Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 18, 2017

အမေရိကန် ပြည်ထောင်စုမှာ လက်မထပ်ရသေးတဲ့ လူပျိုတွေရဲ့ အကျိုးခံစားခွင့်


ဒီည အွန်လိုင်းမှာ မြန်မာပြည်က ကျောင်းနေဘက် သူငယ်ချင်း မိန်းကလေး နဲ့ စကားပြောတယ်။ သူလည်း အိမ်ထောင်တွေဘာတွေ ကျပြီး ကလေး ၂ ယောက် အမေဖြစ်နေပြီ။ ကလေးတိုးလို့တွဲလောင်း နဲ့ တစ်ဖက်၊ အိမ်မှုကိစ္စတွေ လုပ်ရတာတစ်ဖက် နဲ့ ဘိုသီဘတ်သီဖြစ် နေမယ့် သူ့ ဘ၀ကို ကြည့်ပြီး ကိုယ်က သနားနေတယ်။

သူ့ဘက်ကလည်း ရေခြားမြေခြား တိုင်းတစ်ပါးမှာ သွားပြီး အခုထိ လူပျိုကြီး တစ်ကောင်ကြွက်ဖြစ်နေတဲ့ ကိုယ့်ကို ကြည့်ပြီး သနားနေ တယ်။ သူနဲ့ chatting လုပ်ပြီးတဲ့အခါကျတော့ စာရိုက်ပြီး အပြန်အလှန်ပြောထားကြတဲ့ ဟာတွေကို ဖတ်ပြီး အူတက်အောင်ရယ် နေမိတယ်။ သူ့လို အရယ်မခံရအောင် နောက်လူတွေကို ပြောပြချင်တာ ကတော့ အမေရိကန် ပြည်ထောင်စုက လူပျိုတွေရဲ့ အကြောင်း နဲ့ လူပျိုတွေရဲ့ အကျိုးခံစားခွင့်တွေက ဘာလဲဆိုတာ သိအောင် ပြောပြချင်တာပါ။ ဒါကို ဖတ်ပြီး မသနားတဲ့အပြင် ပြီးမှ အမြင်ကတ် မနေကြနဲ့ဦး။ 😀

ယျေဘုယျအားဖြင့်တော့ လက်မထပ်ရသေးရင် လူပျိုပဲ။ အမေရိကန် ပြည်ထောင်စုမှာ လက်မထပ်ရသေးတဲ့ လူပျိုတွေရဲ့ အကျိုးခံစားခွင့် တွေက မြန်မာပြည်က လူပျိုတွေထက် အများကြီး သာပါတယ်။

အမေရိကန်ပြည်ထောင်စုက လူပျိုတစ်ယောက်က တခြား အပျိုမိန်းကလေးတစ်ယောက် နဲ့ သမီးရည်းစား ဘ၀ (boyfriend-girlfriend relationship) မရောက်မီ တခြားအဆင့်တွေ ရှိပါသေးတယ်။

၁။ Friends with Benefits
လူပျိုယောက်ျားလေးတစ်ယောက်က အရမ်းရင်းနှီးတဲ့ တခြား အပျို မိန်းကလေးသူငယ်ချင်းတစ်ယောက် နဲ့ သမီးရည်းစား မဟုတ်ပါပဲ နဲ့ တစ်ယောက်ကို တစ်ယောက် အလိုရှိတဲ့ အခါမျိုးမှာ အပြန်အလှန် အကျိုးပြုကြတာပါ။ "ငါလို အပ်ရင် နင့်ကိုခေါ်မယ်။ နင်လိုအပ်ရင် လည်း ငါ့ကိုခေါ်" ဆိုတဲ့ ယောက်ျားလေး နဲ့ မိန်းကလေး သူငယ်ချင်း နှစ်ဦးကြားက ဆက်ဆံရေးပါ။ တစ်ယောက်ကို တစ်ယောက် အလိုမရှိတော့တဲ့အခါကျရင်လည်း အသည်းကွဲပြီး ကျန်ခဲ့တဲ့ ဆက်ဆံရေးမျိုး မဟုတ်ဘူး။ တစ်ဦး နဲ့ တစ်ဦးအကြားမှာ ကန့်သတ် ချုပ်ချယ်မှုမျိုးမရှိတဲ့ အတွက်ကြောင့် Friends with Benefits ဆက်ဆံရေးမှာ No Strings Attached (နှောင်ကြိုးတွေမရှိဘူး) လို့ ပြောကြတာပါ။

၂။ Boyfriend-Girlfriend Relationship (သမီးရည်းစား ဆက်ဆံရေး)
Friends with Benefits နဲ့ နေလာရာကနေ တစ်ယောက် နဲ့ တစ်ယောက် သံယောဇဉ်တွေပိုပြီး ခိုင်မြဲလာမယ်၊ လက်လွှတ်မခံချင် ဘူး။ တခြား ဘယ်သူ နဲ့ မှလည်း ပြောင်းပြီး မတွဲချင်ဘူး။ သူမှ သူပဲ ဖြစ်လာတဲ့အခါမှာ တစ်ယောက် နဲ့ တစ်ယောက် သဘောတူညီမှု တခုရယူပြီး သမီးရည်းစားဘ၀ကို ထူထောင်ကြတယ်။ Friends with Benefits မှာလို Sex ကိစ္စတခုတည်းမဟုတ်တော့ဘူး။ တစ်ယောက် အကြောင်းကို တစ်ယောက် ပိုပြီး သိအောင်၊ နားလည်လာအောင်ကြိုးစားတဲ့ ဆက်ဆံရေးမျိုး။

၃။ Living Together
ဒါကတော့ မြန်မာ့ယဉ်ကျေးမှု နဲ့ မလျော်ညီပေမယ့် မြန်မာပြည်က လူတွေရဲ့ နားမှာတော့ ဒီစကားလုံးကို ရင်းနှီးထားပြီးသားပါ။ Living together နေကြတဲ့အခါမှာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်တာ အပြင် တစ်အိမ်ထဲမှာနေနေကြပြီဖြစ်တဲ့အတွက် အိမ်ငှားခ၊ ရေဖိုး၊ မီးဖိုး၊ ဈေးဖိုးတွေက အစ နှစ်ဦးကြားမှာ တာဝန်တွေခွဲယူကြတာပါ။ အမေရိကန်တွေ living together နေကြတယ်ဆိုတာကို တချို့တွေက ယောက်ျားလေးဘက်ကပဲ နေထိုင်ကုန်ကျစရိတ်တွေ၊ အသုံးစရိတ်တွေ အကုန်လုံး ကျခံပေးရတယ်လို့ ထင်ကြပါတယ်။ အမှန်တော့မဟုတ်ပါ ဘူး။ အမေရိကားမှာ ယောက်ျားလေး တစ်ယောက် နဲ့ မိန်းကလေး တစ်ယောက် လက်မထပ်ဘဲ အတူနေ၊ အတူအိပ်လိုက်လို့ ဘယ်သူ့ဘက်က သာတယ်၊ ဘယ်သူ့ဘက်က နာတယ်ဆိုပြီး ဘယ်သူမှလည်း မတွေးကြဘူး။ နှစ်ဦး သဘောတူ အတူနေကြတာဖြစ်တဲ့ အတွက် ကြောင့် နှစ်ဘက်စလုံး တာဝန်တွေကို အတူခွဲဝေယူကြတာပါ။ Living together ကို အရှင်းဆုံး ပြောရရင်တော့ လက်မထပ်ဘဲ အတူနေ တာပါ။ (များသောအားဖြင့်) ကလေးမယူကြပေမယ့် ဟာဝိုင်ရီပြည်နယ် ခ၀ိုင်ကျွန်းမှာနေကြတဲ့ ဟာဝိုင်ယီ ယောက်ျားလေး မိန်းကလေးတွေ အများစု ကတော့ living together အဆင့်နဲ့ ကလေးတွေယူကြတာပါ။ လက်မထပ်ဘဲ၊ လက်ထပ်စာချုပ်မရှိပဲ နဲ့ ဒီတိုင်းပဲနေကြတာပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက် (၁) ၊ (၂) နဲ့ (၃) ထဲက ဘယ်လို အခြေအနေထဲမှာပဲ ရှိနေနေ လူပျိုဖြစ်နေသေးတာပါပဲ။ အမေရိကန် လူမှုပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတော့ အဲဒီ ယောက်ျားလေး (သို့မဟုတ်) မိန်းကလေးကို လူပျို/အပျို ဆိုပြီး သတ်မှတ်ထားကြတုန်းပါ။

တစ်ခါတစ်လေ ကျနော့်ရဲ့ ဒီက အမေရိကန် အမေကို "Mom, I have a relationship with her." လို့ပြောရင် သူက "ဟေ ... မင်းတို့က ဘယ်လို relationship မျိုးလဲ? Friends with Benefits လား?Boyfriend-Girlfriend လား? Living Together လား? အိမ်ကို ဘယ်တော့ ခေါ်လာမလဲ?" ဆိုပြီးမေးတယ်။

မြန်မာပြည်မှာဆိုရင်တော့ အဲဒီအဆင့်လောက် ရောက်နေပြီဆိုရင် တော့ ယောက်ျားလေးဆိုရင် အသတ်ခံရမယ့် အန္တရာယ်ရှိမယ်။ မိန်းကလေးဆိုရင်လည်း တစ်ဘ၀လုံးပျက်ပြီး လူကြားထဲမှာ ခေါင်းဖော်လို့မရတဲ့ အခြေအနေမျိုးမှာ ဖြစ်သွားပြီ။ လူမှုအသိုင်းအ၀ိုင်း နှစ်ခုကြားက ယဉ်ကျေးမှုနှစ်ခု မတူညီပုံကို ပြောပြတာပါ။

၎။ Engagement
Boyfriend-Girlfriend (ဒါမှမဟုတ်) Living together အဆင့်ရောက် တာ အချိန်ကာလ အတိုင်းအတာအထိ ကြာသွားပြီး၊ တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်စိတ်ချမှုတွေရှိလာပြီဆိုရင်တော့ စေ့စပ်ကြောင်း လမ်းတဲ့အဆင့် ရောက်ပါပြီ။ အဲဒီအဆင့်အထိ ယောက်ျားလေးရော၊ မိန်းကလေးရော လူပျို၊ အပျို အဖြစ် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သတ်မှတ်ထားကြတုန်းပါ။

၅။ Marriage
စေ့စပ်ကြောင်းလမ်းပြီးရင်တော့ ထုံးစံအတိုင်း လက်ထပ်ကြတာပါပဲ။ အဲဒီအခါကျရင်တော့ သားသမီးယူချင်ရင်လည်း ယူကြတာပေါ့။

၆။ Divorce
သားသမီး ယူပြီးသည်ဖြစ်စေ၊ မယူရသေးသည် ဖြစ်စေ၊ လင်မယား အကြား စိတ်သဘောထား မတိုက်ဆိုင်တော့ဘူး၊ ဘယ်လိုမှ အတူပေါင်းသင်းနေဖို့ မဖြစ်နိုင်တော့ဘူးဆိုရင်တော့ မြန်မာပြည်မှာလို အောင့်အီး သည်းခံပြီး ပေါင်းမနေကြတော့ပါဘူး။ ကွာရှင်းပြတ်စဲ ကြတာပါပဲ။

၇။ Platonic Love
များသောအားဖြင့် ဒါမျိုးက အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတွေ နဲ့ အမျိုးသမီးတွေအကြားမှာ ရှိတဲ့အချစ်မျိုးပါ။ တချို့ကျတော့လည်း အိမ်ထောင်တွေပြိုကွဲပြီးနောက်ပိုင်း အချိန်ကာလကြာလာတဲ့အခါမှာ၊ ဒါမှမဟုတ် အိမ်ထောင်ဖက် သေဆုံးပြီး ကြာလာတဲ့အခါမှာ အချစ်သစ်ကို တစ်ခါ တောင့်တတတ်ကြတယ်။ အဲဒီအခါမျိုးမှာကျ တော့ နောက်ထပ် အချစ်သစ်ကိုထပ်ပြီးရှာဖွေကြတာပါ။ အဲလို အခြေအနေမျိုးမှာ ရှိတဲ့ ယောက်ျားတစ်ယောက် နဲ့ မိန်းမတစ်ယောက် တွေ့ကြတဲ့အခါမှာ ကာမ၊ ရာဂစိတ်တွေ မပါတဲ့ အချစ်မျိုး၊ တစ်ဦးပေါ်ကို တစ်ဦး ဂရုတစိုက်၊ ကြင်ကြင်နာနာနဲ့ ချစ်တဲ့ အချစ်မျိုး နဲ့ ချစ်ကြတယ်။ အဲလို ကာမစိတ်မပါတဲ့ အချစ်မျိုးကို Platonic Love လို့ ခေါ်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ကျနော်ရောက်တဲ့ ၇ နှစ်အတွင်းမှာ လူငယ်၊ လူကြီး၊ သက်ကြီးရွယ်အိုတွေအကြားမှာ အထက်ဖော်ပြပါ အဆင့် ၇ မျိုးနဲ့ ချစ်ကြတာတွေ့ရတယ်။

အမေရိကန် ပြည်ထောင်စုမှာ ကိုယ် နဲ့ ရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်က "နင့်ကို ငါ စိတ်ဝင်စားတယ်" လို့ ပြောလာရင် နံပါတ် (၁) ကို စိတ်ဝင်စားတာလား၊ နံပါတ် (၂) လား၊ (၃) လား၊ ဘယ်လို စိတ်ဝင်စားတာလဲဆိုတာ လူပျိုတစ်ယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်း ဒဲ့ဒိုးကြီးမေးနိုင်မှ တန်ကာကျမှာ။ အဲဒီအဆင့် တွေက အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လူပျို၊ အပျိုတွေရဲ့ "သူမသာ ကိုယ်မနာ" အခွင့်အရေးတွေ။

အဲဒီတော့ အမေရိကန် ပြည်ထောင်စုမှာ လူပျိုဖြစ်ရတာဟာ ကံပဲဆိုးနေသလား၊ ကံကောင်းသလားဆိုတာကတော့ စာဖတ်သူကိုယ်တိုင် တွေးသာ ကြည့်ပါတော့။
(ဒီပို့စ်ကို အစအဆုံး ဖတ်လိုက်ရတဲ့ အိမ်ထောင်သည် ယောက်ျားတွေ ဒီပို့စ်ကိုဖတ်ပြီးတဲ့နောက် မိန်းမနဲ့ ကွာရှင်းပြတ်စဲတော့မယ်ဆိုတဲ့ အသံမျိုးမကြားချင်တာတော့ ကျနော့်ရဲ့ ဆန္ဒပါ) 😂😂
Kyaw Thein Kha
https://www.facebook.com/kyawthein.kha.3/posts/1070239816433023

No comments:

Post a Comment