Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 12, 2017

ဟောင်ကောင်သို့မြန်မာငွေ ၈၀၀ ခန့်ဖြင့် အလုပ်လုပ်ရန် ထွက်ခွာသွားပြီးနောက် ယခုအခါ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအ၀င်ဖြစ်လာသော အိမ်ခြံမြေသူဌေးကြီးဆာ့ခ်ျဖန်-

 
ဟောင်ကောင်သို့မြန်မာငွေ ၈၀၀ ခန့်ဖြင့် အလုပ်လုပ်ရန် ထွက်ခွာသွားပြီးနောက် ယခုအခါ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအ၀င်ဖြစ်လာသော အိမ်ခြံမြေသူဌေးကြီးဆာ့ခ်ျဖန်- ခြုံကြားမှဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ
----------

ဆာ့ခ်ျဖန်ကိုရန်ကုန်မြို့လယ်ရှိသူ၏ ရုံးခန်းတွင် ၀န်ထမ်းပေါင်းများစွာဖြင့် အလွန်များပြားလှသောလုပ်ငန်းများစီမံခန့်ခွဲနေပုံ ရှုမြင်ရသူတစ်ဦးအနေဖြင့် ရန်ကုန်မြို့၏အအောင်မြင်ဆုံးသူကြွယ်များတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် အဆိုပါပုဂ္ဂိုလ်ကြီးသည် တစ်ချိန်ကဟောင်ကောင်တွင် အိပ်ကပ်ထဲ၌ ခြူးတစ်ပြားမှ မရှိဘဲမျက်စိသူငယ်နားသူငယ်ဖြစ်ခဲ့ရသည်ဟုဆိုလျှင် မည်သို့မှ ယုံနိုင်ကြမည်မဟုတ်ချေ။

ဟောင်ကောင်တွင် လှေငယ်ကလေးတစ်စင်းဖြင့် သင်္ဘောများသို့ စားသောက်ဖွယ်ရာများပို့ဆောင်ပေးသည့် အလုပ်လုပ်ခဲ့ရ၏။
လေသန့်စင်ဆေးရည်ဘူးများကိုကော်မရှင်ခအနည်းငယ်မျှဖြင့် ရောင်းချရခဲ့ရ၏။
ဆာ့ခ်ျဖန်သည် ကော်လံမပါသောရှပ်အင်္ကျီနှင့် လုံခြည်တို့ ၀တ်ဆင်လေ့ရှိပြီး စီးကရက်ကြိုက်တတ်သည်။
ဆာ့ခ်ျဖန်ကသူ၏ ရုန်းကန်ခဲ့ရသော ဘ၀စာမျက်နှာများကိုယခုကဲ့သို့ ပြန်ပြောင်းပြောကြား၏။

“ဟောင်ကောင်ကို ၁၉၇၃ ခုနှစ်မှာ ကျွန်တော်ရောက်ခဲ့တဲ့အချိန်ကအိတ်ထဲမှာဟောင်ကောင် ပိုက်ဆံ ၅ ဒေါ်လာ (မြန်မာငွေ ၈၀၀ ကျပ်ခန့်) ပဲရှိပါတယ်။ အဲဒီငွေဟာကမ္ဘာပေါ်မှာ ကျွန်တော်ပိုင်ဆိုင်သမျှ အားလုံးပါပဲ။ ကျွန်တော့်အသက် အဲဒီတုန်းက ၂၀ ပဲရှိသေးတယ်။ ကျန်းမာရေးကောင်းတယ်။ ကမ္ဘာကြီးပေါ်မှာရပ်တည်နိုင်အောင်ကြိုးစားရမယ်လို့ ကျွန်တော်ခံယူခဲ့ပါတယ်”ဟုဆာ့ခ်ျဖန်ကဆိုသည်။
ဆာ့ခ်ျဖန်သည် မြန်မာပြည်ဖွားတရုတ်လူမျိုးတစ်ဦးဖြစ်၏။

သူ၏ ဘ၀တစ်လျှောက်တွင် ခက်ခဲသည့် အခြေအနေများစွာကိုရင်ဆိုင်ခဲ့ရ၏။
ဟောင်ကောင်သို့ နွမ်းပါးချို့တဲ့စွာခြေမချခဲ့မီကသူသည် ရန်ကုန်တွင် လူလတ်တန်းစားဘ၀တွင် သက်တောင့်သက်သာနေထိုင်ခဲ့သူတစ်ဦးဖြစ်၏။
၁၉၆၂ တွင် မြန်မာနိုင်ငံ၌ ဦးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီကအာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံခြားသားပိုင် နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းလိုက်ရာဆာ့ခ်ျဖန်တို့ မိသားစုမှာပေကျင်းသို့ ပြောင်းရွှေ့ခဲ့ရသည်။

ပေကျင်းသို့ ရောက်ရှိပြီးမကြာမီတရုတ်ပြည်တွင် မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးကြီးပေါ်ပေါက်လာမှုနှင့် ကြုံရပြန်သည်။
ထိုအချိန်တွင် အသက် ၁၂ နှစ်သာရှိသေးသောဆာ့ခ်ျဖန်ကိုတရုတ်အာဏာပိုင်တို့ကမိဘများ၊ အခြားမွေးချင်း ၄ ဦးနှင့် ခွဲခွာကာ
အခြားကလေးငယ် ၁၅၀၀ ခန့်နှင့်အတူ ပြန်လည်ပညာသင်ပေးရန်ဟုဆိုကာယူနန်ပြည်အစွန်အဖျားရှိ “အစောင့်နီ” အလုပ်စခန်းသို့ ပို့လွှတ်ခြင်းခံခဲ့ရသည်။
“အဲဒီမှာဆည်တစ်ခုကို ကျွန်တော်တို့ လက်ချည်းသက်သက်နဲ့ ၄ နှစ်လောက် ဆောက်ခဲ့ရတယ်” ဟုဆာ့ခ်ျဖန်က ပြန်လည်ပြောကြားသည်။

“နေဖို့ထိုင်ဖို့ တဲတွေကို ၀ါးတွေနဲ့ ကိုယ်တိုင်ဆောက်ကြရပါတယ်။ အိပ်ဖို့အတွက် သစ်ကိုင်းတွေနဲ့ အိပ်ယာလုပ်ရတယ်။ လျှပ်စစ်မီးမရဘူး။ ရေချိုးရင် စမ်းချောင်းထဲမှာသွားချိုးကြရပါတယ်။ ဆောင်းတွင်းကြီးမှာတောင် စမ်းရေပဲချိုးရတယ်။ ကျွန်တော်တို့ကို ကျွန်တော်တို့ကိုဆန်နဲ့ တခြားကုန်ခြောက်တစ်ချို့ပဲပေးတယ်။ ကိုယ့်အဖွဲ့ကကောင်းရင်တော့ ဟင်းသီးဟင်းရွက်တွေ စိုက်၊ ၀က်တွေ မွေးနိုင်ရင် အစားအသောက်အဆင်ပြေမယ်။ အသားစားရမယ်။ ဒီလိုမှမဟုတ်ရင်တော့ အရသာမရှိတဲ့ ဟင်းရွက်ခြောက်တွေပဲစားကြရပါတယ်”ဟုဆာ့ခ်ျဖန်ကဆို၏။

ယနေ့တွင်ကားဆာ့ခ်ျဖန်ပိုင်ဆိုင်သောSerge Pun & Associatesသည် ကုမ္ပဏီပေါင်း ၃၂ ခုနှင့်အထက်ကိုဦးဆောင်ကွပ်ကဲကာဘဏ်လုပ်ငန်း၊ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးကဏ္ဍစီးပွားရေးလုပ်ငန်း၊ ဆေးဝါးဝန်ဆောင်မှုလုပ်ငန်း၊ ယာဉ်ဖြန့်ဖြူးရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်။
ဆာ့ခ်ျဖန် ဦးဆောင်လျက်ရှိသောကုမ္ပဏီများတွင် နိုင်ငံတကာစာရင်းဝင်ကုမ္ပဏီဖြစ်သော Yoma Strategicလည်း ပါဝင်ပြီးအဆိုပါကုမ္ပဏီ၏ ဈေးကွက်တန်ကြေးမှာစင်္ကာပူဒေါ်လာသန်း ၃၈၀ ဖြစ်သည်။

သူ၏ နောက်ဆုံးစီးပွားရေးခြေလှမ်းမှာရန်ကုန်- နေပြည်တော်လေကြောင်းခရီးစဉ် ၀န်ဆောင်မှု စတင်လိုက်ခြင်း ဖြစ်သည်။
၎င်းတို့ကုမ္ပဏီအုပ်စု၏ တန်ကြေးကိုတွက်ချက်ရခြင်းမှာ ရှုပ်ထွေးမှုများရှိကြောင်း၊ ယင်းသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များမရှိခြင်းကြောင့်ဖြစ်သည်ဟုဆာ့ခ်ျဖန်ကပြောကြားသည်။

ယင်းကုမ္ပဏီအုပ်စု၏ ရင်းနှီးမြှုပ်နှံမှုအများစုမှာရန်ကုန်ရှိဧက ၁၆၀၀ အကျယ်အ၀န်းရှိသော အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံထားခြင်းများ ဖြစ်သည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်း၊ အိမ်ခြံမြေများကို နိုင်ငံခြားသားများပိုင်ဆိုင်နိုင်ရန် ဥပဒေများဖြေလျော့လာခြင်းတို့ကြောင့် ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများမှာလျင်မြန်စွာ မြင့်တက်လာလျက်ရှိနေရာဆာ့ခ်ျဖန်၏ လုပ်ငန်းများမှာပိုမိုအလားအလာကောင်းများရှိလာနေသည်။

စစ်အစိုးရလက်ထက်တွင် အကျင့်ပျက်ခြစားမှုများဖြင့် နာမည်ကျော်ခဲ့သော မြန်မာပြည်တွင် ဆာ့ခ်ျဖန်သည် ရိုးသားသန့်ရှင်းစွာဖြင့် အောင်မြင်လာသောရှားရှားပါးပါးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီးMr Clean ဟုအချို့ကတင်စားကြသည်။
ဆာ့ခ်ျဖန်သည် သူ့ဘ၀အကြောင်းကို ပြန်ပြောင်းပြောဆိုခဲ၏။
အကယ်၍ ပြောဖြစ်ခဲ့သည်ဆိုပါကလည်း ရိုးသားပွင့်လင်းစွာပြောပြတတ်လေ့ရှိသူဖြစ်သည်။

“ကျွန်တော်ပညာမတတ်ဘူး။ ကျွန်တော့်မှာအောင်လက်မှတ်တွေ၊ စာရွက်စာတမ်းတွေမရှိဘူး။ မန်ဒရင်းတရုတ်စကားပြောတတ်တယ်။ ဗမာစကားပြောတတ်တယ်။ အင်္ဂလိပ်လိုမတောက်တခေါက်တတ်တယ်။ ကျွန်တော်အကောင်းဆုံးလုပ်နိုင်တယ်လို့ ထင်တာကတော့ အရောင်းသမားဘ၀ပါ။ ”ဟုဆာ့ခ်ျဖန်ကပြောခဲ့ဖူးသည်။
အရောင်းဝန်ထမ်းခေါ်သည့် ကြော်ငြာတစ်ခုကိုဆာ့ခ်ျဖန်တွေ့ခဲ့ပြီးနောက် အဆိုပါကုမ္ပဏီတွင် ၀င်ရောက်အလုပ်လျှောက်ခဲ့လေသည်။
ယင်းကုမ္ပဏီကားလေထုသန့်စင်ဆေးရည်ဘူးများရောင်းချသောကုမ္ပဏီဖြစ်၏။

အလုပ်ဝင်ပြီးတစ်လအတွင်းဆာ့ခ်ျဖန်သည် ကုမ္ပဏီတွင် နာမည်ကျော်ကြယ်ပွင့်အရောင်းဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့သည်။
ယင်းအလုပ်မှတစ်ဆင့် ဆာ့ခ်ျဖန်သည် အိမ်ခြံမြေလုပ်ငန်းသို့ ပြောင်းခဲ့ပြီးအိမ်ခြံမြေကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင် ဆာ့ခ်ျဖန်ရောင်းရသည်မှာတန်ဖိုးကြီးမားသည့် အိမ်ခြံမြေများ ဖြစ်လေသည်။

“ကျွန်တော် ကံကောင်းပါတယ်။ အလုပ်ရှင်ကဂျာမန်လူမျိုးအဲမာဘွတ်ရှ် Elmar Busch ပါ။ သူက ကျွန်တော်ကိုအစစအရာရာလမ်းညွှန်သင်ပြပေးပါတယ်”ဟုဆာ့ခ်ျဖန်ကဆိုသည်။
ဆာ့ခ်ျဖန်သည် အိမ်ခြံမြေကဏ္ဍတွင် ဇောက်ချလုပ်ကိုင်ရန်အတွက် ၁၉၈၃ ခုနှစ်တွင် Serge Pun & Associates Group of Companiesကိုစတင်တည်ထောင်ခဲ့သည်။
သူ၏ တရုတ်မိတ်ဆွေများကအကျိုးအမြတ်များစွာဖြစ်ထွန်းမည့် စီမံကိန်းများပေးကာကူညီခဲ့၏။

အစပိုင်းတွင် ဟောင်ကောင်ရှိစီမံကိန်းများပေးအပ်ပြီးနောက်ပိုင်းတွင် ဒေသတွင်းတစ်ခွင်ရှိ နိုင်ငံများမှ စီမံကိန်းများစွာပေးကာကူညီခဲ့လေသည်။
သို့ရာတွင် ဆာ့ခ်ျဖန်က မြန်မာပြည်ကိုမေ့မရ။
“မြန်မာပြည်အကြောင်းပဲ ကျွန်တော်အမြဲတွေးနေမိတယ်။ မြန်မာပြည်ကို ပြန်လာချင်စိတ်က ကြီးစိုးနေခဲ့ပါတယ်။ ၁၉၈၉ မှာ မြန်မာပြည်ကိုအလည်ပြန်ရောက်တော့ ကျွန်တော် အရမ်းကိုအံ့သြသွားခဲ့ရတယ်။ အဘက်ဘက်ကျ ချွတ်ချုံကျနေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလိုနေတာတွေ့ခဲ့ပါတယ်။ အဲဒီနောက်ကျွန်တော့်မှာထူးဆန်းတဲ့ခံစားမှုတစ်မျိုးခံစားလာရတယ်။ သာယာလှပတဲ့ဒီတိုင်းပြည်အတွက် ကျွန်တော်တစ်ခုခုလုပ်ပေးဖို့လိုတယ်ဆိုတဲ့ ကျင့်ဝတ်တာဝန်သဘောမျိုးခိုင်မာတဲ့စိတ်ဆန္ဒဖြစ်လာခဲ့ပါတယ်”ဟုဆာ့ခ်ျဖန်က မြန်မာပြည်သို့ ပြန်လည်ရင်းနှီးမြှုပ်နှံပေးရန် ဆုံးဖြတ်ခဲ့ပုံကိုပြောကြားခဲ့သည်။

၁၉၉၁ ခုနှစ်တွင်ကားဆာ့ခ်ျဖန်သည် ရန်ကုန်သို့ ရောက်လာခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု၊ စိုက်ပျိုးရေးအခြေပြုစီးပွားရေးလုပ်ငန်းများနှင့် အိမ်ခြံမြေကဏ္ဍတို့တွင် စီးပွားရေးလုပ်ငန်းများဖွင့်လှစ်ခဲ့တော့သည်။
ဆာ့ခ်ျဖန်မြန်မာပြည်သို့ ပြန်ဝင်သည်မှာ ချိန်သားကိုက်သွားသည်ဟုဆိုရမည်။

သူရောက်ရှိသည့် အချိန်ခန့်တွင်ပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေမှာလည်းအတည်ပြုပြီးစအချိန်ဖြစ်ရာ ၁၉၉၃ ခုနှစ်တွင် ဆာ့ခ်ျဖန်သည် ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ပုဂ္ဂလိကဘဏ်ဖြစ်သော ရိုးမဘဏ်ကိုဖွင့်လှစ်ခဲ့တော့သည်။
၂၀၀၀ ပြည့်လွန်ကာလများသည်ကားသူ့အတွက် အခက်ခဲဆုံးကာလများဖြစ်ကြောင်းဆာ့ခ်ျဖန်က ပြန်ပြောင်းပြောပြသည်။
စစ်အစိုးရလက်ထက်တွင် မွေးဖွားပေါ်ပေါက်လာသောခရိုနီတို့သည် ခက်ခက်ခဲခဲမကြိုးစားဘဲအောင်မြင်မှုကို ဖြတ်လမ်းမှ လိုက်ချင်ကြကြောင်း“refused to play the game” in the coldဆာ့ခ်ျဖန်ကပြောပြသည်။

“ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလိုချင်နေတဲ့ အင်အားစုတွေ ရှိခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကိုထွက်သွားစေချင်ကြတယ်။ ကျွန်တော်တို့ ခေါင်းငုံ့ထားပြီးတော့ပဲကိုယ့်အလုပ် ကိုယ်ဆက်လုပ်ခဲ့ကြရတယ်။ ၂၀၀၈-၂၀၀၉ နှစ်ပိုင်းတွေဟာခရိုနီတွေ အထွတ်အထပ်ရောက်နေတဲ့ကာလတွေပါ။ အဲဒီကာလတွေမှာသူတို့လိုသလိုလိုက်မကစားရင် ကန်ထုတ်ခံရမှာပါ။ ဒါတင်မကဘဲအလုံးစုံပျက်စီးသွားအောင်လည်းလုပ်နိုင်ပါတယ်”
ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်းကြေညာလိုက်ပြီးနောက်ပိုင်း ၂၀၁၀ မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးစီးကြောင်းမှာအရွေ့သစ်သို့ ပြောင်းလဲစပြုလာခဲ့သည်။
ဆာ့ခ်ျဖန်အားမကြာခဏအမေးခံရသည့် မေးခွန်းတစ်ခုမှာအကျင့်ပျက်ခြစားမှုများကြီးစိုးခဲ့သော မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုကိုအားပေးအားမြှောက်မပြုခဲ့ဘဲအောင်မြင်မှုရအောင် မည်သို့လျှောက်လှမ်းခဲ့သနည်းဟူသောမေးခွန်းပင် ဖြစ်သည်။

ဆာ့ခ်ျဖန်ပြန်ဖြေလေ့ရှိသည်မှာ “ ၆ နှစ်လောက် ကျွန်တော်ကန်ထုတ်ခံထားရတာကိုလူတွေမေ့နေကြတယ်။ မျက်နှာသာရဖို့အတွက် (အာဏာပိုင်တွေကို)ကျွန်တော် တစ်ပြားတစ်ချပ်မှ မပေးခဲ့ပါဘူး။ ဒီအတွက်ရလာတဲ့ ဖိအားကတော့ တော်တော်ကြီးမားပါတယ်။ အရိုးသားဆုံးပြောရရင် လှိုက်လှဲချိုသာတဲ့ဆက်ဆံရေးမျိုး ကျွန်တော်တစ်ခါမှ မရခဲ့ဖူးဘူးဆိုတာပါပဲ။ ”
“ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ ဂေါက်ကွင်း၊ အိမ်ခြံမြေရောင်းဝယ်တာတွေအားလုံးဟာ ဖောက်သည်တွေအပေါ်မှာပဲမှီခိုရပ်တည်ပါတယ်။ အစိုးရပေါ်မှီခိုရတာမဟုတ်ပါဘူး”ဟုဆာ့ခ်ျဖန်ကအရှင်းလင်းဆုံးပြောကြားသည်။
အောင်မြင်မှုပန်းတိုင်သို့ ဆာ့ခ်ျဖန်ချီတက်နိုင်ခဲ့ခြင်း၏ အဓိကတွန်းအားမှာတရုတ်ပြည်တွင် အလုပ်စခန်းသို့ အပို့ခံရသော ကြမ်းတမ်းသည့်ကာလများဖြစ်ကြောင်းဆာ့ခ်ျဖန်ကပြောကြားသည်။

“တရုတ်ပြည်မှာ ကြုံခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ကာလတွေအတွက် ကျွန်တော်ဘယ်တော့မှ ထိခိုက်နာကျင်မှု ခံစားရတာမရှိပါဘူး။ တကယ်တော့ ကျွန်တော် အဲဒါတွေကိုတန်ဖိုးထားတယ်။ ဒီလိုလောကဓံကြောင့်ပဲနောက်ပိုင်းမှာ ကျွန်တော်အောင်မြင်မှုတွေရလာတာပါ”
ဘ၀ကိုကြမ်းတမ်းစွာဖြတ်သန်းခဲ့ရသည့် အဆိုပါနှစ်ကာလများကလူတို့၏ စိတ်သဘောနှင့် ပြုမူပုံတို့ကိုအခြေခံကျကျသိနားလည်ခွင့်ရခဲ့ခြင်းမှာအနာဂတ်စီးပွားရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုခဲ့သည်ဟုဆာ့ခ်ျဖန်ကဆိုသည်။
ဆာ့ခ်ျဖန်သည် ပွင့်လင်းမြင်သာမှုနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဆိုင်ရာကမ္ဘာ့စီးပွားရေးဖိုရမ် ကမ္ဘာလုံးဆိုင်ရာအာဂျင်ဒါကောင်စီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

လက်ရှိတွင် ဆာ့ခ်ျဖန်သည် ရန်ကုန်တွင် ဇနီး၊ သား ၄ ဦးနှင့် အတူနေထိုင်လျက်ရှိသည်။
အများပိုင်ကုမ္ပဏီဖြစ်သောFirst Myanmar Investment Co Ltd (FMI )ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင်တည်ထောင်သည်။
ဆာ့ခ်ျဖန်၏ ဆောက်လုပ်ရေးလုပ်ငန်းများအနက် အကြီးမားဆုံးတစ်ခုမှာStar Cityအိမ်ရာစီမံကိန်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အိမ်ခြံမြေဆုပေးပွဲတွင် အကောင်းဆုံးဗိသုကာဒီဇိုင်းရရှိခဲ့သည်။

၁၉၉၉ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်ကဆာ့ခ်ျဖန်ကိုစီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ Doctorate of Philosophy in Business Administrationချီးမြှင့်ခဲ့သည်။
၂၀၁၃ ခုနှစ်လယ်ပိုင်းတွင် ဖော့ဘ်မဂ္ဂဇင်းကြီးကဆာ့ခ်ျဖန်ကိုစင်္ကာပူ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ဦးတွင် နံပါတ် ၃၈ နေရာ၌ ဖော်ပြခဲ့ပြီး ကြွယ်ဝမှုမှာ ကန်ဒေါ်လာသန်း ၅၀၀ ခန့်ဖြစ်သည်ဟုခန့်မှန်းခဲ့သည်။
တချိန်ကမူဟောင်ကောင်လမ်းများပေါ်တွင် မြန်မာငွေ ၈၀၀ ခန့်ဖြင့် ယောင်လည်လည်လမ်းလျှောက်နေခဲ့ဖူးလေသည်။

Credit: iMyanmarHouse.com

photo Admin

No comments:

Post a Comment