Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 4, 2017

စာရေးဆရာ မောင်သော်က၏သရော်စာ "



" စာရေးဆရာ မောင်သော်က၏သရော်စာ "

      တရံရောအခါက တပ်က အရာရှိ တော်တော်များများ အမှုတွဲတစ်ခုကို အရင်းပြုပြီး အလုပ်က ပြုတ်ပါလေရော။ အဲဒီထဲမှာ ဗိုလ်ကြီးတစ်ယောက်လည်း ပါတယ်။   

          ဗိုလ်များ ပြုတ်ပြီဆိုရင် အပြင်မှာ ဘာမှ လုပ်စားတတ်တာမှ မဟုတ်ပဲဗျ။ တနေ့တနေ့ အိမ်မှာချည်းဘဲ ထိုင်နေတော့ တာကိုး။ အိမ်က မိန်းမကလည်း အရင်ကတော့ အရာရှိကတော် ဆိုတဲ့ပုံစံနဲ့ မြောက်ကြွမြောက်ကြွ လုပ်နေရတုန်းက ကိုကို ရဲ့ မောင်မောင်ရဲ့နဲ့ အလုပ်ပြုတ်ပြီလဲ ဆိုရော

       " တော့် ကိုယ်ဟွာ  ရှင် အလုပ် ကလေး ဘာလေး ရှာအုံးလေ "

ဆိုတော့ ယောင်္ကျားကလည်း
        " အေးပါကွာ ငါလည်း ရှာနေပါတယ် " 

ပြန်ပြော။ မိန်းမက 
        " ရှင် အလုပ် ရှာနေတယ်သာ ပြောတာ တနေ့တနေ့ အိမ်ထဲမှာဘဲ ထိုင်နေတော့ ဘယ်က အလုပ်က ရမှာတုန်း "

ဆိုပြီးပြောတော့ ဗိုလ်ပြုတ်ကလည်း       
         " ငါက ဘာလုပ်ရမှာတုန်း ကူလီ ထမ်းရမှာလား " ဆိုပြီုးပြန်အော်တော့တာကို။

မိန်းမကလည်း 
        " အော် ထမ်းသင့်ရင် ထမ်းရမှာပဲ " ဆိုပြီး ပြန်ပြော။ ဗိုလ်ပြုတ်လည်း စိတ်ဆိုးပြီး 

        " ဒီမှာဟေ့ ငါက ပြန်တမ်းဝင် အရာရှိကွ နားလည်လား ကူလီ ထမ်းတဲ့ကောင် မဟုတ်ဘူး " ဆိုတော့ မိန်းမက 

          " ရှင့်ဟာ ရှင် ပြန်တမ်းဝင် အရာရှိချင်ရှိ မရှိချင်နေ ကျူပ် ဂရုမစိုက်ဘူး ကျူပ်မှာ ပိုက်ဆံ မရှိတော့တာပဲ သိတယ် ... တနေ့တနေ့ ထိုင်စားနေတာ ကျူပ်မှာ နားကပ်ရော ဆွဲကြိုးရော မရှိတော့ဘူး ရှင်သိရဲ့လား ... ရှင် အလုပ် ရှာရင် ရှာ ... မရှာရင် ကျူပ်နဲ့အတွေ့ဘဲ " ဆိုပြီး အော်ပြောတော့တာကို။ 

            အဲ့တော့မှ  ဗိုလ်ပြုတ်လည်း တနေ့တနေ့ နားညီးတဲ့ဒဏ်ကို မခံချင်တော့ နောက်တနေ့ကစပြီး အလုပ်သွားရှာမယ်ဆိုပြီး မနက်ဆို မိန်းမဆီက ပိုက်ဆံ ၂ကျပ် တောင်း လက်ဖက်ရည်သောက်၊ ပိုတဲ့ ပိုက်ဆံကို ဆေးလိပ်တွေဝယ်၊ တိရိစ္ဆာန်ရုံနား သွားထိုင်၊ ညနေကျုပြန်လာ လုပ်နေပါလေရော။

             ဒီလိုနဲ့ ဆယ်ရက်လောက် ကြာတော့ သူ စိတ်ညစ်ညစ်နဲ့ ဆေးပေါ့လိပ်ဖွာနေတုန်း လူတစ်ယောက်က အနား ကပ်လာပြီး ဆေးလိပ်မီးတောင်းရင်း ဟိုလူက
          " မိတ်ဆွေ ဒီနားမှာ ညနေတိုင်း လာ လာ ထိုင်နေတာ တပါတ်လောက် ရှိပြီနော် "
ဆိုပြီး စကား စပြောလိုက်ရော ဗိုလ်ပြုတ်ကလည်း နဂိုကတည်းက ဒေါသအခံ ရှိနေတော့

        " ဘာလဲ မထိုင်ရဘူးလား  ... ဒါ ခင်ဗျားပိုင်တဲ့ နေရာမို့လား ... အများပိုင်တဲ့နေရာ ခင်ဗျား မီးညှိပြီးရင် သွားစရာရှိတာ သွားစမ်းပါဗျာ  အာရုံနောက်တယ် "
ဆိုပြီး စိတ်ညစ်ညစ်နဲ့ ဘုတော ပါလေရော။

         ဟိုလူက အဲ့တော့မှ
       " ဟာ ... မဟုတ်ပါဘူး ထိုင်လို့ရပါတယ် ... ထိုင်လို့ ရပါတယ် ခင်ဗျားမှာ အလုပ် မရှိဘူးလားလို့ မေးကြည့်တာ " ဆိုတော့  ဗိုလ်ပြုတ်က 
 
         " မရှိလို့ ထိုင်နေတာပေါ့ဗျ ... ရှိရင် အလုပ် သွားလုပ်နေမှာပေါ့ သွားစမ်းပါဗျာ "

ဆိုပြီးထပ်ပြောတော့မှ ဟိုလူက ရုတ်တရက် အနားကပ်လာပြီး

        " ခင်ဗျား အလုပ်လုပ်မလား "
မေးတော့တာကို။ ဗိုလ်ပြုတ်က အဲ့တော့မှ အံ့အားသင့်ပြီး
         " ဘာလဲ ခင်ဗျားက အလုပ် ပေးနိုင်လို့လား " ဆိုတော့ ဟိုလူက

        " ပေးနိုင်တယ် " ပြောရော။

        " ဘာအလုပ်လဲ " မေးတော့ ... ဟိုလူက ဘာအလုပ်လဲဆိုတာ မပြောပဲ 

         " အလုပ်ကပြောလို့ မရဘူးဗျ ... ခင်ဗျား လုပ်မယ် ဆိုမှပဲ ပြောပြလို့ ရမှာ " ဆိုတော့ ဗိုလ်ပြုတ်က 
 
           " အာ ခင်ဗျားဟာက ဘာအလုပ်မှန်း မသိပဲ လုပ်စရာလား  ဓါးပြ တိုက်ခိုင်း နေရင် ဘယ်လို လုပ်မှာတုန်း " ဆိုပြီး ပြန်မေးတော့ ... အာ့ ဟိုလူက
  
         " အာ့ ... ဓါးပြတိုက်ခိုင်း ပါ့မလားဗျ ... အလုပ်က အစိုးရ အလုပ်ပဲ ... နေ့စား တစ်ရက်ကို ၁၅ ကျပ် ပေးမယ်။ ထမင်းကျွေးမယ် ပိတ်ရက် မရှိဘူး "

            အဲ့တော့မှ ဗိုလ်ပြုတ်က စဉ်းစားတယ်။

          " အင်းး တစ်ရက် ၁၅ ကျပ် ... ပိတ်ရက်မရှိ ... တစ်လ ရက် ၃၀ ဆိုတော့ ... ၄၅၀ အံမယ် ဖိုးဖစ်တီး စကေး ...အရာရှိလစာ အကိုက်ဟ ကွက်တိပဲ " ဆိုပြီး

        " လုပ်မယ်ဗျာ ဘာအလုပ်တုန်း " ဆိုတော့ ဟိုလူက
        "  ခင်ဗျား သေချာတယ်နော်လို့ "
ထပ်မေးတော့

           "  အာ့ ... သေချာပါတယ် " 
ဆို တော့မှပဲ ဟိုလူက ဘာအလုပ်လဲ ပြောတော့တာကို ...

         " ဒီလိုဗျ  ကျွန်တော်တို့ တိရိစ္ဆာန်ရုံမှာ လူစကား တော်တော် နားလည်နေတဲ့ ဂေါ်ရီလာ လူဝံကြီး တစ်ကောင်ရှိတယ်။ အာ့ကောင်ကြီးက အင်မတန်လည်း လိမ္မာတယ် သူ့ကြောင့် တိရိစ္ဆာန်ရုံ ဝင်ငွေ တော်တော်ကောင်းတာဗျ ။ အဲ ... လွန်ခဲ့တဲ့ လေးလလောက်က ဒီကောင်ကြီး တော်တော် နေမကောင်းဖြစ်လို့ ကျွန်တော်တို့လည်း အတော်ကြိုးစားပြီး ကုတာ လုံးဝ မရတော့ပဲ လွန်ခဲ့တဲ့ ၂ လ လောက်က သေသွားပြီဗျ။ ဒီအကြောင်းကို ပြည်သူတွေကို မကြေငြာရဲဘူးဗျို့ တိရိစ္ဆာန်ရုံ ဝင်ငွေ ကျသွားမှာစိုးလို့ "

ဆိုတော့ ဗိုလ်ပြုတ်က ဆက်ပြောပါဆိုပြီး စကား ထောက်ပေးလိုက်ရာ ဟိုလူက

          " အာ့ကောက်ကြီးက သေသွားပေမယ့်  ကျွန်တော်တို့ ဒီကောင်ကြီးအရေခွံကို အကောင်းအတိုင်း ရအောင် ဆုပ်ယူထား လိုက်တယ်။ ခင်ဗျားရဲ့ ဂိုက်ဆိုက်က အဲ့ အကောင်ကြီးနဲ့ ကွက်တိလောက်ဘဲ ... အဲ့ဒီတော့ ခင်ဗျားက အဲဒီ လူဝံအရေခွံကြီး ဝတ်ပြီး မနက် ၇ နာရီ ကနေ ညနေ ၆ နာရီ အထိ လှောင်အိမ်ထဲမှာ ဝင်ထိုင်နေရုံပါပဲ။ ထမင်းစားချိန် ကျရင် လှောင်အိမ်နောက်ဖက်က အကွယ်မှာ ထမင်းလာပို့ပေးမယ် ... ခင်ဗျားက စားပြီးရင် ရှေ့ပြန်ထွက်ထိုင်နေရုံဘဲ "
ပြောတော့တာကိုးဗျ။

           ဗိုလ်ပြုတ်က လန့်ပြီး  
          " အာ့ ... အပြင်လူတွေ သိကုန်ရင် ရှက်စရာကြီးဗျ " ဆိုတော့ ဟိုလူက

          " အံမယ်လေးဗျာ ခင်ဗျားက ရှက်တာလောက်ပဲ ကျူပ်တို့က ပိုကြောက်တာပေါ့ဗျ ... ဒါ အစိုးရရဲ့ တော့ပ်စီးကရက် ထိပ်တန်း လျို့ဝှက်ချက်ဗျ ... အပြင်လူ သိလို့မရဘူး " ဆိုတော့မှ
ဗိုလ်ပြုတ်လည်း နည်းနည်း စိတ်ချသွားပြီး 

         " အင်းဗျာ ဒါဆိုလည်း မနက်ဖန်ကျရင် စမ်းကြည့်မယ် "
ဆိုပြီး မရဲတရဲ ကတိပေးတော့ တာကို။

           နောက်တနေ့ မနက်ကျတော့ အိပ်ယာက ၅ နာရီခွဲလောက်ထ ... တိရိစ္ဆာန်ရုံလည်း ရောက်ရော အဲ့ဒီ အရေခွံကြီးဝတ်ပြီး မှန်ထဲကို ကိုယ့်ကိုကိုယ် ကြည့်လိုက်တော့ အမယ်လေး လန့်ထှာဗျာဆိုပြီး အော်ယူရသကိုး ... ဖြစ်ချင်တော့ အရေခွံကြီးက ဟိုလူပြောသလိုပဲ သူ့ခန္ဓာကိုယ်နဲ့ ကွက်တိကျပြီး တကယ့် လူဝံကြီးလို ဖြစ်နေသကိုးဗျ ... အဲ့တော့မှ သူလည်း စိတ်ချပြီး လှောင်အိမ်ထဲ ဝင်ထိုင်နေရော။

          ကလေးတွေ လာတော့လည်း သူ့မှာ ကြောက်ပြီး မလှုပ်ဝံ့ဘူး ။ အဲ့ ထမင်းစားချိန် ရောက်မှပဲ နောက်က အကွယ်လေးမှာ ထမင်းဝင်စား ... ပြီးတော့ ပြန်ထွက်ထိုင် ... ညနေကျတော့ ဟိုလူက လာပြီး ၁၅ ကျပ် ချက်ချင်း ထုတ်ပေးတာကို။ ပိုက်ဆံယူ အိမ်ပြန်လာ ၅ ကျပ်ကို ဖွက်ထား ... ကျန်တဲ့ ၁၀ ကျပ်ကို မိန်းမကို ပေးလိုက်တော့ မိန်းမလည်း မျက်လုံးတွေဘာတွေ အရောင်တောက်လာပြီး

          " ဟယ်  ကိုကို အလုပ် ရလာပြီလား "  တွေ ဘာတွေ အတင်း မေးတော့တာ ကလား။ ဗိုလ်ပြုတ်ကလည်း အလုပ်ရပြီလဲ ဆိုရော မိန်းမက ဆက်မေး 

" ဘာအလုပ်လဲ " ဆိုတော့ သူလည်း ဘာဖြေရမှန်း မသိတာနဲ့ 

" အဲ့ ... အစိုးရအလုပ်ပဲ လောလောဆယ်တော့ နေ့စားဘဲ "
ပြောလိုက်ရာ မိန်းမက အဲ့တော့မှ

" အင်းး ဒါဆိုလည်း အလုပ်ကြိုးစားနော် ပါမင်နစ်လေး ဘာလေးဖြစ်အောင်ကြိုးစား " ဘာညာပေါ့။

          ဒီလိုနဲ့ တပါတ်လောက် ကြာတော့ သူလဲ လှောင်အိမ်နဲ့ နည်းနည်း ရင်းနှီးလာပြီး မကြောက်တော့ဘူး ။

           ကလေးတွေက
        " ဟေးလား မျောက်ကြီး ရှောက်သီးစားမလား " ဆို ခေါင်းခါခါ လက်ခါခါ လုပ်ပြ ... ကလေးတွေက သဘောကျတော့ သူလည်း ပျော်တော့တာကို။

          ဒီလိုနဲ့ တစ်လလောက်ုကြာလာတော့ လှောင်အိမ်ကိုပါ ရင်းနှီးလာပြီး ကလေးတွေက မျောက်ကြီး ဂျွမ်းထိုးပြပါဆို ချက်ချင်း ဂျွမ်းထိုးပြလိုက်တာကို ... တပ်ကကောင် ဆိုတော့ ဂျွမ်းတွေဘာတွေကလည်း ကောင်းကောင်း ထိုးတတ်တာ ကလား။

         တာယာကွင်းတွေ ခိုပြ၊ ဘေးက သံတိုင်တွေကို ပြေးခုန်တက် ပြေးဆင်းနဲ့ အင်မတန် ကျွမ်းကျင်လာတာကို ...ုပြည်သူတွေကြားမှာလည်း တိရိစ္ဆာန်ရုံက လူဝံကြီးက လူစကား တတ်နေပြီဆိုပြီး သတင်းတွေပြန့် ဝင်ငွေတွေထပ်တိုးလာ။  
  
         ခြောက်လပြည့်တော့ ဘောနပ်စ်တွေ ဘာတွေတောင် ရလိုက်သေး ... အစစရာရာ အဆင့်ကိုပြေလို့။

          အဲ့ တရက်ကျတော့
ကလေးတွေက မြှောက်ပေး၊ သူလည်း အပျော်လွန်ပြီး တာယာကွင်းကို ခိုပြရင်း ဘေးက သံတိုင်ကို လှမ်းခုန်ကူးလိုက်တာ သံတိုင်က ဆွေးနေတော့ ကျိုးပြီးတော့ တဖက်က လှောင်အိမ်ကြီးထဲ အရှိန်လွန်ပြီး ပြုတ်ကျသွားပါလေရော ။

         လူတွေကလည်း မြင်နေတော့ ဝိုင်းအော်ကြတာပေါ့။
         " လူဝံကြီး ကျားလှောင်အိမ်ထဲ ကျသွားပြီ ... လူဝံကြီး ကျားလှောင်အိမ်ထဲ ကျသွားပြီ " ဆိုတော့မှ သူလည်း ဆူညံနေတဲ့ အော်သံတွေ ကြားရတော့မှပဲ ကျားလှောင်အိမ်ထဲ ပြုတ်ကျသွားမှန်း သိတော့တာကို ...

           ဗိုလ်ပြုတ်လည်း ကြောက်ကြောက်နဲ့ ချက်ချင်း လူးလဲပြီး ထမလို့ လုပ်လိုက်တဲ့ အချိန်မှာ မလှမ်းမကမ်းက ဝါးရုံပင်ရိပ်မှာ အိပ်နေတဲ့ ကျားက ဆတ်ခနဲ့ ထလာပါလေရောဗျ !

            အဲ့တော့မှ  သူ့ခေါင်းထဲမှာ ချက်ချင်း အသိတစ်ခု ဝင်လာတော့တာကို ... 

            သူမလွတ်နိုင်တော့ဘူး ဆိုတာကို တန်းသိလိုက်ပြီး အင်း ကျားဆိုတာက အသေသား မစားဘူးလို့ ကြားဘူးနားဝ ရှိတယ်ဆိုပြီး ငါသေချင်ယောင် ဆောင်နေမှ ဆိုပြီးတော့ ချက်ချင်း ပြန်ပြီး လှဲချ  သေချင်ယောင် ဆောင်ရတာကို ...

         ဘေးနားက လူတွေရော ဝန်ထမ်းတွေရော အကုန် ဝရုန်းသုန်းကား ဖြစ်နေသလို သူ့မှာလည်း ရငi်တွေ တဒိတ်ဒိတ်တုန်ပြီး လှဲချနေရင်း ကျားထလာတဲ့အသံ ၊ သူ့ဘက်ကို တဖြေးဖြေး ကျားလျှောက်လာတဲ့ အသံကို ကြားနေရတော့ တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲ၊ ရင်ကလည်း တဒိတ်ဒိတ်နဲ့ နင်းကန်ခုန်တော့တာကို ...

            သူ့အနားကို ရောက်လာတဲ့ ကျားက သူ့အောက်ပိုင်းက စပြီးနမ်းတော့ နှုတ်ခမ်းမွှေးတွေနဲ့ ထိုးမိတာ လိပ်ပြာလွင့်မတတ် ဖြစ်ပါလေရော။

             ကျားက တဖြေးဖြေးနဲ့ အနံ့ခံရင်း နမ်းရင်း သူ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို တက်လာ ကျားရဲ့ အသက်ရှုသံကို ကြားနေရပြီး မျက်နှာနားအထိ ကပ်လာတဲ့အချိန်မှာ ဗိုလ်ပြုတ်ကလည်း သူ့စိတ်ကို ဒုံးဒုံး ချလိုက်ပြီပေါ့။

             အာ့အချိန်မှာ ... ကျားက သူ့မျက်နှာအနား ကပ်လာပြီး  ပြောလိုက်တာက

           " သိပ်ကြောက်နေလား  ရဲဘော် ... ရဲဘော်က ဘယ်တပ်ကလဲတဲ့ ။

    ဦးလှဦး ဆီမှ တဆင့် ဖော်ပြပါသည်။

No comments:

Post a Comment