CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 16, 2017
ကျောချရင်၊ ဓားပြလို့မှတ်ပါ။ ။(မင်းဒင်)
ကျောချရင်၊ ဓားပြလို့မှတ်ပါ။ ။
—————————————
မင်းဒင်
ကြံ့ခိုင်ရေးပါတီကနေ၊ အမတ် အဖြစ် ဝင်ပြိုင်ခဲ့တဲ့၊ နာမည်ကြီး ခရိုနီကြီးကို နေပြည်တော်လေဆိပ်မှာကော၊ သူပိုင်ဟိုတယ်မှာပါ၊ သေနတ်၊ကျည်မျိုးစုံ၊ စနိုက်ပါမှန်ပြောင်း၊ ဒရုန်းလေယာဉ်၊ ယူနီဖောင်း၊ နိုင်ငံတော် လုံခြုံရေး ကောင်စီကဒ်ပြား၊ စတာတွေနဲ့ ဖမ်းမိတယ်။
ဒီမှာတင်...၊ ဒီလက်နက်တွေဟာ ဘယ်သူ့ကို လုပ်ကြံချင်တာလဲ၊ သူတို့နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေကြသလဲ၊ စတဲ့မေးခွန်းတွေ ဆက်တိုက်ထွက်ပေါ် လာပါတယ်။ ကျွန်တော် တစ်ဦးတည်း အမြင်အနေနဲ့ ကတော့ ဒီမေးခွန်းတွေအတွက် အဖြေမှန်ရဖို့၊ မူလတန်းတောင် အောင်စရာ မလိုပါဘူး။ မြန်မာစာ ဖတ်တတ်ပြီး၊ ဖေ့စ်ဘွတ် ပွတ်တတ်ရင် လုံလောက် ပါပြီ။
သေနတ်တွေမိတဲ့ သတင်းတက်လာတော့မဲ့ ဆဲဆဲမှာ၊ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံပြီးရင်၊ အောင်သေအောင်သားစားဖို့ အသင့်ပြင်ထားပြီဆိုတဲ့ သတင်းတွေ ပလူပျံအောင် တက်နေခဲ့တဲ့၊ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်တွေကို၊ သိရင် အဖြေထွက်ပြီးသား ကိစ္စပါ။
ဒီပဲယင်းလုပ်ကြံမှု၊ ဦးကိုနီလုပ်ကြံမှုတွေကို ကြည့်ရင်၊ ဒီလိုကိစ္စမျိုးကို ဘယ်သူတွေကြိုးကိုင် ချယ်လှယ်လေ့ရှိတယ်ဆိုတာ၊ အလွယ်တကူ သိနိုင်ပါတယ်။
ဒီကိစ္စတွေဟာ ရင်ကြားစေ့ရေးလမ်းစဉ်ကို လိုက်မိလို့ဆိုပြီး၊လူထုခေါင်းဆောင်ကို အပြစ်ပုံချ ချင်သူတွေလည်း တွေ့ရ တယ်။ ဒါဟာ လုံးဝ မှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်ရွေးချယ်ခဲ့တဲ့ လမ်းစဉ်ဟာ အကြမ်းမဖက်ရေး လမ်းစဉ် ဖြစ်တာမို့၊ သူရွေးချယ်လမ်းကို တစိုက်မတ်မတ် လျှောက်နေခြင်းသာဖြစ်တယ်။ ဒီရွေးချယ်မှုအတွက်၊ သူမရဲ့ အသက်ကို စတေးရမယ် ဆိုရင်တောင်၊ သူမအနေနဲ့ နောက်တွန့်မှာ၊ နောင်တရမှာ မဟုတ်ပါဘူး။ နှောင်းလူတွေက၊ သူမကိုနိုင်ငံ့ အာဇာနည် အဖြစ်နဲ့ စာရင်းသွင်းကြမှာလည်း အသေအချာပါပဲ။
ကျွန်တော်တို့မေ့လျော့နေတဲ့ အချက်တော့၊ ကိုယ့်ကိုယ်ကို ဒေါ်အောင်ဆန်းစုကြည်လို့၊ ရောယောင်ထင်မှတ်နေကြပြီး၊ခပ်အေးအေး ဖာသိဖာသာ နေနေကြခြင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သေမယ်ဆို သေပျော်ပေမဲ့၊ ခွေးဝမ်းသာအောင် လေလည်ပြခံရတဲ့၊ ဟန်ပြ ဒီမိုကရေစီသာ ရနေသေးတဲ့၊ ကျွန်တော်တို့ပြည်သူတွေရဲ့ ဘဝကတော့ မသေပျော် သေးပါဘူး။
ဒီလက်နက်မှုအပေါ် တရားဥပဒေအရ တိတိကျကျကိုင်တွယ် ဖြေရှင်းလိမ့်မယ်လို့လည်း၊ အိမ်မက်မမက်ကြပါလေနဲ့။ လေဆိပ်မှာ သေနတ်တွေမိမိခြင်း တာဝန်ရှိ ရဲမှူးကြီးပြောတဲ့စကားကို ကြည့်ရင်၊ ယောင်ဝါးဝါးဖြစ်သွားမဲ့ အမှုဆိုတာ သေချာပါတယ်။ မီးခိုးကြွက်လျှောက် အမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ဆိုတာ မိုးနဲ့မြေထိစပ်၊ ရဟတ်သို့ လည်သော၊ နေ့များမှာမှသာ ဖြစ်နိုင်ပါလိမ့်မယ်။
ဒီအမှုတွေကနေ၊ ထိုးလိုက်တဲ့ ခေါင်းလောင်းသံကတော့၊ တိုင်းပြည်ရဲ့ နားထင်ကိုသေနတ်နဲ့ တေ့ထားပြီ ဆိုတဲ့သတင်းစကားပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရင်၊ (၂၀၀၈) ခြေဥ မြောင်းထဲရောက်မယ်။ လူထုအကြောက်တရား ကင်းလာရင်၊ သူတို့အုပ်စု အာဏာ ပြန်ရရေး လမ်းကြောင်း ပျောက်ဆုံးသွားမယ်။
ဒီအဖြစ်ကို သူတို့ဘယ်နည်းနဲ့မှ အဖြစ် မခံပါဘူး။ မသမာ နည်း၊ အကြမ်းဖက်နည်း၊ လုပ်ကြံနည်း စတဲ့ နည်းမျိုးစုံကို သုံးမြဲ သုံးနေကြဦးမှာပဲ။
သေနတ်စုတာ ဝါသနာပါလို့ပါ၊နိုဗဲလ်ဆုရှင်ကို လုပ်ကြံရင်တကမ္ဘာလုံးက၊ ဝင်တိုက်မှာပေါ့ဆိုတဲ့ ပေါကြောင်ကြောင်အတွေးတွေ၊ ဆက်မတွေး ကြပါနဲ့တော့။သူ့အကုသိုလ်နဲ့သူ သွားပါလိမ့်မယ် ဆိုတဲ့ လူမတန် ကံချတဲ့ အတွေးတွေလည်း ရပ်သင့်ပါပြီ။
သူတို့ကတော့ ကမ်းကုန်အောင် ရက်စက်မဲ့နည်းလမ်းကို ရွေးချယ်ထားခဲ့ကြပြီ။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ နည်းလမ်းမျိုးစုံနဲ့ တော်ရာက ဝိုင်းဖို့အပြင် အခြားနည်းလမ်း မရှိဘူး။ နောက်ဆုံးတစ်နေ့၊ လူထုခေါင်းဆောင် မရွေးချယ်ခဲ့တဲ့၊ ဓားကိုဓားချင်း၊ လှံကိုလှံချင်းဆိုတဲ့ တုံ့ပြန်မှုမျိုးတွေကိုတောင်၊ ကြိုတင် စဉ်းစားထားကြဖို့ လိုပါပြီ။
ကျောချလို့မှ၊ ဓားပြမှန်း မသိကြရင်၊ ဓားပြအပြစ် မဟုတ်တော့ဘူး။
https://www.facebook.com/min.din.58/posts/10213456753271157
(ဦး) မင်းဒင် Facebook မှကူးယူဖော်ပြပါသည်။
ကျောချရင်၊ ဓားပြလို့မှတ်ပါ။ ။(မင်းဒင်)
Reviewed by MP4 YoU
on
October 16, 2017
Rating: 5
Reviewed by MP4 YoU
on
October 16, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment