Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 3, 2017

“ဗိုလ်” ဟူသော ဝေါဟာရ (၁)


“ဗိုလ်” ဟူသော ဝေါဟာရ (၁)
—————————————
ခင်မောင်စော (ဘာလင်) ● People's Democracy
BurmaDemocracy, 3 September 2017

“ဗိုလ်” ဟူသော ဝေါဟာရနှင့် ပတ်သက်၍ အဓိပ္ပါယ်ရှင်းပြရန် ယခုခေတ် လူငယ်များကို မေးကြည့်လျှင် ပခုံးတွင် အပွင့် (၂) ပွင့် တပ်ထားသော စစ်အရာရှိဟုသာ ဖြေကြပေလိမ့်မည်။ ၎င်းတို့၏ အဖြေမှာ မမှားသော်လည်း မြန်မာဘာသာနှင့် စာပေကို လေ့လာလိုသူ သုတေသီတယောက်အတွက်မူ လုံလောက်သောအဖြေ မဟုတ်ပါ။ "ဗိုလ်" ဆိုသော ဝေါဟာရ၌ အဓိပ္ပါယ်နှင့်အသုံး မျိုးစုံရှိပြီးလျှင် ကောင်းသော အဓိပ္ပါယ်ရှိသကဲ့သို့ မကောင်းသော အဓိပ္ပါယ်လည်း သက်ရောက်နိုင်သောကြောင့်ပင် ဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ ယခုခေတ်လူငယ်များ၏ ဗဟုသုတ၌ “ဗိုလ်”ကို စစ်သုံးအဖြစ်သာ သိထားရခြင်းကို နားလည်နိုင်ပါသည်။ အကြောင်းမှာ မြန်မာပြည်သည် ၁၉၅၈ ခု စက်တင်ဘာလမှ ယခုအချိန်ထိ (ဦးနု၏ ပြည်ထောင်စုပါတီအစိုးရ ဧပြီလ ၁၉၆၀ မှ မတ်လ ၁ ရက် ၁၉၆၂ အထိ ကလွဲပြီး) စစ်အစိုးရများ သော်လည်းကောင်း၊ အရပ်သားအမည်ခံ စစ်ဗိုလ်လူထွက် အစိုးရများ သော်လည်းကောင်း၊ စစ်တပ်နှင့်ပတ်သက်သော အစိုးရအဆက်ဆက်ကသာ အာဏာယူထားခဲ့သောကြောင့် "ဗိုလ်" ဆိုသော ဝေါဟာရမှာလည်း စစ်သုံး ဝေါဟာရသဘောမျိုး ဖြစ်သွားသောကြောင့်ပင်တည်း ...။

■ ဝေါဟာရ၏ ဇာစ်မြစ်

ဗိုလ် ဆိုသောဝေါဟာရကို ပါဠိစကား “ဗလ”မှ လာသည်ဟု ယူဆကြသည်။ မြန်မာအဘိဓါန်များတွင်လည်း ထိုကဲ့သို့ပင် ဖွင့်ဆိုထားသည်။ သိုရာတွင် ဂျာမနီပြည် ဟိုင်ဒဲလ်ဘဲရ်ဂ် တက္ကသိုလ် (Universitaet Heidelberg) တွင် မြန်မာဘာသာ ကထိကအဖြစ် ပို့ချခဲ့သော ဆရာကြီး ဦးတင်ထွေး M.A, M.Phil. (Lond.) စသည့် ပုဂံကျောက်စာများကို ကောင်းစွာကျွမ်းကျင်သော ပုဂ္ဂိုလ်တို့ကမူ မြန်မာစကားစစ်စစ် ဖြစ်ကြောင်း၊ “ပို” မှ လာကြောင်း၊ သ္ခိင်စာခီပိုလ် (သခင်စာချီဗိုလ်) ကျောက်စာ၊ သင်္ကန်းရုံဘုရားကျောက်စာ စသည်တို့တွင် “ပိုလ်” ဆိုသော ရေးထားမှုများ အသုံးများကို တွေ့ရကြောင်း၊ ပုဂံကျောက်စာများတွင် 'ရန္တပိုလ်' သည် ရန်သူကို နှိမ်နှင်းနိုင်သောသူဟု ဆိုလိုကြောင်း၊ ယခုခေတ်အခေါ် အဖြစ်မူ ဗိုလ်ရန်နိုင်၊ ဗိုလ်ရန်နှိမ်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရန်ရှင်း၊ ဆိုသည့်အမည်မျိုး ဖြစ်ကြောင်း ထောက်ပြကြပါသည်။ ၎င်း 'ရန္တပိုလ်'မှ 'ရန္တပိုရွာ'ဟု ခေါ်သည့် အရပ် ဖြစ်ပေါ်လာကြောင်း၊ ၎င်းအရပ်မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုခဲ့သဖြင့် အရပ်ဒေသမှာ အမည်အားဖြင့် ထင်ရှားသွားသော်လည်း ၎င်းအမည်၏ ဇာစ်မြစ်ကို သိသူ အလွန်ရှားကြောင်း၊ အချို့လူများကဆိုလျှင် ပြင်သစ်စကား ရောင်ဒေဗူ rendezvous (တွေ့ဆုံခြင်း၊ ပူးပေါင်းခြင်း) မှ လာသည်ဟု ရမ်းကာ ဖြန်းသန်းနေကြကြောင်း ရှင်းပြကြပါသည်။


■ “ဗိုလ်” အသုံးများ

မြန်မာစကားတွင် “ဗိုလ်” ဆိုသော အသုံးကို စစ် (သို့မဟုတ်) လက်နက်ကိုင်တပ်ဖွဲ့ တခုခု၏အရာရှိ အဖြစ် ၎င်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲခွင့်အာဏာ ရရှိထားသော အရပ်သားအရာရှိ အဖြစ် ၎င်း၊ သုံးလေ့ရှိသည်။

ဗြိတိသျှ ကိုလိုနီခေတ်အခါက မျက်နှာဖြူများ (အထူးသဖြင့် ဗြိတိသျှများ) သည် စစ်တပ်၊ လက်နက်ကိုင်တပ်များနှင့် အရပ်ဘက်ဌာနများတွင် အရာရှိများ ဖြစ်ခဲ့ရကား၊ မျက်နှာဖြူအားလုံးကို “ဗိုလ်”ဟု ခေါ်သော ဝေါဟာရသစ် ဖြစ်ပေါ်လာသည်။ အားကစားပြိုင်ပွဲများတွင်မူ “ဗိုလ်” သည် ချန်ပီယံ ဖြစ်ကြောင်း ပြသည်။ လူဆိုး၊ သူခိုး၊ ဓားပြဂိုဏ်း တခုခု၏ ခေါင်းဆောင်ကိုလည်း “ဗိုလ်” ဟု ခေါ်လေ့ရှိသည်။

■ ဥပမာများ

စစ်ဗိုလ်၊ စစ်ပုလိပ်ဗိုလ်၊ ကင်းဗိုလ်၊ ပုလိပ်ဗိုလ်၊ စစ်ရဲဗိုလ်၊ ပြူစောထီးဗိုလ်၊ မီးသတ်ဗိုလ်၊ ကာကွယ်ရေး ဗိုလ်၊ ရွှေဓါးဗိုလ်၊ ရွှေလှံဗိုလ်၊ စသော အသုံးများသည် လက်နက်ကိုင်အဖွဲ့အစည်း တခုခု၏ အရာရှိဖြစ်ကြောင်း ပြသည်။

ဗိုလ်ထု၊ ဗိုလ်ခြေ၊ ဗိုလ်ဝင်ခံ၊ ဗိုလ်ရူခံ၊ ဗိုလ်ပါ၊ ဗိုလ်ပုံ၊ စသော အသုံးများသည် စစ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အခမ်းအနားများတွင် သုံးသော ဝေါဟာရများဖြစ်သည်။

စာတိုက်ဗိုလ်၊ လမ်းဗိုလ်၊ ဆည်ဗိုလ်၊ ဂါတ်ဗိုလ်၊ အကောက်ဗိုလ် စသော ဝေါဟာရများသည်၊ အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲရေး တာဝန်ယူထားရသော အရပ်ဘက်ဌာနအရာရှိများအတွက် သုံးသော ဝေါဟာရများ ဖြစ်သည်။

ဓားပြဗိုလ်၊ သူခိုးဗိုလ်၊ သူပုန်ဗိုလ်၊ လူဆိုးဗိုလ် စသော အသုံးများ၌ “ဗိုလ်” သည် လူဆိုးဂိုဏ်းတခုခု၏ ခေါင်းဆောင်ဖြစ်ကြောင်း ပြသည်။

“ဆိုးကြစို့တကယ်ဆို၊ ဓားပြဗိုလ်လုပ်နိုင်ရဲ့လေး”

ဟု စလေဦးပုညက စာဖွဲ့ခဲ့ပါသည်။

စစ်ကြိုခေတ်က အဆိုတော်ကြီး ဒေါ်မေရှင် သီိဆိုခဲ့သော “အောင်ခြင်းရှစ်ပါး”သီချင်း၌လည်း -

“လူဆိုးဗိုလ် အင်္ဂုလိမာလ ဟာ သံလျက်ဓားကို သူ့လက်ဖျားက မချပါ”

ဟူသော “လူဆိုးဗိုလ်” အသုံးကို တွေ့နိုင်ပါသည်။

အင်္ဂလိပ်တို့က သူပုန်ဗိုလ်၊ ဓားပြဗိုလ်၊ လူဆိုးဗိုလ်၊ ဟု ချိုးနှိမ်ရေးခဲ့သော ဘုန်းကြီးဗိုလ်၊ ဗိုလ်ရိုင်၊ ဗိုလ်ရွှဲ၊ ဗိုလ်တာတေ၊ ဗိုလ်စံဖဲ စသည့် ဗိုလ်များမှာ မြန်မာများအတွက်တော့ “မျိုးချစ်သူရဲကောင်း”များ ဖြစ်ပေသည်။

ကလေးဗိုလ်၊ ဗိုလ်ကျ၊ ဗိုလ်လုပ်၊ တပ်ပျက်ဗိုလ်၊ စသော အသုံးများ၌ “ဗိုလ်” သည် မကောင်းသော အဓိပ္ပါယ်ကို ဆောင်သည်။

ဗိုလ်စွဲ၊ ဗိုလ်လုပွဲ၊ အကြို ဗိုလ်လုပွဲ၊ ဗိုလ်မထား၊ ဗိုလ်မရွေး၊ စစ်တုရင်ဗိုလ်၊ ကျားဗိုလ်၊ စသော အသုံးများသည် အားကစားတခုခုတွင် ချန်ပီယံ ဖြစ်ကြောင်း၊ ဖြစ်နိင်ရန် ယှဉ်ပြိုင်နေကြောင်းကို ပြသည်။

အင်္ဂလိပ်ခေတ်က မျက်နှာဖြူများကို ဗိုလ်ထီး၊ ဗိုလ်မ ဟု ခေါ်ကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ နှင့်စပ်ဆိုင်သော ဗိုလ်စားပဲ၊ ဗိုလ်စားငှက်၊ ဗိုလ်ကေ၊ ဗိုလ်တဲ၊ ဗိုလ်ထိုင်အိမ်သာ စသော အသုံးအနှုံးများလည်း ပေါ်လာသည်။

အသားဖြူသူများကို မျက်နှာဖြူ “ဗိုလ်” နှင့်နှိုင်းပြီး ဗိုလ်ဖြူ ၊ ဗိုလ်နီ၊ ဗိုလ်မောင်၊ ဗိုလ်ကြီး၊ ဗိုလ်မ စသော အမည်များ ပေးတတ်သည်။

အနောက်နိုင်ငံများသို့ ပညာတော်သင်သွားပြီး မျက်နှာဖြူမများကို ယူလာခဲ့သူများလည်းရှိရာ ၎င်းတို့ကို “ဗိုလ်မလင်” ဟု ၎င်း၊ “ဗိုလ်မကြီးလင်” ဟု ၎င်း အရပ်စကားဖြင့် ခေါ်ကြ၏။ ထိုနည်းတူစွာ မျက်နှာဖြူများနှင့်ရသော မိန်းမများကို “ဗိုလ်ကတော်”ဟု ခေါ်ကြ၏။ အချို့အနောက်တိုင်းသားများမှာ တိုင်းရင်းသူများကို အတည်တကျ မပေါင်းဘဲ အပျော်မယား အဖြစ်သာ သဘောထားပြီး အချိန်တန်လျှင် အိမ်ပြန်ကြလေတော့၏။ ၎င်း “ဗိုလ်” ၏ ကျန်ခဲ့သော အပျော်မယားဟောင်းကို “ဗိုလ်ကတော်ကျ”ဟု ခေါ်ကြ၏။ အချို့မိန်းမများမှာ မျက်နှာဖြူ တယောက်ပြီးတယောက်ပြောင်း အပျော်မယားဖြစ်ခံရသဖြင့် “ဗိုလ်ကတော် ၂ ဆက်ကျ”၊ “ဗိုလ်ကတော် ၃ ဆက်ကျ” ဟူသော အခေါ်များလည်း ရှိသေး၏။ မျက်ခုံးမွှေးဆွဲဟန်၌ပင် သေးသေးရေးရေး ဆွဲထားသည့် မျက်ခုံးမွှေးကို “ဗိုလ်ကတော့်မျက်ခုံး” ဟု ခေါ်ကြ၏။

ရန်ကုန်မြို့တွင် ထို “ဗိုလ်ကတော်”၊ “မင်းကတော်” တို့ကို လူထုကြီးက “မျက်စိစပါးမွှေးစူး”လာဟန်ရှိခဲ့ပါသည်။ စစ်ကြိုခေတ်က အလွန်နံမည်ကြီးခဲ့သော လူရွှင်တော်များဖြစ်သည့် ဓာတ်စီ နှင့် ဓာတ်စံ တို့က “စက်ကြီး (၁၃)ပါး ဘုရားရှိခိုး” ကိုမှီး၍ ပျော်စေ၊ ပြက်စေ၊ ကလက်စေ၊ သဘောဖြင့် ပြက်လုံးထုတ်ခဲ့ရာတွင် -

“စီးကရက်ဘူး၊ လေဒီရှူးနှင့်၊ နယူးစတိုင်၊ သားရေအိပ်ကိုကိုင်၍၊ လည်တိုင်အပါး၊ ဒေါ်လာပြားနှင့်၊ ရွှေသွားတလက်လက် ဗိုလ်ကတော့်စက်” ဟူ၍၎င်း၊

“ပိုကာ၊ ဂျိုကာ တနေ့လုံး၊ အချိန်ဖြုန်း၍၊ လင်ရုံး ဆင်းချိန်၊ တလိမ်လိမ် တလူးလူး၊ နေမကောင်းဘူးဟု၊ ပူးကပ်မာယာ၊ နှိပ်ခိုင်းတာ၊ များစွာရက်စက်၊ ဖဲ ပြင်တဲ့ မင်းကတော့်စက်။ ” ဟူ၍၎င်း၊

ထိုခေတ်က ရန်ကုန်အထက်တန်းစားများ၏ နေထိုင်ပုံကို သရော်ထားခဲ့ပါသည်။

အင်္ဂလိပ်-မြန်မာ ကပြား (သို့မဟုတ်) မျက်နှာဖြူ နှင့် မြန်မာ ကပြားများကို ဗိုလ်ကပြား၊ အတိုကောက်အားဖြင့် ယောင်္ကျားဆိုလျှင် ကပြားထီး၊ မိန်းမဆိုလျှင် ကပြားမ ဟု ခေါ်ကြသည်။ ထိုခေတ်က နံမည်ကြီးခဲ့သော၊ ဇာတ်ဆရာ ဂရိတ် ဦးဘိုးစိန်ကြီးသည်၊ ၎င်း၏ဇာတ်ကို လူပိုစည်စေရန် အင်္ဂလိပ် ကပြားမများကို စုဆောင်းပြီး 'ကပြားမ ယိမ်း' ဟူသော အကတခုကိုလည်း ထွင်ခဲ့၏။ ၎င်းယိမ်းအကမှာ လူကြိုက်များ၍ ဇာတ်ရုံ၌ လူစည်သော်လည်း ဇာတ်နားချိန်တွင် ၎င်းကပြားမ များကို လာပြီး “ဒိတ်” လုပ်သော မျက်နှာဖြူ ထီးများ၊ ကပြားထီးများ ဝင်လာမစဲ တသဲသဲ ဖြစ်နေသဖြင့် နောက်ဆုံးတွင် ဦးဘိုးစိန်ကြီးသည် 'ကပြားမ ယိမ်း'ကို ၎င်း၏ဇာတ်မှ ဖြုတ်ပစ်ခဲ့ရတော့ကြောင်း စာရေးဆရာမကြီး လူထုဒေါ်အမာက ၎င်း၏ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်၌ ရေးထားခဲ့ပါသည်။

ဆရာဦးသိန်းဖေမြင့်၏ “မင်းတိုင်ပင်” ဝတ္တုတွင်လည်း တောသူဌေးကြီး ဦးဘိုးကူး မင်းတိုင်ပင်အမတ် အဖြစ် အရွေးခံရရာ ရန်ကုန်သို့ အစည်းအဝေးလာတက်ချိန် ညပိုင်း၌ ပျော်ပါးရန် "ဇိမ်မယ်" ရှာခိုင်းရာတွင် “ကပြားမ” ကို ရှာခိုင်းကြောင်း၊ ဇိမ်ခေါင်းက လူစီခင်ခင် ဆိုသော ကပြားမလေးတယောက်ကို ရှာပေးလိုက်ရာ မင်းတိုင်ပင်အမတ်ကြီး အလွန်ကြိုက်သွားပြီး “ကပြားမနဲ့ ငါ ညားရမကွဲ့” ဟု နဘေကာယံနှင့် ကြုံးဝါးကြောင်း၊ လွှတ်တော်အစည်းအဝေး ပြီးသောအခါ လူစီခင်ခင်ကို အရမ်းကြိုက်သွားပြီး မိမိနေသော တောမြို့သို့ ခိုးပြေးကြောင်း၊ အိမ်တွင် မယားကြီး၊ သားကြီး၊ သမီးကြီးများနှင့် ပြဿနာတက်သွားကြောင်း၊ နောက်ပိုင်းတွင် မင်းတိုင်ပင်အမတ်ကြီး လူစီခင်ခင်ထံမှ ကာလသားရောဂါပိုး ကူးစက်ပြီး ကုရာနထ္ထိ ဆေးမရှိဘဲ သေကြောင်း၊ ထိုနယ်အတွက် မင်းတိုင်ပင်အမတ်အသစ် ရရန် ရွေးကောက်ပွဲ လုပ်ရဦးမည်ဖြစ်ကြောင်း၊ သင်ခန်းစာပေး ဝတ္တုကို ဟာသနှောပြီး ရေးထားခဲ့ပါသည်။

ကုလားဗိုလ် ဆိုသည်မှာ အင်္ဂလိပ်နှင့်ကုလား ကပြားဖြစ်သည်။

အချို့သော ကုလားအစစ်များသည် ခရစ်ယာန်ဘာသာသို့ ဝင်ပြီး အင်္ဂလိပ်အမည်၊ စကော့အမည်များ ခံကြသည်။ အင်္ဂလိပ်များကလည်း ၎င်းတို့၏ သွေးခွဲအုပ်ချုပ်ရေးစနစ် အောင်မြင်နိုင်စေရန်၊ ထို ခရစ်ယာန်ဘာသာဝင် ကုလားအစစ်များကို “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဟု ဆိုရမည့် အခွင့်အရေး ပေးထားခဲ့လေတော့ရာ ၎င်း ဘောင်းဘီဝတ် ခရစ်ယာန်ဘာသာဝင် ကုလားအစစ်များသည် ကမ်းမမြင်လမ်းမမြင် ဘဝင်မြင့်ကြလေတော့၏။ ဘောင်းဘီဝတ် မျက်နှာဖြူများကို တိုင်းရင်းသားများက သခင်ခေါ်ရပြီး ဘုရားထူးနေရသော ခေတ်ဖြစ်လေရာ ၎င်း ဘောင်းဘီဝတ် ကုလားများသည်လည်း အချောင်ဝင် သခင်အခ်ါခံ၊ ဘုရားထူးခံကာ မျက်နှာဖြူအစစ်များထက်ပင် ဟိတ်ဟန် ဂိုက်ထုတ်၍ မြန်မာများကို နှိမ့်ချဆက်ဆံလေ့ ရှိသည်။

မျက်နှာဖြူမဟုတ်သော ဘောင်းဘီဝတ် ပညာဝန်ထောက်တဦး ဆရာကြီး ဦးဝန် (မင်းသုဝဏ်) ငယ်စဉ် ကနေခဲ့သည့် ဘုန်းကြီးကျောင်းအတွင်း နောက်ပိတ်ဖိနပ်ကြီး မချွတ်ဘဲ ၀င်လာရာ ကျောင်းသူ ကျောင်းသား တရာကျော်က ထိုကုလားမဲ ပညာဝန်ထောက်ကို ပထမ၊ ဒုတိယ၊ တတိယ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ထိခြင်းကြီးငါးပါးဖြင့် ဖူးမြော်မာန်လျှော့ ကန်တော့ခဲ့ရပါကြောင်းကို ၁၉၆၂ ခုနှစ်တွင် ဆရာကြီး ဦးဝန် ရေးသော “သာဓုခေါ်၍ အမျှဝေပါ၏” ဆောင်းပါးတွင် တွေ့နိုင်ပါသည်။

“အောင်ဆုသြဘာ၊ မင်္ဂလာဖြင့်၊ ဆယ်ဖြာလက်မြှောက်၊ ဆက်ခါလျှောက်ပိမ့်၊ ခိုင်ဆောက်အောင်လံ၊ ဂရိတ်ဗြိတန်နှင့်၊ နိုင်ငံအိန္ဒိယ၊ အစိုးရသည့်၊ ဘ၀သခင်၊ ဂျော့ဘုရင်နှင့်၊ အရှင်မိဖုရား၊ မြတ်နှစ်ပါးတို့၊ တိုင်းကားစိုးစံ၊ ပြည်နိုင်ငံကို၊ ရန်မာန်ကင်းပြီး၊ ဘုန်းတော်ကြီး၍၊ သက်တော်ရှည်စွာ၊ ဆယ်ဖြာဓမ္မ၊ သင်္ဂဟနှင့်၊ နာယကဂုဏ်၊ ကိုယ်လုံးခြုံ၍၊ တိမ်မှုန်မသန်း၊ လပြည့်ဝန်းသို့၊ ရွှေနန်းပေါ်ထက်၊ နှစ်သက်မြတ်နိုး၊ ဥစ္စာစိုးသည်၊ တန်ခိုးနေသို့ ထွန်းစေသောဝ်”

ဟူသော ပဉ္စမမြောက် ဂျော့ဘုရင်နှင့် မေရီမိဖုရားတို့၏ ဘုန်းတော်ဘွဲ့ မင်္ဂလာဧကပိုဒ်ရတုကို တောရောမြို့ပါ နှုတ်တိုက်ကျက်မှတ်ခိုင်းပြီး စာသင်ကျောင်းတိုင်းတွင် ကျောင်းမတက်မီ သီဆိုကာ ဂုဏ်ပြုခဲ့ရကြောင်းကို ဆရာကြီး ဦးဝန် (မင်းသုဝဏ်)က “သာဓုခေါ်၍ အမျှဝေပါ၏” ဆောင်းပါးတွင် ရေးပြခဲ့ပါသည်။

၎င်းမျက်နှာဖြူမဟုတ်သော ဘောင်းဘီဝတ်တို့ (ဝါ) ခရစ်ယာန်ဘာသာဝင် ကုလားအစစ်များအကြောင်းနှင့် အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်ရေးစနစ်အကြောင်းကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာထင်အောင်ကလည်း အောက်ပါအတိုင်း ရေးခဲ့သည်။

“In addition, they divided the people in the plain into racial groups, namely Burmese, Indians, Anglo-Indians, and the Karens, on the excuse that racial minorities were entitled to special protection by the British government. Anglo-Indians included Anglo-Burmese, whose number was small because intermarriage between the British and the Burmese was not common. The total population of Anglo-Indians themselves was small and the majority of them had come from India; except that they wore trousers and coats and had English names, they were really Indians and could have been classified as such”. (See details: Maung Htin Aung, A History of Burma, Columbia University Press, 1967, p. 286)

အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်ရေးစနစ်တွင် အပန်းဖြေရိပ်သာများ၊ “ကလပ်”များ (Clubs) ၌ပင် လူဖြူများအတွက် တခု၊ တနည်းအားဖြင့် ပထမတန်းစား “ကလပ်”။ ကပြားများအတွက် တခု၊ တနည်းအားဖြင့် ဒုတိယတန်းစား “ကလပ်”။ ဒေသခံတိုင်းရင်းသားများအတွက် တခု၊ တနည်းအားဖြင့် တတိယတန်းစား “ကလပ်” စသည်ဖြင့် ခွဲထားသည်။ မြန်မာတိုင်းရင်းသားများနှင့် အိန္ဒိယတိုင်းရင်းသား ကုလားများသည် တတိယတန်းစား “ကလပ်” သာ တက်ခွင့်ရသည်။ သို့သော် ၎င်းမျက်နှာဖြူမဟုတ်သောဘောင်းဘီဝတ်ကုလားများ (ဝါ) ခရစ်ယာန်ဘာသာဝင် ကုလားအစစ်များသည် ဒုတိယတန်းစား”ကလပ်” တက်ခွင့်ရသဖြင့် အလွန်ဘဝင်မြင့်ကြကာ ဘဝမှန်ုကိုမေ့သွားကြပြီး ကုလားဟု အခေါ်မခံလိုကြဘဲ “ဗိုလ်ကပြား” (အင်္ဂလိပ်-မြန်မာ ကပြား) ဟု အခေါ်ခံလိုကြသည်။ မြန်မာများကိုလည်း “ငုံ့ကြည့်ကြည့်ပြီး” တခုခုမြည်တွန်တောက်တီးစရာ ပေါ်လာပါက “You Burmese are —“(မင်းတို့ ဗမာတွေဟာ ——-) ဟု အမျိုးခိုက်ပြီး ချိုးနှိမ်ပြောလေ့ရှိသဖြင့် ၎င်းတို့ကို ကြည့်မရသော မြန်မာများကလည်း သူတို့ကို “ကုလားဗိုလ်” (အင်္ဂလိပ်နှင့်ကုလား ကပြား) ဟုပင် မခေါ်ဘဲ “ဗိုလ်ကြက်ချေး”ဟူ၍ လည်းကောင်း၊ “ဗိုလ်ကြက်ချေးကုလား”ဟူ၍ လည်းကောင်း၊ “ဗိုလ်ရူး” (ဗူးယို)ဟူ၍ လည်းကောင်း၊ “ဗိုလ်စုတ်” ဟူ၍ လည်းကောင်း နှိမ့်ချ ခေါ်ဝေါ်ကြလေတော့သည်။

၎င်း”ဗိုလ်ကြက်ချေး”တို့၏ အပြုအမူကို မြန်မာများတွင်မက မြန်မာပြည်ပေါက် ကုလားများ (ဟိန္ဒူ၊ မူဆလင်၊ ဆစ်ခ် စသည်များ) နှင့် မြန်မာပြည်ရောက် အခြားကုလားများကလည်း “ဘိန်းစားချင်း အတူတူ ပြောင်းတလုံး ပိုရှူချင်သည်” ဟုယူဆပြီး လုံးဝကြည့်မရတော့ဘဲ “ဗိုလ်ကြက်ချေးထီး”ကို အူရဒူဘာသာဖြင့် “စူဝက်ကဘချား” (ဝက်၏သား) ဟူ၍ လည်းကောင်း၊ “ဗိုလ်ကြက်ချေးမ”ကို “စူဝက်ကီးဘချီး” (ဝက်၏သမီး) ဟူ၍ လည်းကောင်း၊ တနည်းအားဖြင့် “မျိုးမစစ်၊ အမျိုးယုတ်” ဟု နှိမ့်ချခေါ်ကြလေတော့သည့်အပြင် အဆက်အဆံမလုပ်ဘဲ ဝိုင်းပယ်ထားကြ၏။

မြန်မာစစ်စစ်ဖြစ်လျက် အနောက်တိုင်းသားဂိုက် ဖမ်းနေသူများကိုလည်း “ဗိုလ်ရူး” ဟူ၍၎င်း၊ မစ္စတာ “ဘူးယို” ဟူ၍၎င်း၊ “ဖရုံယို”ဟူ၍၎င်း၊ “ဗိုလ်ကြီးမိတ်အင်ဘားမား” ဟူ၍၎င်း “ကင်ပွန်းတပ်”ကြလေတော့သည်။

■ ကုန်းဘောင်ခေတ် စစ်တပ်ဖွဲ့ပုံ

တပ်သား၅ယောက် အစုကို တအိုးစားဟု ခေါ်သည်။ ၂ အိုးစား (သို့မဟုတ်) တပ်သား ၁၀ ယောက်ကို အကြပ်တယောက်က အုပ်ချုပ်သည်။ စုစုပေါင်း ၁၁ ယောက်ဖြစ်သည်။ သွေးသောက်တယောက်က အကြပ် ၅ ယောက်ကို အုပ်ချုပ်သည်။ ထို့ကြောင့် သွေးသောက်တယောက်၏ အောက်တွင်၊ တပ်သား ၅၀ နှင့် အကြပ် ၅ ယောက်၊ စုစုပေါင်း ၅၅ ယောက် ရှိသည်။ သွေးသောက် ၂ ယောက်ကို တပ်မှူးတဦးက အုပ်ချုပ်သည်။ ထို့ကြောင့် တပ်မှူးတယောက်၏ အောက်တွင် တပ်သား ၁၀၀၊ အကြပ် ၁၀ ယောက်၊ သွေးသောက် ၂ ယောက်၊ စုစုပေါင်း ၁၁၂ ယောက် ရှိသည်။ ဗိုလ်တယောက်က တပ်မှူး ၅ ယောက်ကို အုပ်ချုပ်သည်၊ ထိုကြောင့် ဗိုလ်တယောက်၏ အောက်တွင် တပ်သား ၅၀၀၊ အကြပ် ၅၀၊ သွေးသောက် ၁၀ ယောက်၊ တပ်မှူး ၅ ယောက်၊ စုစုပေါင်း ၅၆၅ ယောက် ရှိသည်။

မြန်မာဘုရင့်တပ်မတော်၏ အကြီးဆုံးစစ်သူကြီးကို ဗိုလ်မှူး ဟု ခေါ်သည်။ မဟာဗန္ဓုလ၏ ရာထူးမှာ ဗိုလ်မှူးဝန်ကြီး ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်က ဗိုလ်မှူးဆိုသည်မှာ ယခုခေတ်အခေါ် “ဖီးမာရှယ်” (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီး ဖြစ်သည်။

မဟာဗန္ဓုလ၏လက်ထောက် မြဝတီမင်းကြီး ဦးစ၏ ရာထူးမှာ "စစ်ကဲ" ဖြစ်သည်။ ထို့ကြောင့် "စစ်ကဲ" ဆိုသည်မှာ (Second in Command) ဒုတိယ စစ်သေနာပတိ ဖြစ်သည်။ ဗိုလ်မှူးနှင့် စစ်ကဲအောက်ရှိ ရာထူး (သို့မဟုတ်) တတိယအကြီးဆုံး စစ်ဗိုလ်ကြီးကို "ဗိုလ်ချုပ်"ဟု ခေါ်သည်။ ဗိုလ်ချုပ်၏အောက်ရှိ ရာထူးကို "ဗိုလ်မင်း" ဟု ခေါ်သည်။

ရခိုင်စကားတွင် ဗိုလ်မင်း (ရခိုင်သံဖြင့် ဗိုလ်မောင်း)သည် မျိုးနွယ်စုတခု၏ အကြီးအကဲ (ဝါ) နယ်တနယ်၏ အကြီးအကဲ၊ စော်ဘွား သဘောမျိုးဖြစ်သည်။ ရခိုင်တို့က အနောက်ပြည်ဟု ခေါ်သော စစ်တကောင်း တောင်တန်းဒေသရှိ ရခိုင်အများစု နေရာဌာနကို “ဗိုလ်မင်းထောင်” (ဗိုလ်မောင်းထောင်) ဟု ခေါ်ပြီး နယ်၏ အကြီးအကဲ ဗိုလ်မင်း (ဗိုလ်မောင်း)ကို ဘင်္ဂလားဒက်ရှ်အစိုးရက နယ်တနယ်၏အကြီးအကဲ၊ "စော်ဘွား"အဖြစ် အသိအမှတ်ပြုရသည်။ “ဗိုလ်မင်းထောင်”၊ “ဖလန်ထောင်”၊ “သက်ထောင်”စသော နယ်များ ရှိသည်။

People's Democracy
26 July 2017

ဆက်လက်ဖော်ပြပါမည်။

People's Democracy Page မှကူးယူဖော်ပြပါသည်။#BurmaDemocracy
Cd

No comments:

Post a Comment