Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 21, 2017

အာဏာဟာသေနတ်ပြောင်းဝမှာတည်သလား*** သရ၀ဏ်(ပြည်)


***အာဏာဟာသေနတ်ပြောင်းဝမှာတည်သလား***

သရ၀ဏ်(ပြည်) 

ငါတို့မှာလူအင်အားလည်းရှိတယ်
စစ်တပ်လည်းနောက်ခံရှိတယ်
ငွေအင်အားလည်းရှိတယ်
မရှိတာကအာဏာပဲ 

မကွေးတိုင်းဒေသကြီဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကစက်တင်ဘာ ၂၆ ရက်ညနေက ၎င်း၏ရုံးခန်းတွင် မီဒီယာများအားဖိတ်ခေါ်ပြောကြားခဲ့သည့စကားဖြစ်သည် ။ ဒေါက်တာအောင်မိုးညို၏အဆိုအရ အမ်းမြို့ တွင်ဆူပူမှုပြုလုပ်ပေးရန် စည်းရုံးသူ များက
“တို့ မှာ ငွေလဲရှိတယ် ၊လူအင်အားလဲရှိတယ် ၊ စစ်တပ်လဲနောက်ခံရှိတယ် ၊မရှိတာအာဏာပဲ အဲဒါကိုရအောင်ပြန်လုပ်ရမယ် “ဟုပြောဆိုခဲ့ကြောင်း ၊ ထိုဆူပူအောင်လှုံ့ ဆော်မှုတွင် ပါဝင်မည်ဆိုပါက မကွေးမှ အမ်းမြို့သို့ သွားသည့်လမ်းတစ်လျှောက်တွင်အပျော်အပါးအားလုံးကို ရရှိစေရန်စီစဉ်ပေးမည်ဟု စည်းရုံးခဲ့ကြောင်းလည်းသိရပါသည် ။ ထိုဖြစ်စဉ်အား ဥပဒေနှင့်အညီအရေးယူပေးနိုင်ရန် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးသန်းဆွေ ကစက်တင်ဘာ ၂၉ မွန်းလွဲပိုင်းက ဦးတိုက်လျှောက်ထား မှုကို မကွေးခရိုင် တရားရုံးမှလက်ခံခဲ့ကြောင်း သိရသည်။

     လောကကြီးတွင် နိုင်ငံရေးအာဏာ ၊ လုပ်ပိုင်ခွင့်အာဏာ ၊ နိုင်ငံတော်အာဏာ စသည်ဖြင့် အာဏာကိုလူတို့အရူးအမူးဖြစ်ကြကုန်၏ ။ ထိုအာဏာကိုရမည်ဆိုလျှင် မည်သည့်အလုပ်ကိုလုပ်ရလုပ်ရလုပ်မည်ဆိုသောအဆင့်အထိ အသိပညာကန်းနေသူတို့လည်း မရှားပေ ။ ဘုရင်ခေတ်တွင်အာဏာသည် ဖခင်မှသားထံသို့ စီးဆင်း၏ ။အစ်ကိုထံမှညီဖြစ်သူဆီသို့ လည်းစီးဆင်း၏ ။တူတော် ၊အစ်ကိုတော်၊ နောင်တော် ၊ ဦးရီးတော်တို့ မှလည်း ဘုရင်ကိုလုပ်ကြံသတ်ဖြတ်ကာ မင်းအာဏာကိုလုယူကြသည်လည်းရှိ ။ ပဒေသရာဇ်ခေတ်တွင် အာဏာကိုရယူနည်းမှာ ဘုရင်ကအသာတကြည်ပေး၍ဖြစ်စေ ၊ ဘုရင်နတ်ရွာစံကွယ်လွန်၍ မူးမတ်တို့အလိုကျသူကိုရွေးချယ်၍ဖြစ်စေ ၊ ဘုရင်ကိုလုပ်ကြံသတ်ဖြတ်၍ အတင်းအဓမ္မအကြမ်းနည်းဖြင့် ဖြစ်စေ ရယူလေ့ရှိကြသည် ။ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ဆန္ဒမဲခံယူပြီး ရွေးကောက်ပွဲမှတဆင့် အာဏာကိုရယူကြသည် ။ ပြည်သူလူထု၏အဆုံးအဖြတ်ကိုခံယူသောစနစ် ၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းသောစနစ်ဖြစ်၍ ယနေ့တိုင်ကမ္ဘာ့နိုင်ငံ အတော်များများတွင်အသုံးပြုနေကြသည် ။ သို့ သော် တရုတ်ကွန်မြူနစ်စနစ်၏ခေါင်းဆောင်တဦးဖြစ်သူ မော်စီတုန်း( Mao Zedong ) က သူ၏နာမည်ကျော်စာအုပ် “စစ်ပွဲနှင့်သေနင်္ဂဗျူဟာ၏အားနည်းချက်များ (Problems of Warand Strategy) “တွင်  “အာဏာသည်သေနတ်ပြောင်းဝမှလာသည် ( Political Power comes from the barrel of a gun ) “ဟုကြွေးကြော်ခဲ့သည် ။ ထိုဝါဒမှာ အီတလီမှ နိုင်ငံရေးညစ်ကွက်ပညာရှင် မက်ခီယာဗေလီ ပြောသော လိုချင်တာရရေးပဓာန၀ါဒ (The End justify the means )နှင့်ဆင်ဆင်တူသည်။ဘယ်သူတွေဘာတွေပြောပြော အောင်မြင်အောင်လုပ်နိုင်ရင် အားလုံးကလက်ခံမှာပဲဆိုသောဝါဒဖြစ်သည် ။ အလွန်ညစ်ပတ်ကောက်ကျစ်သောဝါဒဖြစ်သည် ။ သူတို့ အဆိုအရ ဆိုလျှင် မိန်းကလေးတယောက်ကို လိုချင်လျှင် ပိုးပန်းနေစရာမလို ၊ လူကြီးစုံရာနှင့်စေ့စပ်ကြောင်းလမ်းနေစရာမလို မရရအောင် ခိုးယူ၍ဖြစ်စေ ၊အဓမ္မကြံစည်၍ဖြစ်စေ မယားအရာရောက်လျှင်ပြီးစတမ်းဆိုသော လိုချင်တာရရေးပဓာန၀ါဒဖြစ်သည် ။ ထိုအတွေးအခေါ်သည် မော်စီတုန်း၏ အာဏာသည်သေနတ်ပြောင်းဝမှလာသည်ဆိုသောအယူအဆအတိုင်း ရွေးကောက်ပွဲတွေဘာတွေ ၊ မဲဆွယ်စည်းရုံးတာတွေ ၊ တရားမျှတစွာယှဉ်ပြိုင်တာတွေဘာတွေမလို သေနတ်ရှိ၍လက်နက်ဖြင့်ခြိမ်းခြောက်လိုက်လျှင် အာဏာသည်ရစတမ်းဆိုသော အတွေးအခေါ်ဖြစ်ရာ ထိုအယူအဆမှာ လက်နက်ကိုင်တော်လှန်ရေးသမားများ၊ အာဏာရှင်များ ၊ စစ်အာဏာသိမ်းအစိုးရများ၊ ရွေးကောက်ပွဲရှုံးသဖြင့် လက်နက်အားကိုးချင်သူများအတွက် ဒေ၀ဒတ်လမ်းစဉ်ကိုအဇာတသတ်ကလိုက်သကဲ့သို့ လူမိုက်များ လိုက်နာအားကိုးကြသော အဆိုအမိန့် ဖြစ်နေလေသည် ။ အမှန်တကယ်အားဖြင့် ယုတ်မာညစ်ထေးသောအယူအဆဖြစ်သည် ။သို့ သော် ပညာမရှိသူသည် ပညာရှိသူကိုမနာလို ၊ အာဏာမရှိသူသည် တရားသောနည်းဖြင့်အာဏာရှိသူကိုမနာလို သည့်နည်းလို တောတောင်ထဲ၌ကျင်လည်ကျက်စားသောတော်ရိုင်းတိရိစ္ဆာန်များသည် ဦးချိုရှိသူကဦးချိုကိုအားကိုးကြသည် ၊အဆိပ်ရှိသောသတ္တ၀ါကအဆိပ်ကိုအားကိုးကြသည် ။ အစွယ်ရှိသူကအစွယ်ကိုအားကိုး၍ ကိုက်ဖြတ်တိုက်ခိုက်ကြသည့်နည်းတူ လူ့ ဘုံခန်းဝါ လူတို့ရွာတွင် လက်နက်ရှိသူက သူ၏အင်အားကိုလက်နက်ဖြင့်ဆောက်လိုသည် ။လက်နက်ကိုင်ထားမှအားရှိသည် ။အာဏာကိုလက်နက်ဖြင့်ယူလိုသည် ။ 

            မြန်မာနိုင်ငံ၌အချို့သောသူတို့သည် လူသတ်လက်နက်တခုကို ကိုင်ထားရမှအားရ၏ ။ သေနတ်ကိုင်ထားရမှလုံခြုံသလိုခံစားရသူ၊ သေနတ်ကိုင်ထားရမှအရသာရှိသူ ၊ သေနတ်ကိုင်ထားရမှ လူရာဝင်သလိုခံစားရသူ ၊ ဗလာနတ္ထိဘာမှမရှိသောအရည်အချင်းကို သေနတ်ဖြင့် ကျားကန်ထားလိုသူ ၊ ဗလာသက်သက်ဦးနှောက်ကို သေနတ်ဖြင့် ထောက်ကန်ထားချင်သူ ၊ သူတပါးကို လက်နက်ဖြင့်အမြဲတမ်းအကောက်ကြံလိုသူများလည်း လောက၌မနည်းချေ ။ ရှေ့ နေဦးကိုနီကို ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူကြည်လင်းသည် ဒီလိုလူစားဖြစ်သည် ။ သူ့ ကိုခိုင်းစေခဲ့သူ အောင်ဝင်းခိုင်သည်လည်း သေနတ်ကို အားထားသူတယောက်ဖြစ်သည် ။ အောင်ဝင်းခိုင်နောက်မှ အောင်ဝင်းဇော် ၊ဇေယျာဖြိုး ၊ အောင်ဝင်းထွန်းတို့သည်လည်း သေနတ်ဖြင့် အရာရာကိုဖြေရှင်းနိုင်သည်ဟုယုံကြည်ကြသူများဖြစ်သည် ။ ထိုသူများနောက်မှ လွတ်မြောက်နေဆဲဆရာ့ဆရာကြီးများသည်လည်း ပြည်သူလူထုအင်အား ထက်လက်နက်အင်အားဖြင့် ရာဇပလ္လင်ထက်သို့ တက်လိုသူများဖြစ်သည် ။မည်သူသေသေ ငတေမာလျှင်ပြီးစတမ်းဟုထင်သူများဖြစ်သည် ။ ဥပဒေအထက်တွင်ငါတို့ရှိသည်ဟုထင်နေသူများဖြစ်သည် ။ သေနတ်သည်အရာရာကိုအဆုံးအဖြတ်ပေးသည်ဟုထင်နေသူများဖြစ်သည် ။
 
      ယခုတခါလာပြန်ချေပြီ ။ အများသိကြသည့်အတိုင်း အောက်တိုဘာ ၁၅ ရက်နေ့ က နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၏ခရီးဆောင်အိတ်ထဲမှ ပစ္စတိုသေနတ်(အစစ်)နှစ်လက် (အစစ်ဟုပြောရခြင်းမှာတရားရုံးရောက်မှ ကစားစရာ အတုတွေပါဟု လုပ်ချလိုက်မည်စိုးသောကြောင့် အစစ်ဟု ရေးရခြင်းဖြစ်ပေ၏) ၊ ပစ္စတိုကျည်ဆန် ၆၂ တောင့်(အစစ်)နှင့်မူးယစ်ဆေးဝါး (WY ဆေးပြား၁၂ ပြား ၊ ICE ပုံဆောင်ခဲ အလေးချိန် ၁ ဒသမ ၅ ဂရမ်)များ၊ ကျောပိးအိတ်အတွင်းမှ ၉မမပစ္စတိုတလက်နှင့်ကျည်ရှစ်တောင့်ထည့်ထားသည့်ကျည်အိမ်တခု တွေ့ ရှိခဲ့သဖြင့် ဖြိုးကိုကိုတင့်ဆန်းကိုလည်းကောင်း ၊ အတူလာသူနှစ်ဦးဖြစ်သည့် ရဲမင်းဆွေ ၊ ဇော်ဝင်းထိုက် တို့ကိုလည်း တပါတည်းဖမ်းဆီးလိုက်သည် ။အမှုကဤမျှတင်မပြီးသေး ထိုည တွင် ဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်ရှိ ACE ဟိုတယ်သို့ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့ က၀င်ရောက်ရှာဖွေရာ ဖြိုးကိုကိုတင့်ဆန်းနေထိုင်သောအခန်းထဲမှ ပစ္စတိုသေနတ် ၄ လက် နှင့်ကျည်အိမ်များ၊ ကိုးမမ လျူဂါပစ္စတိုကျည် ၆၃၈ တောင့် ၊ အမ် ၁၆ ကျည် ၂၀တောင့် နှင့်ကျည်အိမ် ၂ ခု ၊ ၇.၆၅ မမ (၃၂အော်တို)ကျည် ၁၃၆ တောင့် ၊ ပွိုင့်တူးတူးကျည် ၁၀တောင့် ၊ ကျည်ကာအင်္ကျီတထည် ၊ စနိုက်ပါမှန်ပြောင်း တလက်ကိုထပ်မံတွေ့ ရှိသိမ်းဆည်းမိခဲ့သည် ။လေဆိပ်တွင် အတူမိခဲ့သော ရဲမင်းဆွေနှင့်ဇော်ဝင်းထိုက် တို့နေသော ACE ဟိုတယ်အခန်းမှ ၉မမ Glock ပစ္စတိုတလက် (ကျည်အိမ်တပ်လျက်) ၊ ၎င်းကျည် ၁၂ တောင့်၊ Glock Ges.M.b.H ပစ္စတိုတလက် (ကျည်အိမ်တပ်လျက်) ၊ ၎င်းကျည် ၄ တောင့် ၊ ၉မမ G lock ပစ္စတို နောက်ထပ်တလက် (ကျည်အိမ်တပ်လျက်) ဖြင့် ထပ်မံသိမ်းဆည်းရမိသည် ။ ထို့အပြင် သာမန်အားဖြင့်ဆက်သွယ်ရေးဥပဒေဖြင့်အရေးယူနိုင်သော လမ်းလျောက်စကားပြောစက် ၃ လုံး ကိုလည်းသူ့ခရီးဆောင်အိတ်ထဲမှတွေ့ ရှိသိမ်းဆည်းခဲ့မိသေးသည် ။အမှုဆက်စပ်မှုအရ ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ် ACE Group of Companies ရုံးချုပ်သို့ တာဝန်ရှိသူများ အောက်တိုဘာ ၁၆ ရက်နံနက်တွင်ဝင်ရောက်ရှာဖွေရာ သေနတ် ၂ လက် ၊မူးယစ်ဆေးဝါးအချို့နှင့် National Security Council Special Forces တံဆိပ်ပါ ယူနီဖောင်း ၁၅ ထည် ၊ မောင်းသူမဲ့ယာဉ်အကြီးတစင်း အသေးတစင်း တို့ကိုဖမ်းမိခဲ့၏။  သုံးနေရာတွင် စုစုပေါင်းသေနတ် ၁၁ လက်နှင့်ကျည်ဆန်များဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ၏ ။ သူတို့ထံမှရရှိသော ကျည်ဆန်စုစုပေါင်းမှာအနည်းဆုံးကျည်ဆန် ၉၀၈ တောင့်နှင့် ကျည်အိမ်တပ်လျက် ၇ခုဖြစ်သည် ။ ထိုကျည်ဆန်များနှင့် လူအုပ်အတွင်းသို့  လပ်ဗီးဂတ်စ်သေနတ်သမားကဲ့သို့  မြင်မြင်ရာစွတ်ပစ်မည်ဆိုပါက လူ ၁၀၀ ကိုတော့အနည်းဆုံး သတ်ဖြတ်နိုင်စွမ်းရှိမည်ဖြစ်သည် ။ ထိုအထဲတွင် အဝေးမှချောင်းမြောင်းလုပ်ကြံနိုင်သော စနိုက်ပါမှန်ပြောင်းတခု ပါဝင်နေခြင်းကလည်း ထိုသူများ၏မရိုးဖြောင့်သောသဘောကိုလှစ်ဟနေသလိုရှိသည် ။ထိုစနိုက်ပါသည် မည်သူ့ကိုချောင်းမြောင်းပစ်ခတ်လုပ်ကြံဖို့နည်း။ ထို့ ထက်ပို၍မရိုးဖြောင့်သောသက်သေခံပစ္စည်းများကား အပြာရောင် ယူနီဖောင်းများတွင် SWAT စာတမ်းတံဆိပ်ပါနေပြီး ထိုတံဆိပ်မျိုး ၊ ထိုယူနီဖောင်းမျိုးသည် ဒေါ်အောင်ဆန်းစုကြည်၏အနီးကပ်လုံခြုံရေးတပ်ဖွဲ့  ၀တ်ဆင်သော ယူနီဖောင်းနှင့် ၉၀ရာခိုင်နှုန်းတူနေခြင်းပင်ဖြစ်သည် ။ မည်သည့်ရည်ရွယ်ချက်နှင့် ထိုယူနီဖောင်းများကိုလက်ဝယ်ထားတယ်ဆိုတာကိုတော့ ဖမ်းမိတရားခံများအား သေသေချာချာစစ်ကြောရေးလုပ်ဖို့တော့လိုမည်ဖြစ်သည် ။ ထိုသို့ပြောခြင်းမှာမည်သည့်ပုဂ္ဂိုလ်ရေးကြောင့်မှပြောခြင်းမဟုတ်ပါ ။ဖြိုးကိုကိုတင့်ဆန်းနှင့်လည်းလူချင်းမသိပါ ။ တရားဥပဒေစိုးမိုးရေး နှင့် Rule of Law သဘောအရပြောခြင်းဖြစ်သည် ။ 

    အောက်တိုဘာ ၁၅ ရက်နေ့ ကနေပြည်တော်ရှိ NCA ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲ ၂ နှစ်ပြည့်အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမိန့်ခွန်းပြောခဲ့ရာ ဥပဒေအထက်တွင်မည်သူမျှမရှိဟူသောစကားကိုထည့်သွင်းပြောကြားခဲ့ပါသည် ။
“အဓိကကတော့ဥပဒေနဲ့အညီသာ အားလုံးက လိုက်နာ လုပ်ဆောင်ကြရမှာဖြစ်ပါတယ် ။ ဥပဒေရဲ့အထက်မှာဘယ်သူမှရှိလို့မရပါဘူး ၊ မည်သည့်လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း ၊ တာဝန်ထမ်းဆောင်မှုမျိုးမဆို နိုင်ငံတော်မှာပြဌာန်းထားတဲ့ ဥပဒေအတိုင်းသာ လိုက်ပါလိုက်နာလုပ်ဆောင်ကြရမှာဖြစ်ပါတယ် ။ဥပဒေကိုလက်တလုံးခြားလှည့်ပြီး လုပ်လို့လည်းမရပါဘူး “ဟုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားခဲ့သည် ။ ထို့ကြောင့် ဤအမှုတွင်လည်းကျောသားရင်သားမခွဲခြားပဲ ဥပဒေအတိုင်းသွားကြရမည်ဖြစ်သည် ။ ပြည်သူလူထုကဤအမှုကို စိတ်ဝင်စားမှုပြင်းထန်ရခြင်းအကြောင်းများမှာ
တရားခံဖြိုးကိုကိုတင့်ဆန်းသည် ယခင် ဟိုတယ်နှင့်ခရီးသွားလာမှုဝန်ကြီးဌာနနှင့် အားကစား ၀န်ကြီးဌာနနှစ်ခု၏၀န်ကြီး (နောင်အခါဟိုတယ်ခရီးဝန်ကြီးဌာနကိုမကိုင်ရတော့ပဲ အားကစားဝန်ကြီးဌာနတမျိုးတည်းကိုသာကိုင်တွယ်ခဲ့သည့်) ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးတင့်ဆန်း၏ သားဖြစ်နေခြင်း ။
ဦးတင့်ဆန်းပိုင်ဆိုင်၍ ဖြိုးကိုကိုတင့်ဆန်းဥက္ကအဖြစ်ဆောင်ရွက်သော ACE ဆောက်လုပ်ရေးကုမ္မဏီသည် ဦးသန်းရွှေလက်ထက် နေပြည်တော်လွှတ်တော်အဆောက်အဦများတည်ဆောက်ရာတွင် ပြိုင်ဘက်မရှိကန်ထရိုက်ရခဲ့ခြင်း၊ သမ္မတဦးသိန်းစိန်လက်ထက်တွင်နေပြည်တော်၌ ဗိုလ်ရှုခံရင်ပြင်တည်ဆောက်ရာတွင် လေလံမခေါ်ပဲ ACE ကုမ္မဏီကိုလုပ်ပိုင်ခွင့်ချပေးခဲ့ခြင်း ။ 
ဖြိုးကိုကိုတင့်ဆန်းသည်နေပြည်တော် FC ဘောလုံးအသင်း၏ ပိုင်ရှင်ဖြစ်ပြီး ဘောလုံးသမားနှင့် အုပ်ချုပ်သူ ၊၀န်ထမ်းများကို ကာလကြာရှည်လစာမပေးသဖြင့် မြန်မာနေရှင်နယ်လိဂ်မှထွက်လိုက်ရခြင်း။
ဖြိုးကိုကိုတင့်ဆန်းသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကိုယ်စားပြုကာ ဧရာဝတီတိုင်း မြောင်းမြမြို့ နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ပြီး ထိုစဉ်က NLD အမတ်ဦးမန်းဂျော်နီ ( ယခုဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်) ကိုရှုံးနိမ့်ခဲ့ဖူးဖြင်း ။ 
နေပြည်တော်လေဆိပ် ၊ရန်ကုန်လေဆိပ်များတွင် X Ray စက်ဖြင့် အကြိမ်ကြိမ်စစ်ဆေးနေသည်ကို သိသည့်ကြားမှ လက်နက်များကို ခရီးဆောင်အိတ်နှင့်ကျော်ပိုးအိတ်ထဲသို့ ရဲရဲဝံ့ဝံ့ထည့်ယူလာရဲခြင်းတို့ကြောင့် ဖြစ်သည်။ထို့ကြောင့် ဒီအမှုကတော့ ဦးကိုနီအသတ်ခံရတဲ့အမှုလိုပဲ နောက်ကွယ်ကလျှို့ဝှက်ချက်တွေ ရှိကိုရှိရမယ်ဟု ပြည်သူလူထုကထင်ခဲ့ကြသည် ။  
ဖြိုးကိုကိုတင့်ဆန်းကိုနေပြည်တော်လေဆိပ်တွင်စတင်ဖမ်းဆီးပြီးစတွင် ဘီဘီစီသတင်းဌာနက ရဲမှုးကြီး ဇော်ခင်အောင်(နေပြည်တော်) အားအင်တာဗျူးဆက်သွယ်မေးမြန်းရာ၌ ဤသိုအမေးအဖြေပြုခဲ့သည် ။

ဘီဘီစီမြန်မာပိုင်း- “နောက်ပြီးတော့ တခါ ဆေးပြားလည်းမိတယ်ဆိုတော့ အဲဒိမူးယစ်ဆေးဝါးအမှုနဲ့ရော 
 ငြိနိုင်မလား “   

ရဲမှူးကြီးဇော်ခင်အောင်- “မူးယစ်ဆေးဝါးရဲ့ဥပဒေထဲမှာပါပြီးသား ။ ၂၂ (ခ)ထင်တယ် ၊ တကယ်လို့  တကယ်လို့မူးယစ်ဆေးဝါးကိုလက်နက်ပါလို့ရှိရင်မူးယစ်ဆေးဝါးဥပဒေနဲ့အရေးယူရမယ်ဆိုပြီးတော့မှဟိုဒင်းဖြစ်တော့ သူကတခါတည်း တဆက်တည်းတွဲပြီးတော့ ပါပါတယ်ခင်ဗျ ။ အဲဒိမှာ definition ထဲမှာလည်း အဲလိုပါပြီးသားဖြစ်ပါတယ် “

ဘီဘီစီ - “ ကျွန်မတို့အနေနဲ့ကျတော့ လက်နက်အမှုက ပိုပြီးကြီးတယ်လို့  ထင်လို့ပါရှင့် ၊ မူးယစ်ဆေးဝါးရှာတွေ့ တာနဲ့စာလို့ရှိရင်ပေါ့နော် “

ရဲမှူးကြီး ဇော်ခင်အောင်- “အဲဒါကလေ မူးယစ်ဆေးဝါးသုံးစွဲတာရှိတယ် ၊ ရောင်းဝယ်တာရှိတယ် စသည်ဖြင့် ၊ဒါပေမယ့်လည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့မှလက်နက်နဲ့ ပါဝင်ပတ်သက်လာရင် အဲဒိပုဒ်မ ၂၂ (ခ) နဲ့အရေးယူတယ် ၊ကျွန်တော်တို့ကဒီလက်နက်လည်းအထိုက်အလျောက်မိထားတဲ့အခါကျတော့ တခါတည်းတွဲပြီး မူးယစ်ဆေးဝါးရော လက်နက်ရော ပါတဲ့ဥပဒေနဲ့အရေးယူတာပေါ့ “

 ဟုဖြေကြားခဲ့၏ ။ ထိုအချက်အရ လက်နက်မှုထက် မူးယစ်ဆေးဝါးမှုကိုပိုအလေးပေးမည့် သဘောထားကိုသိရ၏ ။ သို့ သော်ထိုသဘောမှာနောက်ထပ်လက်နက်များထပ်မမိခင်ကဖြစ်ပုံရသည် ။ နေပြည်တော်ACEဟိုတယ်တွင်လည်းကောင်း ၊ရန်ကုန် ACEကုမ္မဏီတွင်လည်းကောင်းလက်နက်များထပ်မိပြီးသောအခါတွင်မူကား အေလာနယ်မြေရဲစခန်းတွင် ပုဒ်မ ၁၅/၁၆ (ဂ) / ၂၂(ခ)/၂၁ အရ အမှုဖွင့်စစ်ဆေးပြီး ဒက္ခိဏသီရိမြို့နယ်ရဲစခန်းတွင် လက်နက်မှု ၁၉(စ) ဖြင့်အမှုဖွင့်ထားသည်ဟုသိရ၏ ။ 

      မူးယစ်ဆေးဝါးမှာမြန်မာနိုင်ငံတွင်အဖြစ်များသော အမှုဖြစ်သဖြင့် သိပ်ပြီးထူးဆန်းသောအမှုမဟုတ်ချေ ။ သို့ သော် လက်နက်မှုနှင့်ပတ်သက်၍ကားဆန်းသည်ဟုပြောရပေမည်။ မြန်မာနိုင်ငံ၌ တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရှိသော ၀န်ကြီးဌာနမှာ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနသာဖြစ်ပေသည် ။ ရဲနှင့်စစ်တပ် ၊ ပြည်ထဲရေးလက်အောက်ရှိအကျဉ်းဦးစီးဌာန၀န်ထမ်းအချို့   သာတရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရိသော မြန်မာနိုင်ငံတွင် အရပ်သားတယောက်၏လက်ထဲ၌ သေနတ်တလက်ရှိနေလျှင်ပင်များလှပြီဖြစ်သည် ။ အမဲလိုက်ချင်၍ မိမိကိုယ်ကိုကာကွယ်ချင်၍ ဆိုသည်မှာလည်း ဘူးသီးတောင်မောင်တော ဒေသတွင် ကျီးလန့်စာစားနေနေရသော ရခိုင်များ၊ တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များဆိုလျှင်လည်းယုတ္တိရှိပါသည် ။ ဆင်များ၊ကျားများ ၊ ၀က်ဝံများ သောင်းကျန်းလွန်းသော ချင်းတောင်၊ကချင်ပြည်နယ်အစွန်အဖျား ၊ရခိုင်ရိုးမ စသော တောကြိုအုံကြားမှ လူများဆိုလည်း မိမိကိုယ်ကိုယ်ကာကွယ်ဖို့သေနတ်တလက်တလေကိုင်တွယ်အသုံးပြုသည်ဆိုခြင်းမှာ ဥပဒေဘောင်မ၀င်သော်လည်း ယုတ္တိရှိသေးသည် ။ဖြိုးကိုကိုတင့်ဆန်းလို နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ACEဟိုတယ်တွင်နေထိုင်သူ ၊ရန်ကုန် မြို့တွင်နေထိုင်သူသည် ဘာအကြောင်းနှင့်မှလက်နက်ကိုင်ဆောင်စရာအကြောင်းမရှိပေ ။ ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်ကဆိုလျှင် စစ်သားသည်ပင်လျှင် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းသို့  ၀င်လျှင် လက်နက်ယူဆောင်လာခွင့်မရှိချေ ။ ယခုခေတ်တွင် လည်း အရပ်သားများအားအင်္ဂလိပ်ခေတ်ကလိုတရားဝင် လိုင်စင်ဖြင့်လက်နက်ကိုင်ဆောင်ခွင့်ပြုသည်ဟုမကြားမိပေ ။ 

    သို့ သော် နေပြည်တော်တ၀ိုက်တွင်ပျောက်သွားသော အောင်ဝင်းခိုင်၊သူ၏အမှုတွဲဇေယျာဖြိုး ၊ အောင်ဝင်းဇော် ၊ ဖြိုးကိုကိုတင့်ဆန်း၊၂၀၁၇ စက်တင်ဘာလ ၂၇ မှအလုပ်ကထွက်လာသော မြှားပစ်ချန်ပီယံဟောင်း(အားကစားမှူး)နှစ်ဦး တို့ သည် ၉မမ ပစ္စတိုများဖောချင်းသောချင်း ကိုင်ချင်သလိုကိုင်နိုင်နေတာအံ့သြဖွယ်တွေ့ ရ၏ ။ဦးကိုနီအမှုအတွက် ရန်ကုန်ဗဟန်းတွင်ရှိသော  ဇေယျာဖြိုး၏ရုံးခန်းကွန်ဒိုအားသွားရှာစဉ်ကလည်း စကားပြောစက်နှစ်လုံး ၊ ချိုင်းတွင်လွယ်သောသေနတ်အိတ် နှစ်လုံး ကိုတွေ့ ခဲ့ရသည် ။ သေနတ်တော့ဖမ်းမိသည့်အထဲတွင်မပါတော့ ။အမြန်လက်စဖျောက်လိုက်ပြီးပြီဟု ယူဆရသည် ။ထိုဦးကိုနီလူသတ်မှုမှအမှုတွဲ အဖြစ်တရားစွဲခံထားရသူ ဇေယျာဖြိုးသည် တပ်မတော်မှ အသက် ၄၂ နှစ်တွင် အငြိမ်းစားယူခဲ့ပြီး ရဲတပ်ဖွဲ့နှင့်ဆက်စပ်ပြီးလုပ်ငန်းများလုပ်ကိုင်နေသည် ဟုသိရကြောင်း ၊ ရဲချုပ်ဇော်ဝင်း(ငြိမ်း) မှချီးမြင့်ထားသော ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်များကိုတွေ့ ရကြောင်းထိုအမှုမှရှေ့ နေဦးနေလက ပြောကြားသည် ။ ဤတွင် တပ်မတော်မှထွက်လာပြီးသူတယောက်သည် ရဲတပ်ဖွဲ့သို့တရားဝင်ပြောင်းရွေ့ လာခြင်းမဟုတ်ပဲ မည်သည့်အလုပ်များကိုရဲနှင့်ပေါင်းလုပ်ခဲ့သနည်းဆိုတာလည်း ပြည်ထဲရေးဝန်ကြီးကို လွှတ်တော်ကိုယ်စားလှယ်များကရှင်းရှင်းလင်းလင်းမေးဖို့ကောင်းသည် ။ တဆက်တည်းမေးစေချင်သည်မှာ မြန်မာနိုင်ငံတွင်အရပ်သားများကို လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခြင်းကိုခွင့်ပြုထားခြင်းရှိမရှိ ၊ ခွင့်ပြုခဲ့လျှင် လူဦးရေမည်မျှကိုခွင့်ပြုထားသလဲ၊မည်သူတွေကို ခွင့်ပြုထားလဲ ဆိုသောမေခွန်းကို ပြည်သူလူထုအားလုံး၏လုံခြုံရေးအတွက် အားလုံးသိအောင်မေးမြန်းပေးစေချင်သည် ။ 

                  ဖြိုးကိုကိုတင့်ဆန်းသည် ဤမျှများပြားသောသေနတ်နှင့်ကျည်ဆန်များကိုဘယ်ကရခဲ့သလဲ ၊ ကျည်ကာအင်္ကျီ ၊ စနိုင်ပါမှန်ပြောင်း များကိုဘယ်ကရခဲ့သလဲ ။ပြည်တွင်းမှ လုံခြုံရေးကျိုးပေါက်ခြင်းဟုတ်မဟုတ် ။ ပြည်ပမှတရားမ၀င်မှောင်ခိုဝင်သည်ဆိုလျှင် နယ်စပ်မှသည် နေပြည်တော်အထိ မည်သည့်လမ်းကြောင်းမှ မည်သူ့အဆက်အသွယ်ဖြင့် မည်သို့ သယ်ယူခဲ့သလဲ ဆိုတာဖော်ထုတ်ကြရမည်ဖြစ်သည် ။ ။National Security Council ဟူသော တံဆိပ်များကိုမည်သူ့ ခွင့်ပြုချက်နှင့် အသုံးပြုခဲ့သလဲ ။လူဆိုးဂိုဏ်းထောင်သလိုလို၊ကိုယ်ပိုင်တပ်ဖွဲ့သလိုလို လုပ်ရပ်ကိုနိုင်ငံတော်ကလက်ခံပါသလား ၊ထိုအပြုအမူများအတွက်သီးခြားအရေးယူရန်ဥပဒေမရှိဘူးလားဆိုတာလည်း ဥပဒေရှုထောင့်မှမေးရမည့်မေးခွန်းဖြစ်ပေသည်။အမှန်စင်စစ် အများသူငါစီးနင်းလိုက်ပါမည့်လေယာဉ်တစီးပေါ်သို့  လက်နက်တင်ဆောင်ရန်ကြံစည်ခြင်းသည် အကြမ်းဖက်မှုကိုကျူးလွန်ရန်ရည်ရွယ်ချက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ အကြမ်းဖက်မှုမြောက်နေပြီဖြစ်သည် ။ ထို့ ကြောင့် မူးယစ်ဆေးဝါးမှု ၊လက်နက်မှုများသာမက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ (င) ဖြင့်ပါ အရေးယူသင့်ပေသည် ။ သို့ သော်ကျွန်ုပ်တို့သည် စတုတ္ထမဏ္ဍိုင်အနေနှင့်ထောက်ပြဝေဖန်ရုံမှတပါးတရားစီရင်ရေးမဏ္ဍိုင်ကိုဝင်ရောက်စွက်ဖက်လိုစိတ်မရှိပါ ။ ထို့အတူ ရဲတပ်ဖွဲ့သည်လည်းကောင်း ၊ တရားစွဲအဖွဲ့အစည်းများသည်လည်းကောင်း ၊သြဇာအာဏာရှိသောပုဂ္ဂိုလ်များသည်လည်းကောင်း တရားစီရင်ရေးကိုဝင်ရောက်မစွက်ဖက်ဖို့လိုပါသည် ။တရားမစွဲဆိုမီကပင် တရားခံဘက်မှ ပင်းသော အမှုကိုဖော့ပစ်သောမည်သည့်မှတ်ချက်စကားမှလက်လွတ်စပယ်မပြောကြဖို့လိုသည် ။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောသလိုတရားဥပဒေအထက်တွင်မည်သူမျှမရှိဘူးဆိုသည့်စကားကို နောက်လိုက်အားလုံးက သက်သေပြကြဖို့လိုသည် ။ 
 
      အချို့သော သူများသည် မိမိထံမှပြုတ်ကျသွားသောအာဏာဟူသည့်ပန်းကလေးကို ပြန်လည်ဆယ်ယူရာ၌ ပြည်သူလူထုဆိုသော တံခြူဖြင့် အောင်ပန်းဆင်ခူးဆွတ်ဖို့မကြံစည်ပဲ မမီသည့်ပန်းကိုသေနတ်ခုပြီးလှမ်းဖို့လည်းကြံတတ်ကြပေရာ နိုင်ငံ့ခေါင်းဆောင်များ၏လုံခြုံရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို အားလုံးသတိကြီးစွာ ၀ိုင်းရ၀န်းရမည့်အချိန်ဖြစ်သည်။ ရခိုင်ကိစ္စ ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စများ၊ဘင်္ဂလီအရေးနိုင်ငံတကာဖိအားများဖြင့် တနိုင်ငံလုံး ဗျာများနေကြချိန်တွင် အာဏာသည်သေနတ်ပြောင်းဝမှလာသည်ဆိုသော အယူဝါဒရှိသည့်ပုဂ္ဂိုလ်များ အချိန်ကိုက်လှုပ်ရှားလာမှာကိုတော့ စိုးရိမ်မိပါကြောင်း။

သရ၀ဏ်(ပြည်)  




No comments:

Post a Comment