Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 16, 2017

သားထံမှသင်ယူခြင်း (သို့) အမှိုက်ကောက်သမားလေးရဲ့သူငယ်ချင်း သားသား



မျိုးစေ့ဘဏ်မှ  ဒေါက်တာဥမ္မာစောက သူနဲ့သူ့သားငယ်လေး အကြောင်းရေးထားတာ
တကယ်ကောင်းတဲ့ပို့စ်လေးတခုပါ။ ခံစားကြည့်ပါနော် ❤

သားထံမှသင်ယူခြင်း (သို့) အမှိုက်ကောက်သမားလေးရဲ့သူငယ်ချင်း သားသား

အဲဒီနေ့ကတနင်္ဂနွေနေ့ တစ်နေ့ထင်ပါတယ်၊ ကျွန်မတို့သားအမိနှစ်ယောက်ရပ်ကွက်ဈေးလေးကပြန်လာတုန်းလမ်းခုလပ်မှာပေါ့၊ သားငယ်လေးဟာ ကျွန်မကိုတွဲထားတဲ့လက်ကို ဖြုတ်ပြီး အမှိုက်ကောက်နေတဲ့ သူနဲ့ရွယ်တူ ၆နှစ် ၇နှစ်လောက်ရှိမယ့် ကလေးတစ်ယောက်စီကို အပြေးသွားနှုတ်ဆက်ပါတယ်။( မေမေ အဲဒါ သားသား သူငယ်ချင်း၊ သားသား သူငယ်ချင်း) လို့လည်းလှမ်းပြောသွားလိုက်သေးတယ်။ အမှိုက်ကောက်နေတဲ့ကလေးကလည်း ၀မ်းသာအားရနဲ့ ပြန်နှုတ်ဆက်ပြီး သူတို့နှစ်ယောက်ပျော်နေကြပါတယ်။ ကျွန်မလည်း အံ့သြမှင်တက်မိနေပါတယ်၊ ခဏမှာဘဲ အဲဒီကလေးက သူ့ဦးလေးအရွယ် အဖေအရွယ် အမှိုက်ကောက်တဲ့ လူတစ်ယောက်နောက်ကို အမှိုက်အိတ်ထမ်းပြီးလိုက်သွားပါတယ်။
သားသားကသူနဲ့ဘယ်လိုသိတာလဲ
လို့ အံ့သြတကြီးမေးလိုက်မိတော့
သားတို့ အတန်းထဲကလေ
တဲ့ သားလေးက ဖြူစင်စွာပြန်ဖြေပါတယ်။ အဲဒီမှာမှ ကျွန်မထူပူသွားတော့တာပါဘဲ၊
ဒီရပ်ကွက်အစွန်ကမူလတန်းကျောင်းလေးမှာ သားကိုကျောင်းထားမိတာမှားပြီ လို့ တွေးမိလိုက်ပါတယ်။
ကျွန်မတို့ရပ်ကွက်မှာက ၀န်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေ၊ ကုန်သည်၊ ဈေးသည် စတဲ့ လူတန်းစားစုံ ပေမယ့်
အမှိုက်ကောက်ရလောက်အောင်နွမ်းပါးသူများတော့ မ နေကြပါဘူး။ မြို့အစွန် လမ်းတဘက်က ရွာလေးတွေဘက်ကနေပါလိမ့်မယ်၊
သားကိုထားတဲမူလတန်းကျောင်းလေးဟာ ရပ်ကွက်အစွန်မှာရှိတာဖြစ်လို့ သူတို့ လေးတွေလည်း ဒီကျောင်းမှာလာတက်ရဟန်တူပါတယ်။
အဲဒီကလေးနဲ့ မပေါင်းပါနဲ့လားသားရယ်
လို့ပြောချင်ပေမယ့်၊ ဖြူစင်တဲ့သားလေးရဲ့စိတ်ကိုအရောင်မဆိုးချင်တာကြောင့်ရယ်၊ သားသမီးချင်းစာနာတဲ့ စိတ်ကြောင့်ရယ် ပြောမထွက်ခဲ့ပါဘူး။

တကယ်တော့၊ ကိုယ့်ကိုယ်ကို ကြင်နာသနားတတ်လှပြီ၊ ကိုယ်ချင်းစာနာတတ်လှပြီလို့ထင်ထားတာပါ၊
အိမ်နားကိုလာ အမှိုက်ကောက်တဲ့ကလေးတွေကို ဗူးခွံပုလင်းခွံလေးတွေအစ၊ အ၀တ်အစားဟောင်းလေးတွေပါ အလျင်းသင့်သလို ပေးနေကြပါ၊
ဒါပေမယ့် တကယ်တမ်း ကိုယ့် ကလေးက အမှိုက်ကောက်တဲ့ ကလေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်နေတယ်ဆိုတော့ ဘယ်လိုဆုံးဖြတ်ရမယ် မသိတော့ပါဘူး၊
လူ့ဘ၀ အစုံကြောင်း ငယ်ငယ်ကတည်း ကသိခွင့်ရဖို့ အခွင့်အရေးရတယ်လို့ ဘဲ သဘောပိုက်လိုက်ပါတယ်။

ဒီလိုနဲ့ အဲဒီအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီး ၂လ ၃လ လောက်အကြာ တစ်နေ့လောက်မှာ သားသားကပြောပါတယ်

မေမေ အမှိုက်ကောက်တဲ့ သားသားသူငယ်ချင်းလေ ဘယ်လိုများနေလဲမသိဘူးနော်၊ အဖေရော အမေရောမရှိဘူးတဲ့
အဖေ က ထောင်ကျနေတာတဲ့ အမေကဆုံးသွားပြီတဲ့

ဟုတ်လား၊ သူနဲ့ အမှိုက်အတူကောက်တာကဘယ်သူလဲ

အဲဒါသူ့ဦးလေးတဲ့၊ ဦးလေးနဲ့အဒေါ်နဲ့အတူနေတာတဲ့၊ ကျောင်းပိတ်ရက်မှာ သူကအမှိုက်ကူကောက် ပေးရတာတဲ့မေမေရဲ့

ဟုတ်လား၊ သနားပါတယ်၊ သူကလိမ်မာတာပေါ့သားသားရယ်

သူက လေ အသားဟင်းလဲမစားဖူးဘူးတဲ့၊ ငါးတော့ ကိုယ့်ဘာသာဖမ်းစားကြတာတဲ့
သူ့မှာလေ ကျောင်းဝတ်စုံကလည်းတစ်စုံထဲ ရှိတာ

ဟုတ်လား၊ သူကပြောလို့လား

မဟုတ်ဘူးလေ၊ သားသားသိတာပေါ့ သူ့အိင်္ကျီအိတ်ကပ်အောက်မှာ အပြဲလေးရှိတယ် အဲဒါဘဲအမြဲ ၀တ်တာ

သားလေးရဲ့ သူငယ်ချင်းတွေပေါ် အမှုမဲ့အမှတ်မဲ့မထားတတ်ပုံ နဲ့ စာနာစိတ်ကလေး အရွယ်နဲ့မလိုက်အောင်ရှိနေတာကို ကျွန်မ အံ့သြသွားမိပါတယ်၊

အဲဒါဆို သားမှာ မေမေ၀ယ်ပေးထားတဲ့ သားသားမ၀တ်တဲ့ ကျောင်းအိင်္ကျီ လက်တိုနဲ့ဘောင်းဘီလေးတွေ ပေးလိုက်ပါလား

ပေးမယ်၊ ပေးမယ်၊ မနက်ဖြန်သားကိုထည့်ပေးလိုက်

သားလေး က၀မ်းပမ်းတသာနဲ့ ယူသွားပြီး နောက်နေ့တွေမှာ သားပေးတဲ့ ကျောင်းအိင်္ကျီကို သူငယ်ချင်းက၀တ်လာတယ်ဆိုပြီးပျော်နေပါတယ်။
သူ့အဒေါ် ကလည်းကျေးဇူးတင်နေတာတဲ့

တော်ပါသေးရဲ့
သားမှာရှိတဲ့ ဖြူစင်တဲ့နှစ်လုံးသားလေးကို ကျွန်မကိုယ်တိုင် အရောင်မဆိုးလိုက်မိလို့....
သားလေးရဲ့ ရင်ထဲမှာမှာရှိတဲ့ စာနာကြင်နာတတ်တဲ့ မျိုးစေ့အညှောက်လေးကို ကျွန်မကိုယ်တိုင် မရိုက်ချိုးလိုက်မိလို့....

ကျွန်မကိုယ့်ဘာသာပြန်မေးကြည့်မိပါတယ် အမှိုက်ကောက်တဲ့သူကို သူငယ်ချင်းလုပ်နိုင်မလားလို့
အရောင်စွန်းထင်းနေတဲ့ နှစ်လုံးသားကပြန်ဖြေပါတယ် ဟင့်အင်းတဲ့

တကယ်တော့ ကလေးငယ်တွေရဲ့ နှစ်လုံးသားလေးတွေဟာ ပင်ကိုယ် ဖြူစင်လွန်းလှပါတယ်
ဒါကိုဘဲ ပါတ်ဝန်းကျင်ဆိုတဲ့ ကျွန်မတို့ လူကြီတွေကိုယ်တိုင်က အရောင်အမျိုးမျိုး ဆိုးပေးမိနေတာပါလား
ကျွန်မအပါအ၀င် သနားစာနာတတ်ပါတယ် ဆိုတဲ့ လူကြီးတွေကတော့
ကိုယ်တိုင် ကိုယ်ထိလက်ရောက်မကူညီနိုင်ဘဲ အဝေးကဒုက်ခ ရောက်နေတဲ့ ကလေးငယ်လေးတွေကို ဘဲစာနာသယောင်ပြလားပြရဲ့
ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ ဒုက်ခရောက်နေသူတွေကိုကြတော့ မသိကျိုးကျွန်ပြုနေကြတယ်။

ခုတော့သားလေးက သူ့ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေရဲ့အခက်အခဲကို စာနာစိတ်လေးထားပြီးအကူအညီရအောင်သူတတ်နိုင်သလောက်လုပ်ပေးလိုက်တာပါ၊
ကျွန်မဆုံးဖြတ်လိုက်ပါတယ်။ အဝေးကြီးက ကိုယ်လက်လှမ်းမမှီသူတွေရဲ့ အခက်အခဲကို အကူအညီမပေးနိုင်လို့၊ ကိုယ်မတတ်နိုင်လို့ စိတ်ပျက်နေမယ့်အစား
ကိုယ့်အနီးနားက အခက်အခဲရှိသူတွေကို တတ်နိုင်သလောက် ကူညီသွားမယ်လို့ပါ၊
သားလေးသူငယ်ချင်း အတွက်ကျောင်းစာအုပ်၊ခဲတံစတာလေးတွေပါ လာမယ့်စာသင်နှစ်ကစပြီးထောက်ပံ့သွားဘို့ ရည်ရွယ်ထားပါတယ်။
သားလေးရင်ထဲမှာရှိတဲ့ စာနာကြင်နာတတ်တဲ့ မျိုးစေ့အညှောက်လေးကိုကျွန်မရေလောင်းပေါင်းသင်ပေးနိုင်မလားလို့ပါ၊
ကျွန်မရဲ့ သားတွေကို စာနာထောက်ထားပြီး ကြင်နာတတ်တဲ့၊ လူပီသပြီးရဲရင့်ြ့ပီး၊ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းကာ၊ လောကကြီးကို အကျိုးရှိစေမယ့် လူသားတစ်ယောက်အဖြစ်ကြီးပြင်းစေချင်ပါတယ်။

Ohm Mar Saw

No comments:

Post a Comment