Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 25, 2017

လက်နက်များဖမ်းမိသည့်ကိစ္စ ဝေဖန်ရေးသားသည့် ရဲအုပ်အား မိသားစုများသာ တွေ့ခွင့်ရ


နေပြည်တော်မှာ ဖမ်းမိခဲ့တဲ့ လက်နက်တွေကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ရေးသားတာကြောင့် ချုပ်နှောင်ထားတဲ့ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုရဲစခန်းကရဲအုပ်ဝင်းထွန်းနိုင်ကို မိသားစုဝင်တွေကလွဲပြီး တခြားသူတွေနဲ့တွေ့ခွင့်မပေးဘူးသိရပါတယ်။

 အောက်တိုဘာ(၂၅)ရက်မှာရဲအုပ်ဝင်းထွန်းနိုင်ကို ချုပ်နှောင်ထားတဲ့ ပြည်မြို့၊ အမှတ်(၃)ရဲစခန်းကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သွားရောက်တွေ့ဆုံရာမှာမြို့နယ်ရဲမှူးနဲ့ခရိုင်မှူးတို့က ခွင့်မပြုထားတာကြောင့် တွေ့ခွင့်မရခဲ့ဘူးလို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့(HRDP)က ကိုသိန်းမင်းထွန်းက ပြောပါတယ်။

ရဲအုပ်ဝင်းထွန်းနိုင်ကို တွေ့ခွင့်မရခဲ့ပေမယ့်ယူဆောင်လာတဲ့ စားသောက်စရာတွေကိုတော့ပေးခွင့်ရခဲ့ပြီး အထက်ကတွေ့ခွင့်ပြုရင်တော့ ပြန်လည်အကြောင်းပြန်မယ်လို့ တာဝန်ကျရဲအရာရှိကပြောဆိုတယ်လို့လည်း ကိုသိန်းမင်းထွန်းကပြောပါတယ်။

ဒါ့အပြင်ရဲအုပ်ဝင်းထွန်းနိုင် အခုလိုချုပ်နှောင်ခံရတာဟာ လူ့အခွင့်အရေးချိုးဖောက်ရာရောက်တာကြောင့် ပြန်လည်လွတ်မြောက်ဖို့ ပြည်မြို့ကအရပ်ဖက်အဖွဲ့အစည်းတွေက ဆက်လက်တောင်းဆိုသွားမှာဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူကိုနေဇာကပြောပါတယ်။

ရဲအုပ်ဝင်းထွန်းနိုင်ကို မိသားစုဝင်ကလွဲပြီး တခြားသူတွေနဲ့တွေ့ခွင့်မပြုတာဟာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်နေတဲ့ ကာလဖြစ်တာကြောင့် တွေ့ခွင့်မပြုတာဖြစ်တယ်လို့ ပြည်မြို့၊ အမှတ်(၃)ရဲစခန်းကစခန်းမှူးရဲအုပ်အောင်မြတ်ခိုင်ကပြောပါတယ်။

ရဲအုပ်ဝင်းထွန်းနိုင်အချုပ်နှောင်ခံရတဲ့ ကိစ္စဟာ မတရားမှုတွေကို ရဲတပ်ဖွဲ့ဝင်တွေက မသုံးသပ်၊မဝေဖန်ရဲအောင်ပြုမူရာရောက်ပြီး တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက်ပေးရာရောက်တာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေက လက်ခံမှာမဟုတ်ဘူးလို့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကဦးကျော်ဆန်းကပြောပါတယ်။

ရဲအုပ်ဝင်းနိုင်ထွန်းဟာ နေပြည်တော်က ဖမ်းဆီးရမိတဲ့ကျည်ဆန်တွေဟာ ရန်ကုန်မြို့စိမ်လဲ့ကန်သာမှာဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှုက ကျည်ဆန်တွေနဲ့ အမျိုးအစားတူညီနေတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အောက်တိုဘာ(၁၇)ကရေးသားခဲ့တာကြောင့် အောက်တိုဘာ ၂၀ ရက်ကစတင်ပြီး ချုပ်နှောင်စစ်ဆေးခံ နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို ပြည့်သဲမောင်(ပြည်)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

No comments:

Post a Comment