Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 22, 2017

စလေရုပ်စုံကျောင်းဒကာကြီး ဦးဘိုးကြည်ဧ။် တိုက်အိမ်ကြီး.


စလေမြို့ကို ပတ်ရင်းကနေ လမ်းမှားရင်း ခမ်းနားထူးခြားတဲ့ အိမ်ကြီးတစ်လုံးကို စလေမြို့ မြို့မရပ်ကွက်ထဲမှာ ရုတ်တရက် မြင်မိလိုက်ပါတယ်။ ဒါနဲ့ ဆိုင်ကယ်ကို ခဏရပ်ခိုင်းပြီး သေချာကြည့်လိုက်တဲ့အခါမှ စလေရုပ်စုံကျောင်းဒကာကြီး ဦးဘိုးကြည်ရဲ့ အိမ်ဖြစ်နေတာကို အံ့သြ၀မ်းသာစွာ တွေ့လိုက်ရပါတယ်။ တိုက်ဆိုင်လှတဲ့ အမှားကောင်း တစ်ခုပါပဲ။ တိုက်ကြီးရဲ့ ပင်မတံခါးတွေ အပေါ်မှာ ထွင်းထားတဲ့ ပန်းတွေကြားက “ဦးဘိုးကြည်” ဆိုတဲ့ စာလုံးက သက်သေတစ်ခုပါပဲ။

ဒီတိုက်ကြိးကို အပြင်ကနေ ကြည့်ရုံနဲ့ အခိုင်အမာဆောက်ထားတဲ့ တိုက်အိမ်ကြီးဖြစ်ကြောင်းသိနိုင်ပါတယ်။ ၄ပင်၃ခန်းပတ်လည်ပါပြီး ၂ ထပ်အဆေက်အဦးဖြစ်ကာ အရှေ့ဘက်ကို မျက်နှာမူထားပါတယ်။ အရှေ့ဘက်မျက်နှာပြင်ဘက်မှာ လသာဆောင်ပါပြီးတော့ တောင်ဘက်အဖီနား ရောက်တဲ့အခါမှာ လသာဆောင်ကို အပြင်ကို အမိုးပွင့်ပုံစံ ထုတ်ထားပါတယ်။

စလေရုပ်စုံကျောင်းဒကာကြီး ဦးဘိုးကြည်ရဲ့ နေအိမ်ကို ၁၂၄၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ သဌေးကြီး ဦးဘိုးကြည်ရဲ့ အရောင်းအ၀ယ်မှတ်တမ်းများအရ ၁၂၄၄ ခုနှစ်မှာ အုတ်အလုံးရေ ၅သောင်းဝယ်ယူခဲ့ပြီး ပြန်လည်ရောင်းချရန်မဟုတ် အသုံးပြုရန်လို့ မှတ်သားထားတဲ့အတွက် တိုက်ဆောက်ရာမှာ အသုံးပြုခဲ့မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အပင်ဘက်မှာ အုတ်တိုင်နဲ့ နံရံပတ်လည်ရှိပါတယ်။ အတွင်းမှာတော့ ကျွန်းတိုင်တွေ နဲ့ ကျွန်းထုပ်တန်းကြီးတွေကို အားပြုကာ အပေါ်ထပ်ကြမ်းခင်းကို ဆောက်လုပ်ထားပါတယ်။ အုတ်နံရံအချို့မှာ နံရံတွင်းမြှုပ်ဗီဒိုအဖြစ်သုံးခဲ့ပုံရတဲ့ အကန့်လေးတွေကို မြင်နိုင်ပါသေးတယ်။

ဒီတိုက်ကြီးရဲ့ ထူးခြားချက်ကတော့ ရဲတိုက်ကြီးပမာ ခိုင်ခံ့အောင် တည်ဆောက်ထားခြင်းပါ။ တံခါးမများကို သံတိုင်တထပ် သံမဏိပြားထူထူတစ်ထပ် ဆင့်ကာလုံအောင်ဆောက်ထားပါတယ်။ တံခါးမင်းတုန်းကြီးများကို ၅လက်မပတ်လည်ခန့်ရှိတဲ့ သစ်သားချောင်း၂ချောင်းကို သုံးထားပြီး တိုက်နံရံတွင်းလျှိုထည့်ကာ သွင်းထုတ်လုပ်နိုင်ပါတယ်။ တိုက်ကြီးအတွင်းပိုင်းမှာ အပေါ်အောက် တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ အပေါက်လေးတွေ ထည့်သွင်းတည်ဆောက် ထားပါတယ်။ ဒီပုံစံတွေဟာ ဓားပြအရေးအတွက်ကြိုတင် တွေးဆထားပုံပါပဲ။ ဦးဘိုးကြည်ဟာ တကယ်လဲ ဓားပြများရဲ့ ဒါဏ်ကို ဒီတိုက်ကြီးအတွင်းကနေ ကြံ့ကြံ့ခံခဲ့ရဖူးပါတယ်။ ၁၂၄၆ ခုနှစ်မှာ သေနတ်ဓားလှံများပါတဲ့ ဓားပြအဖွဲ့က တိုက်ကြီးကို ၀ိုင်းရံပိတ်ဆို့ကာ အသက်ကိုခြိမ်းခြောက် ငွေတောင်းခဲ့ကြပါတယ်။ ဒါပေမယ့် တိုက်တွင်းကနေ လုံးဝမထွက်ပဲ တင်းခံနေရာကနေ နောက်ဆုံး လသာဆောင်ကိုတက်ပြီး မီးရှို့မယ်လုပ်တော့မှာ လက်လျော့ကာ ငွေပေးခဲ့ရပါတယ်။ ဦးဘိုးကြည်ဟာ ၁၂၅၄ ခုနှစ်မှာ အပြီးသတ်လှူဒါန်းနိုင်ခဲ့တဲ့ စလေရုပ်စုံကျောင်း ဆုတောင်းစာမှာတော့ “ ကိုယ်မပေးက မည်သူမျှသည် မရမယူ နိုင်စေသောဝ်” ဟု ဓားပြများကို အခဲမကျေ ဆုတောင်းခဲ့ပါသေးတယ်။

ဦးဘိုးကြည်ရဲ့ နေအိမ်တိုက်ကြီးဟာ ခုထိတော့ ခိုင်ခံ့နေတုန်းပါပဲ။ ဒါပေမယ့် စနစ်တကျ နည်းပညာများနဲ့ ထိန်းသိမ်းဆောက်ရှောက်မူ မရှိဘူးဆိုရင်တော့ နောင်ဆယ်စုနှစ်တွေမှာ တွေ့မြင်နိုင်ဦးမလား ဆိုတာကတော့ မတွေးဝံ့စရာပါ။ အမွေအနှစ်များကို ထိန်းသိမ်းတတ်ကြပါစေ။
Aunghein PhoeKhwar















No comments:

Post a Comment