေယာဉ်ပုံစံကို မတည်ဆောက်ခင် ဘာတွေ လုပ်ခဲ့တယ် လေ့လာခဲ့တယ် ဆိုတာလည်း မြင်ယောင်မိမယ် လို့ ထင်ပါတယ်။

ဒါကြောင့် တီထွင်မှုဆိုတာ စက်မှုဇုံမှာ ကားထုတ်သလို မဟုတ်တာကို နားလည်ကြမယ် လို့ယုံကြည်ပါတယ်။ ဒီလိုနားမလည်ရင် တဦးတယောက်အတွက်ရော အများအတွက်ပါ အန္တရာယ်ရှိပါတယ်။ မြင်နိုင်ကြပါစေ။ မြင်တတ်ကြပါစေ။

နည်းပညာ ဝေါဟာရတွေ ဖြစ်တဲ့
fixed-wing aircraft, tree-axis control, wings and propellers, wind tunnel, patent, fundamental breakthrough စတာတွေကို အချိန်ရ ရင် ရှင်းပြပါ့မယ်။
Henry Cheng
https://www.facebook.com/HenryCheng6680/posts/10212715385592935

No comments:

Post a Comment