Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 23, 2017

မအေးသောင်းဒိုင်ယာရီ


မအေးသောင်းဒိုင်ယာရီ
------------------------------------

ညအိပ်ခါနီးရင်
စီးကရက်သောက်တယ် တီဗီကြည့်တယ်
စာဖတ်တယ် မအေးသောင်းWall ဝင်ကြည့်တယ်
တစ်နေကုန် ပင်ပန်းသမျှ အပန်းဖြေစရာ ဒါပဲရှိတာ…

မိုးလင်းတာနဲ့
မျက်နှာသစ်တယ် သွားတိုက်တယ်
မနက်စာစားရင်း မအေးသောင်းWall ဝင်ကြည့်တယ်
တစ်နေကုန် လှုပ်ရှားရုန်းကန်ဖို့ ခွန်အားဖြစ်စရာ ဒါပဲရှိတာ…

" ကိုယ့်အတွက်တော့
ကိုယ့်ပုံအောက်က commentတွေက ဘုရားပေးတဲ့ဆုပါ
သူများနဲ့မတူတဲ့ ကဗျာဆရာလေးတွေကို ပိုင်ဆိုင်ထားသူပါ "တဲ့
မအေးသောင်း အဲ့ဒီလိုပြောတော့
ဒီကောင် ကြွေတာပေါ့…
မအေးသောင်းဟာ ဘုရားပေးတဲ့ဆု မဟုတ်ဘူး
ဘုရားဆီက ခိုးယူလိုက်တဲ့ ဆု…
(သဝန်တိုခြင်းဟာ စိတ်ကိုထိုးတဲ့ဓါးပဲ
သွေးမထွက်လည်း သေပါတယ် )
မိုးလေဝသနဲ့ ကဗျာဆရာတွေကို မယုံကြည်သင့်ဘူး…

" ချစ်တာထက် ပိုပါစေ "
ဟုတ်တယ် မအေးသောင်း…
ဝေဒနာအရမ်းပြင်းထန်တဲ့အခါ လူနာသတိလစ်သလိုပေါ့
အရမ်းချစ်တဲ့အခါ အရာရာတိတ်ဆိတ်သွားတယ်
ဖွင့်မပြောနိုင်တော့ဘူး
လည်ချောင်းတစ်လျှောက်မျိုချမိတဲ့ စကားလုံးတွေဟာ
ရင်ထဲမှာပေါက်ကွဲပြီး ရင်ကွဲနာဖြစ်လာမယ်
ချစ်တာထက် ပိုခဲ့ပါတယ်…

Morning…လို့ မအေးသောင်းနှုတ်ဆက်တဲ့အခါ
ကျနော့်တစ်နေ့တာလုံး ပြုံးနေခဲ့တယ်
စိတ်ကိုနှိုးတဲ့အင်ဂျင်ဟာ မအေးသောင်းပဲ
ပျော်ရွှင်ခြင်းသံပတ်ကလေးဟာ မအေးသောင်းပဲ
အော်…
ချစ်ရပါတယ် မအေးသောင်းရယ်

လက်ဆောင်ရတဲ့ Sunkistမိုးကာအင်္ကျီကို
မိုးမရွာပဲ ဇွတ်ဝတ်နေတဲ့
ဖေဖေ့ကိုကြည့်ပြီး မအေးသောင်းရယ်တော့
ကျနော်ပါ ရယ်မိတယ်…
မအေးသောင်းကို မွေးတာ တစ်ခုနဲ့တင်
ဖေဖေဟာ ကမ္ဘာမြေအတွက် တာဝန်ကျေခဲ့ပြီ…
မအေးသောင်းဖေဖေကို ကျေးဇူးတင်တယ်
မအေးသောင်း ပြုံးအောင်လုပ်ပေးတဲ့ ဘယ်သူ့ကိုမဆို
ကျနော် ကျေးဇူးတင်တယ်…

ဝမ်းဆက်နဲ့ လမ်းထွက်သူ မအေးသောင်း
ဝမ်းဆက်နဲ့ လန်းရက်သူ မအေးသောင်း
မအေးသောင်းရဲ့ ရိုးရှင်းတဲ့အလှကိုငေးရင်း
ဦးနှောက်နဲ့အသိဥာဏ်
နှလုံးသားနဲ့ သွေးလေလည်ပတ်မှု
အိပ်မက်နဲ့အနာဂတ်
ကုန်ကုန်ပြောရရင်
ရုပ်/နာမ်နှစ်ပါးလုံး ဝမ်းဆက်ကြီးရူးသွားတဲ့ကောင်ပါ…

မအေးသောင်း သရုပ်ဆောင်ထားတဲ့
"ရတနာပုံ"ဇာတ်လမ်းတွဲ လာမှာမို့
မအေးသောင်း သိပ်ပျော်နေတယ်…
ပျော်နေတဲ့ မအေးသောင်းကိုမြင်ရတာ
ကျနော်က ပိုပျော်တယ်…
ရုပ်ရှင်ထဲက မအေးသောင်းမျက်ရည် မုဒ်ဝင်ပုံများ
တီဗီရှေ့က ကျနော့်ကို စိုရွှဲလို့…
မှော်ဝင်သူကြီး မအေးသောင်းရယ်

" ကလေးမဟုတ်ပေမဲ့ ပဲများချင်တုန်း
ရှက်တယ် " တဲ့
ရှက်ပုံကိုက ကလေးဆန်လွန်းသူ
နှာခေါင်းလေးဆွဲလိမ်ပြီး ကျီစယ်ချင်စိတ်ဟာ
မနောကံမြောက်ပါသလား မအေးသောင်း…
ချိုလိမ်တိုက်ပြီး ရင်ခွင်ပိုက်လို့ရတဲ့အရွယ်ဆိုလည်း
အနှီးလေးနဲ့ ထွေးပွေ့ချင်တာ…
ကမ္ဘာမှာရှိတဲ့ နာနီမှန်သမျှ ဝေးဝေးသွားကြ
ဒီကလေးကို ကျနော်မှလွဲ အခြားသူပိုက်ထွေးခွင့်မရှိ
( စိတ်ကူးနဲ့ရူးရတာလည်း နိဗ္ဗာန်ပဲ )

" ကိုယ်ဟာမင်းအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး
မိန်းမ ဖြစ်ချင်မှဖြစ်မယ်
ဒါပေမဲ့ ကမ္ဘာမှာတော့ မင်းကို အချစ်တတ်ဆုံး မိန်းမပါပဲ
အဲ့ဒါကို မင်းသိထားပါ ဒါပါပဲ " တဲ့လား…
မအေးသောင်းတင်လိုက်တဲ့ ပို့စ်တွေ့တဲ့ခဏ
စိတ်ဟာ ရုပ်ကနေ ခွာပြေးတယ်
နေ့ခင်းကြောင်တောင် အမှောင်ဖုံးလို့
ကိုယ့်လိပ်ပြာကိုယ် အော်ခေါ်ခဲ့ရ…
ဘယ်သူ့ကိုရည်ရွယ်မှန်းမသိတဲ့ မအေးသောင်းစကားကြောင့်
ဘယ်သူ့ကိုမှန်းမသိ သဝန်တိုမိတဲ့ကောင်ပါ…
မအေးသောင်းနဲ့ပတ်သတ်ရင်
ကော်ဖီဆိုင်ဝိတ်တာအစ ဒါရိုက်တာအဆုံး
အားလုံးကို သဝန်တိုတယ်…

မအေးသောင်းပြောခဲ့တယ်နော်
" တကယ်ချစ်တဲ့ ချစ်သူဆိုတာ
ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်
ကိုယ့်အနားမှာ အရိပ်လို ရှိနိုင်တဲ့သူပါ
ဝဋ္ဋ် ဆိုတာရှိခဲ့တယ်ဆိုရင်တောင်
မင်းကို ဝဋ္ဋ်မလည်စေချင်ပါဘူး…
ငါမင်းကိုချစ်သလို
မင်းတခြားတယောက်ကို
ချစ်မနေစေချင်ဘူးလေ…" ဆိုပဲ
တရားလည်းရပါရဲ့
တရားလည်းကျပါရဲ့ …
တကယ်ကိုချစ်တဲ့ကောင်ဆိုတာ
ဘယ်လောက်ပဲ ဥပေက္ခာReplyမပြန်ပါစေ
ပို့စ်တိုင်းမှာ မြင်လိုမြင်ငြား Commentရေးရဲတယ်…
ဝဋ်ဆိုတာ လည်ခဲ့မယ်ဆိုရင်တောင်
မအေးသောင်းအနား မရောက်ခင်
အဲ့ဒီဝဋ်ကလေး ဓါတ်ခဲကုန်ပါစေ
မအေးသောင်းအနား မရောက်ခင်
အဲ့ဒီဝဋ်ကလေး ဆီပြတ်ပါစေ…
တစ်စုံတစ်ယောက်ကြောင့် မအေးသောင်းငိုချင်တဲ့အခါ
ကျနော့်မျက်လုံးကို အဖော်ခေါ်ပါ…
ဒါ ကျနော်ပေးနိုင်တဲ့ လက်ဆောင်ပါ…

" ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့်ရခဲ့သော် "
အဲ့ဒီလို မအေးသောင်းပြောတဲ့အခါ
အကြိမ်ကြိမ် သေလိုက်
အကြိမ်ကြိမ် ဝင်စားလိုက်နဲ့
သံသရာလည်နေမယ့်သတ္တဝါဟာ
ပျားကလေး ကျနော်ပါ…
ပန်းကလေးမအေးသောင်းအတွက်
လိပ်ပြာလေး ဖြစ်ချင်တယ်
ပိတုန်းကလေး ဖြစ်ချင်တယ်
ဝတ်ရည်မစုပ်ရက်ပါဘူး
ငေးကြည့်ရင်း ဝဲရင်း ပျံရင်း သေရမယ့် သတ္တဝါလေးပေါ့…

jellybunny တံဆိပ်လေးဖြစ်ချင်တယ်
မအေးသောင်း ကိုယ်သင်းရနံ့လေး ရလိုရငြား…

နာရီလေးဖြစ်ချင်တယ်
အနည်းဆုံးတော့ လက်ကလေးကို နမ်းခွင့်ရရ…

မအေးသောင်းနှုတ်ခမ်းကို ဖွဖွလေးထိခွင့်ရမယ့်
ကော်ဖီခွက်လေး ဖြစ်ချင်တယ်
ရူးတဲ့ကော်ဖီခွက်ကလေးပေါ့…

မေခလာမအေးသောင်း ကယ်ဖို့မျှော်လင့်ချက်နဲ့
ကိုယ့်သင်္ဘောကိုယ် နစ်မြုပ်ပစ်တဲ့ကောင်ပါ…

လူတစ်ယောက်ကို လူတစ်ယောက်က
ချစ်ခြင်းမေတ္တာသက်ဝင်တာ
ရှက်စရာမဟုတ်သလို လှောင်စရာလည်း မဟုတ်ဘူး
ဖို/မ မေတ္တာတရားဆိုတာ
ကမ္ဘာဦးဂီတ ဖြစ်တယ်…

ညအိပ်ခါနီးရင်
စီးကရက်သောက်တယ် တီဗီကြည့်တယ်
စာဖတ်တယ် မအေးသောင်းWall ဝင်ကြည့်တယ်
တစ်နေကုန် ပင်ပန်းသမျှ အပန်းဖြေစရာ ဒါပဲရှိတာ…

မိုးလင်းတာနဲ့
မျက်နှာသစ်တယ် သွားတိုက်တယ်
မနက်စာစားရင်း မအေးသောင်းWall ဝင်ကြည့်တယ်
တစ်နေကုန် လှုပ်ရှားရုန်းကန်ဖို့ ခွန်အားဖြစ်စရာ ဒါပဲရှိတာ…

အော်…
ကျေနပ်ပါတယ်
အော်ရာမင်းဂျီ…
အန်နာဗွန်စီ…
ငါးကြီးဆီလေး မအေးသောင်းရယ် ။ ။

____________________________________________

ဆန်းကျော်စွာအေးသောင်းဝင်း
.

( Copyယူချင်ယူပါ
ကလောင်အား တမင်တကာတကူးတကဖြုတ်၍
Crdဟု အလွယ်တကူပေးခြင်း သည်းခံပါ )

No comments:

Post a Comment