Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 18, 2017

ထုချေလွှာရေးရင်း ကြည်နူးနေမယ့်သူ အစစ်ဆေးခံရင်း ပီတိပန်းပန်နေမယ့်သူ


ထုချေလွှာရေးရင်း ကြည်နူးနေမယ့်သူ
အစစ်ဆေးခံရင်း ပီတိပန်းပန်နေမယ့်သူ

ကျွန်တော်တာဝန်ကျနေတဲ့ကျောင်းက အောင်ချက်သုည ။ ခုထိလည်း သုညပါပဲ ။
စာရာမေရိတောင်ခြေ အရှေ့မြောက်ခြမ်းမှာရှိနေတဲ့ တစ်ခုတည်းသော အထကကျောင်းလေး ။ အထကဖွင့်ကတည်းက မျက်နှာငယ်နေခဲ့ရတဲ့ ကျောင်းလေး ၊ ခုချိန်ထိပါပဲ ။
ဒီကျောင်းလေးရဲ့အောက်မှာ မူကျောင်းဆယ်ကျောင်းလောက်ရှိတယ် ။ စာရာမေရိတောင်ခြေရင်းက ဖွံ့ဖြိုးမှုနည်းပါး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရွားလေးတွေမှာရှိတဲ့ ကျောင်းလေးတွေပေါ့ ။ ယခင်ကတည်းက အခြေနေမကောင်းတဲ့အထဲ အချို့ကျောင်းတွေမှာ ဆရာအင်အားကမလောက် ။ ပြီးတော့ ကျောင်းသားလေးတွေကိုယ်တိုင်က ဝမ်းရေးအတွက်တိုက်ပွဲဝင်နေကြရသူတွေ ။

သူတို့. သူတို့လေးတွေဟာ အလယ်တန်းဆင့်ရောက်တော့ ကျွန်တော်တာဝန်ကျတဲ့ အထကကျောင်းလေးဆီ ရောက်လာကြတယ် ။ ရွာပေါင်းစုံကပေါ့ ။ ပဉ္စမတန်းကျောင်းသားလေးတွေဟာ ဒုတိယတန်းပညာရည်အဆင့်လောက်တောင် ပါမလာကြ ။ ဒီရောက်မှ ချဖို့လည်းခက် ။ အစကနေပြန်သင်ဖို့လည်းမလွယ် ။ အဆိုးဆုံးက အဋ္ဌမတန်းစာမေးပွဲတောင် အဆင့်ဆင့်စစ်ဆေးပြီး အကုန်အအောင်ပေးနေတာပါပဲ ။
ဒီလိုနဲ့ အထက်တန်းရောက်လာကြတယ် ။ မြန်မာစာရှေ့ကခေါ်ပေးတောင် စာလုံးပေါင်းမှန်အောင်မရေးနိုင်ရှာကြ ။ အခြားဘာသာရပ်တွေမှာလည်း အခြေခံမပါ ။ အရာရာ ဗလာနတ္ထိ ။ တကယ်တော့သူတို့အခြေအနေဟာ နှစ်ချင်းပေါက်အောင်ဖို့ အင်မတန် ခက်ခဲပါတယ် ။ ဒီလိုနဲ့ ခုချိန်ထိမအောင်မြင်သေးပါ ။

ဆရာအဆက်ဆက် ကြိုးစားခဲ့ကြရှာတယ် ။ မအောင်မြင်ခဲ့ ။ ကျွန်တော်တို့စရောက်တဲ့ နှစ်မှာ ကိုယ့်အဖွဲ့ဆရာအင်အားနဲ့ ကြိုးစားကြတယ် ။ ဆောင်းရာသီ ရေခဲမှတ် ရေခဲချိန်မှာတောင် မနက်လေးခွဲ အလှည့်ကြထကြတယ် ။ ညဆို ဆယ့်တစ် ။ မြေပြန့်ဒေသအတွက်တော့ သာမညကိစ္စလေးဖြစ်မှာပါ ။ စာရာမေရိတောင်ခြေမှာတော့ အဲ့ဒီအချိန်တွေဟာ အရိုးကွဲမတတ်အေးတဲ့ အချိန်တွေ ။ ကျွန်တော်တို့တွေ ကြိုးစားခဲ့ကြတယ် ။ မျှော်လင့်ထားတဲ့ ကျောင်းသူလေး မအောင်ခဲ့ရှာဘူး ။ ကျွန်တော်တို့မရောက်မီ တစ်နှစိကလည်း ကျထားပြီးပြီမို့ အပြင်ဖြေဖြစ်သွားရှာတယ် ။

သူလေးကို ဒုတိယနှစ် ကျောင်းမှာထပ်ခေါ်ထားတယ် ။ ကျွန်တော်တို့နေတဲ့ နာဂမြေစာရာမေရိတောင်ခြေမှာ ဘယ်ဘော်ဒါရှိမှာလဲ ဘယ်ကျူရှင်ရှိမှာလဲ ။ ဆရာဆိုလို့ ကျွန်တော်တို့ပဲ ရှိတာပဲလေ ။ လာသမျှတပည့်ဟာ ကိုယ့်တပည့်ပဲပေါ့ ။ မနှစ်ကတည်း ကိုယ့်တပည့်လေးပဲလေ ။ စည်းမျည်းအရသာ အပြင်ဖြေဖြစ်သွားတာ ။
အထကစဖွင့်ကတည်းက ဒီနယ်တစ်ဝိုက်မှာ ဆယ်တန်းအောင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး ။ ဒေသခံတွေ ဘယ်လိုပြောလာသလဲဆို ဒီကျောင်းမှာတက်လို့ တစ်သက်လုံး ဆယ်တန်းအောင်မှာ မဟုတ်ဘူးလို့တောင် ဆိုလာကြတာ ။
ခုတော့ ကျောင်းမှာကျွန်တော်တို့သင်ပေးတဲ့ အပြင်ဖြေ သမီးလေး စာရာမေရိတောင်ခြေမှာ ပထမဦးဆုံးဆယ်တန်းအောင်သွားပါပြီ ။ ဘောဂဗေဒပါ ဂုဏ်ထူးပါသေးရဲ့ ။

ဒေသခံတွေ ပြုံးပျော်လို့ ၊ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အလင်းတန်းလေးကို ကြည်နူးလို့ ။ သူတို့တွေအတွက် ကျောင်းအောင်ချက်တွေ အပြင်ဖြေတွေ စိတ်မဝင်စား ၊ ငါတို့တောတောင်ကြားက ကျောင်းလေးကလည်း ဆယ်တန်းအောင်သူရှိပါပြီကွလို့ တောင်တန်းရွာလေးတွေအချင်းချင်း အိုက်ကွန်ပေါက်လို့ ။

 ( အိုက်ကွန်:တောင်တန်းမှာသုံးတဲ့ စကားပြောစက်လေးပါ)
သူတို့ကိုကြည့်ပြီး ကျွန်တော်တို့လည်း အတိုင်းမသိပါပဲ ။ ဆိုးရွားလွန်းတဲ့ ရာသီဥတုဒဏ်ကို ကျော်ဖြတ်ပြီး ကြိုးစားလာခဲ့ကြတဲ့ အကျိုးရလာဒ် အသီးပွင့်လေးလေ ။
ဒါကို ဆရာတစ်ဦးကဆိုလေရဲ့(ကျောင်းတွင်းကဆရာတော့မဟုတ်) အပြင်ဖြေအောင်တာများ ဘာလုပ်မှာလဲတဲ့ ။ မင်းတို့ဟာ သုညပဲတဲ့ ၊ ထုခြေလွှာရေးရမယ် ၊ အစစ်ဆေးခံရမယ်တဲ့ ။
ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ် ။ ထုခြေလွှာရေးရမှာမို့မဟုတ် ၊ နှစ်တိုင်းရေးနေကြပါ ၊ ညွှန်ချုပ်ဆီမှာ အစစ်ဆေးခံရရင်လည်း ကျွန်တော်မကြောက် ၊ တောထဲမှာ တကယ်နေရတဲ့ ကြုံရတဲ့ဘဝတွေကို သူတို့နားမလည်လို့ပဲလို့သာ ဖြေသိမ့်နိုင်တယ် ။

တစ်နှစ်လုံး ကြိုးစားသင်ပေးလာခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားမှု ၊ ဒေသခံတွေရဲ့ ဒီတောတောင်ထဲကကျောင်းမှာ တက်နေသူတွေ ဘယ်တော့မှ ဆယ်တန်းအောင်မှာမဟုတ်ဆိုတဲ့ ထင်မြင်မှုတွေကို ရိုက်ချိုးပေးခဲ့တဲ့ မှတ်တိုင် ၊ ဒါလေးတွေအတွက် ဘယ်သူတွေ အထင်သေးအမြင်သေးပါစေ ထုခြေလွှာရေးရင်း ကြည်နူးနေမယ် ၊ အထက်ကစစ်ဆေးလာရင်လည်း ပြောသမျှခံပြီး ပီတိပန်းပန်နေမယ်
လာမယ့်နှစ် စာမေးပွဲအတွက် ကျွန်တော်ရှိဦးမယ်ဆို ဒီနယ်က အတွင်းဖြေဆိုဆို အပြင်ဖြေဆိုဆို ကိုယ့်တပည့်လေးတွေအတွက် အစွမ်းကုန်ကြိုးစားဦးမှာပါ
ထုချေလွှာ ရေးရင်း အစစ်ဆေးခံရင်းပေါ့

************************************

( ကျွန်တော်ကတော့ ခံစားချက်လေးအရင်းတည်ပြီး ရေးလိုက်တာပါ ။ မည်သူ့ကို မည်သည့်အဖွဲ့အစည်းကိုမျှ ရည်ရွယ်တိုက်ခိုက်လိုခြင်း စိုးစင်းမျှမရှိပါ ။ ကျွန်တော့်ရဲ့ အတ္တနောမတိခံစါးချက်လေးပါ ။ )
Tint Htun Naing
https://www.facebook.com/photo.php?fbid=1936271723280610&set=a.1466484040259383.1073741827.100006934035573&type=3&theater

No comments:

Post a Comment