Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ဗီယက်နမ်စစ်မြေပြင်မှ ကြောက်မက်ဖွယ်အကောင်းဆုံး စနိုက်ပါသမား သို့မဟုတ် ငှက်တောင်ဖြူ


ဗီယက်နမ်စစ်မြေပြင်မှ ကြောက်မက်ဖွယ်အကောင်းဆုံး စနိုက်ပါသမား သို့မဟုတ် ငှက်တောင်ဖြူ
သာမန်ပစ်မှတ်တွေထက် ရန်သူစနိုက်ပါသမားတွေကို ပစ်မှတ်ထားပြီး လုပ်ကြံတတ်သူ sniper killer တစ်ယောက်
မြောက်ဗီယက်နမ်ဗိုလ်ချုပ်ကို လုပ်ကြံဖို့ ယုံကြည်စွာ တာဝန်ပေးအပ်ခံရသူ
မြောက်ဗီယက်နမ်က အသေရရအရှင်ရရဆိုပြီး ဆုငွေထုတ်ခံရတဲ့ US စနိုက်ပါသမားထဲမှာ မကြုံစဖူး အမြင့်ဆုံးဆုငွေထုတ်ပြန်ခြင်းခံရသူ
မြောက်ဗီယက်နမ်က မြွေဟောက်လို့ နာမည်ဝှက်ပေးထားတဲ့ သူတို့ရဲ့ အတော်ဆုံး စနိုက်ပါသမားကို စေလွှတ်ပြီး ကိစ္စတုံးပစ်ရန် ကြိုးစားခြင်းခံရသူ
သူကတော့ အမေရိကန်မရိန်းတပ်ရဲ့ သူရဲကောင်းစနိုက်ပါသမား ကားလို့စ်ဟက်သ်ကော့ခ်
Carlos Hathcock

***************************
အမေရိကန်တွင် အရပ်သားပြည်သူများ သေနတ်ကိုင်ဆောင်ခွင့် ရှိသည်ဖြစ်ရာ ကားလို့စ်မိသားစုသည်လည်း လိုင်စင်နှင့် သေနတ် ကိုင်ဆောင်သော မိသားစုဖြစ်ပြီး ကားလို့စ်မှာ ငယ်စဉ်ကလေး ဘ၀ကပင် သေနတ်နှင့် ရင်းနှီးမှုရှိပြီး ကလေးအရွယ်နှင့် မလိုက်ဖက်အောင်ပင် သေနတ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်ခတ်နိုင်လေသည်။

သူ့မိဘများ ကွဲကွာကြသောအခါ အဘွားဖြစ်သူနှင့် ဆင်းရဲနွမ်းပါးစွာ အတူနေထိုင်ခဲ့ရသည်။ ထိုဖြစ်ရပ်သည် စနိုက်ပါကောင်း တစ်ဦးဖြစ်လာရန် သူ့အတွက် အကြောင်းဖန်လာခဲ့သည်။ အဘွားနှင့် အတူ ဆင်းရဲကြပ်တည်းစွာနေထိုင်ရပြီး စားစရာ ပုံမှန်မ၀ယ်နိုင်သဖြင့် သေနတ်တစ်လက်ဖြင့် အာကင်ဆောပြည်နယ် တောတောင်များထဲတွင် တစ်ကိုယ်တော် လှည့်လည်ကာ အမဲလိုက်ခဲ့ရသည်။ ထို့ကြောင့် ငယ်စဉ်ကပင် တောတောင်များထဲတွင် ကျွမ်းကျင်စွာ သွားလာလှုပ်ရှားခြင်း သားကောင် ခြေရာခံခြင်း တိတ်တဆိတ် ချည်းကပ်ခြင်း စသည့် ပညာရပ်များကို အထူးကျွမ်းကျင်လာခဲ့သည်။ ထိုအချိန်တွင် သူ့အသက်မှာ ၁၄ နှစ်ခန့်သာရှိသေးသည်

ကားလို့စ်သည် အသက် ၁၇ နှစ်ပြည့်သည်နှင့် မရိန်းတပ်ဖွဲ့ သင်တန်း ကျောင်းသို့ တက်ရောက်လေသည်။ ထို့နောက် နာမည်ကျော် ၀င်ဘယ်ဒန်ဖလားသေနတ်ပစ် ချန်ပီယံပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရာ ချန်ပီယံဆုဖလားအား သိမ်းပိုက်နိုင်ခဲ့သည်။ ၄င်းမှာ မော်ကြွားသူ မဟုတ်ဘဲ သိုသိုသိပ်သိပ် ဘာသိဘာသာ နေတတ်သူဖြစ်ရာ သူ့အရည်အချင်းမှာ တိမ်မြုပ်သွားပြီး သူ့အား သာမန်မရိန်းတပ်ဖွဲ့ဝင်အဖြစ်သာ သိကြလေသည်။ ဗီယက်နမ်စစ် ဖြစ်ပွားသောအခါ ဗီယက်နမ်သို့ စေလွှတ်ခြင်း ခံရသော်လည်း စစ်ရဲ military policeman အဖြစ်သာ တာဝန်ပေးခံရသည်။

သို့သော် သူ့ဘ၀အတွက် အလှည့်အပြောင်းတစ်ခု ရောက်ရှိလာခဲ့သည်။ ဗိုလ်ကြီးအပ်ဒွပ်ဂျိမ်းလန်းသည် သူ၏ အရည်အချင်းကို သတိပြုမိသွားပြီး စနိုက်ပါ တစ်ယောက်အဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်စေခဲ့သည် ထိုအချိန်မှ စပြီး ဗီယက်ကောင်းတို့ကို ဆက်တိုက် ဇီဝိန်ချုပ်စေမည့် ငှက်တောင်ဖြူ အမည်ရ တစ္ဆေတစ်ကောင် ပေါ်ပေါက် လာခဲ့သည် သူသည် ရန်သူစနိုက်ပါများကို စိန်ခေါ်သည့် အနေဖြင့် တောဆောင်းဦးထုပ်တွင် ငှက်တောင်ဖြူ တစ်ချောင်း ထိုးစိုက်ထားလေ့ ရှိသဖြင့် White Feather (ငှက်တောင်ဖြူ)ဟု အမည်တွင်ခြင်း ဖြစ်သည်

သူ၏ အဓိကပစ်မှတ်များမှာ မရိန်းတပ်ဖွဲ့များကို ဇီဝန်ချွေနေသော ဗီယက်နမ်စနိုက်ပါသမားများ ဖြစ်ကြသည်။ စနိုက်ပါ တစ်ဦးအနေဖြင့် သာမန်စစ်သည်များအား ပစ်ခတ်ရာတွင် အခက်အခဲ နည်းပါးသော်လည်း စနိုက်ပါချင်း ပစ်ခတ်ရာတွင်မူ မြွေမြွေချင်း ခြေမြင်ဆိုသကဲ့သို့ အလွန်ခက်ခဲလေသည်။ ကားလို့စ်သည် ထိုကဲ့သို့ ခက်ခဲသော ပစ်မှတ်များကိုမှ သဘောကျသူ ဖြစ်လေသည်

ဗီယက်နမ်စစ်ပွဲတွင် ကားလို့စ်သည် comfirmed kill ၉၃ ခု ရရှိခဲ့သည် confirmed kill ဆိုသည်မှာ အထက်မှ တရားဝင်အတည်ပြုထားသော အရေအတွက်သာ ဖြစ်ပြီး ၄င်းတကယ် ပစ်သတ်ခဲ့သည့် ရန်သူဦးရေမှာ Actual kill မှာ ၃၀၀ နှင့် ၄၀၀ ကြားရှိသည်ဟုဆိုသည်
ဗီယက်နမ်စစ်ပွဲတွင် အထက်မှ တရားဝင်အတည်ပြုထားသော confirmed kill ရရှိရန်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်ခဲ့သည် ရန်သူအား ပစ်သတ်တိုင်း confirmed kill မရချေ comfirm kill ရရှိရန် အရာရှိအဆင့်ရှိ တတိယပုဂ္ဂိုလ်တစ်ဦးမှ မျက်မြင်တွေ့ရှိချက်လိုပေသည် Spotter ခေါ် အကဲကြည့်၏ မျက်မြင်တွေ့ရှိချက်သည်လည်း အကျုံးမ၀င်ချေ

ကားလို့စ်၏ လက်ချက်ကြောင့် မြောက်ဗီယက်နမ်စနိုက်ပါများ တဖြုတ်ဖြုတ် ကျဆုံးကုန်သဖြင့် ကားလို့စ်အား လုပ်ကြံရန် အတော်ဆုံး စနိုက်ပါသမားများကို စေလွှတ်ခဲ့သော်လည်း မည်သူမျှ ပြန်မလာနိုင်ခဲ့ပေ

၎င်း၏ ကျော်ကြားလှသော လုပ်ကြံမှုများတွင် အပါချီဟု အမည်ပြောင် ပေးထားသော အလွန်ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဗီယက်နမ် အမျိုးသမီး စနိုက်ပါတစ်ဦးလည်း အပါအ၀င်ဖြစ်သည် အပါချီသည် စနိုက်ပါတပ်စုတစ်စုကို ဦးဆောင်ပြီး မရိန်းစစ်သားများကို အလစ်အငိုက် တိုက်ခိုက်လေ့ရှိသည်။ ၄င်းတို့သည် မရိန်းစစ်သည်များအား အသေပစ်မသတ်ဘဲ မသေမရှင်ဒဏ်ရရအောင် ပစ်ခတ်ဖမ်းဆီးသည် ထို့နောက် လက်သည်းခွံခွာခြင်း မျက်လုံးပိတ်မရအောင် မျက်ခွံများလှီးထုတ်ခြင်း နားရွက်များအား လှီးဖြတ်ခြင်း လိင်အင်္ဂါဖြတ်ခြင်းတို့ဖြင့် အစွမ်းကုန်ညှင်းပန်း နှိပ်စက်ပြီးမှ ပစ်ထားပြီး ထွက်သွားလေ့ရှိသည်

အပါချီ၏ နှိပ်စက်ခြင်းခံရသူများမှာ မချိမဆန့်ဖြင့် ဝေဒနာကြီးစွာခံစားရပြီးမှ သွေးထွက်လွန်ကာ သေဆုံးသွားကြသည် ကားလို့စ်သည် အပါချီကို ပစ်မသတ်နိုင်ရင် ပြန်မလာဟု ကြွေးကြော်ပြီး သူ၏ spotter ကိုခေါ်ကာ အပါချီနောက်သို့ အသည်းအသန်လိုက်ခဲ့သည် အပါချီမှာလည်း အလွန်တောကျွမ်းပြီး ခြေရာဖျောက်ကောင်းသူဖြစ်သည်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက တောထဲတွင် သားကောင်များကို ခြေရာခံအမဲလိုက်လာခဲ့သည့် ကားလို့စ်က ရအောင်ခြေရာခံပြီး အပါချီတို့ လာနိုင်သည့် တောလမ်းတစ်ခုမှ ကြိုတင်စောင့်ဆိုင်းနေသည်

အပါချီနှင့်အတူ စနိုက်ပါတပ်စုသည် ကားလို့စ် စောင့်ဆိုင်းနေသော
တောလမ်းအတိုင်း ချီတက်လာပြီးနောက် အပါချီမှာ ချုံတိုးပြီး ကျန်းမာရေး ပြဿနာရှင်းလေသည် အပါချီ၏ စနိုက်ပါတပ်စုမှာ အသင့်အနေအထားဖြင့် စောင့်ကြပ်နေကြသည်

ကားလို့စ်မှ လက်နက်ကြီးပစ်ကူခေါ်လိုက်သဖြင့် လက်နက်ကြီးကျည်များ ကျလာပြီး စနိုက်ပါတပ်စု ၀ရုန်းသုန်းကား ဖြစ်သွားချိန်တွင် အပါချီမှာလည်း ချုံထဲမှ ဒရောသောပါး ထွက်အလာ အသင့်ချိန်ရွယ် ထားပြီးဖြစ်သော ကားလို့စ်က ၂ ချက်ဆက်တိုက် ဆင့်ပစ်ချလိုက်သည် ထို့နောက် အပါချီ၏ အဖွဲ့ဝင်များအား ဆက်လက် ဇီဝိန်ချုပ်ပေးလိုက်လေသည် အပါချီအား လိုက်လံခြေရာခံစဉ် သူ၏ spotter က အပါချီအား မသေမရှင်ပစ်ခတ်ပြီး မရိန်းတပ်သားများအား သူလုပ်ခဲ့သလို တန်ပြန်ညှင်းပန်းနှိပ်စက်ရန် အကြံပေးခဲ့သေးသည်။ ကားလို့စ်မှာ စနိုက်ပါတစ်ဦး အနေဖြင့် လူသတ်နေရသော်လည်း ထိုကဲ့သို့ ရက်စက်တတ်သည့် နှလုံးသားမရှိသူဖြစ်ရာ spotter ၏ အကြံပြုချက်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး အသေပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အပါချီအား သုတ်သင်နိုင်ခြင်းသည် မရိန်းတပ်ဖွဲ့ဝင်များအတွက် အလွန်ပင် စိတ်ဓာတ်တက်ကြွစေခဲ့သည်

ကားလို့စ်အတွက် အခက်ခဲဆုံး စစ်ဆင်ရေးတစ်ခုမှာ ရန်သူ့နယ်မြေ၏ နောက်တန်းအထိ တစ်ဦးတည်း ထိုးဖောက်ဝင်ရောက်ပြီး မြောက်ဗီယက်နမ် ဗိုလ်ချုပ်အား လုပ်ကြံရသည့် စစ်ဆင်ရေးဖြစ်သည် ကားလို့စ်သည် တာဝန်အား လက်ခံပြီးနောက် spotter ကိုပင် မခေါ်တော့ဘဲ လက်စွဲတော်သေနတ် ရိက္ခာခြောက် ရေဗူး မြေပုံနှင့် သံလိုက်အိမ်မြောင် ရေဒီယိုစက် တစ်ခုကို ယူဆောင်ပြီး ရန်သူ့နယ်မြေအတွင်းသို့ စွန့်စားဝင်ရောက်လေသည်

တောထဲတွင် ရန်သူ့မိုင်းများကို ရှောင်ရှားရသည့်အပြင် မြွေ ကင်း ပင့်ကူကဲ့သို့ သဘာဝရန်သူများကလည်း ပေါများလှသည် ခြေရာမကျန်ရစ်စေရန်လည်း သွားလာတတ်ရသည် အိမ်မြောင်တစ်လုံးနှင့် မြေပုံထောက်ပြီး လမ်းရှာတတ်ရသေးသည်။ တောထဲတွင် ရိက္ခာပြတ် ရေပြတ်ဖြင့် အမျိုးမျိုးဒုက္ခရောက်ပြီး နောက်ဆုံးတွင် ရန်သူ့နယ်မြ၏ နောက်တန်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

သူ၏တစ်ကိုယ်လုံး ခြုံနွယ်သစ်ခက်များဖြင့် ပုံဖျက်ထားပြီး ရန်သူစစ်စခန်းသို့ ရောက်ရန် တစ်မိုင်ကျော် (ကိုက် ၂၀၀၀ အကွာ)မှစ၍ တစ်လက်မချင်း တွားသွားကာ တရွေ့ရွေ့ ချည်းကပ်ခဲ့သည် စခန်းခြံစည်းရိုးမှ ကိုက် ၅၀၀ အကွာတွင် ကျောက်ရုပ်တစ်ခုကဲ့သို့ တစ်ချက်မှ မလှုပ်ဘဲငြိမ်ဝပ်၍ ပစ်မှတ်အား စိတ်ရှည်လက်ရှည် စောင့်စားနေခဲ့သည် ကားလို့စ်မှာ စခန်းခြံစည်းရိုးနှင့် ကိုက် ၅၀၀ ကွာဝေးပြီး ခြံစည်းရိုးနှင့် မြောက်ဗီယက်နမ် ဗိုလ်ချုပ်၏တဲမှာ ကိုက် ၂၀၀ ကွာဝေးသည်ဖြစ်ရာ သူ့အနေဖြင့် စုစုပေါင်း ကိုက် ၇၀၀ အကွာမှ ပစ်မှတ်ကို ပစ်ခတ်ရမည်ဖြစ်သည်

နောက်ဆုံးတွင် ပစ်မှတ်ဖြစ်သူ ရန်သူဗိုလ်ချုပ် ထွက်လာပြီး ရဲဘော်တစ်ယောက်အား ညွှန်ကြားလေသည် ထိုရဲဘော်မှာ ပစ်ကွင်းတွင် ခံနေသဖြင့် ပစ်မရသေးချေ ထို့နောက် ရဲဘော်လှည့်အထွက် ဗိုလ်ချုပ်မှာလည်း တဲအတွင်းသို့ ပြန်ဝင်မည်အပြုတွင် ကားလို့စ် ပစ်ခတ်လိုက်သော ကျည်သည် ရန်သူဗိုလ်ချုပ်၏ နှလုံးသားအား ဖောက်ထွက်သွားလေသည်

ပွဲကြီးပွဲကောင်းက ထိုအချိန်မှ စတင်လေသည် သေနတ်ပစ်လက်ဖြောင့်ရုံဖြင့် စနိုက်ပါကောင်းတစ်ဦး မဖြစ်နိုင် ရန်သူပစ်မှတ်အား မရိပ်မိအောင် ပိရိစွာချည်းကပ်နိုင်ခြင်းနှင့် ပစ်မှတ်အား ချေမှုန်းပြီးနောက် အောင်မြင်စွာ ဆုတ်ခွာနိုင်ခြင်းရှိမှသာ စနိုက်ပါသမားကောင်းဟု သတ်မှတ်နိုင်သည် ကားလို့စ်မှာ ထိုနေရာတွင် တစ်ဖက်ကမ်းခတ်တော်လေသည်

ဗိုလ်ချုပ်ကျဆုံးသွားပြီးနောက် ဗီယက်နမ်တို့မှ စနိုက်ပါရှိနိုင်သော နေရာများအား စက်သေနတ်များဖြင့် ပိုက်စိတ်တိုက်ပစ်ခတ်ခြင်း လက်နက်ကြီးများဖြင့်စုပြုံပစ်ခတ်ခြင်း နယ်မြေကျွမ်းကျင်သော ဒေသခံများနှင့် မြောက်ဗီယက်နမ်တပ်များ ပူးပေါင်း၍ တောနင်းရှာဖွေခြင်း ပစ်ရှင်းရှင်းခြင်းများကို အောင်မြင်စွာ ရှောင်တိမ်းပြီး ကြိုတင် သတ်မှတ်ထားသော Rendezvous ဆုံမှတ်သို့ ဆုတ်ခွာနိုင်ခဲ့သည် ထိုမှတဆင့် မရိန်းရဟတ်ယာဉ်တစ်စီးမှ အောင်မြင်စွာ ကယ်ထုတ်သွားခဲ့သည်

ထိုကဲ့သို့ စွမ်းဆောင်ရည်များကြောင့် မြောက်ဗီယက်နမ်မှ ကားလို့စ်အား စံချိန်တင် အမြင့်ဆုံးဆုငွေထုတ်ခဲ့ရသည်။ ထိုခေတ်က မြောက်ဗီယက်နမ်မှ US စနိုက်ပါသမားများအတွက် ထုတ်ပြန်သောဆုကြေးငွေမှာ ၈ ဒေါ်လာမှ ဒေါ်လာ ၂၀၀၀ အထိသာ အမြင့်ဆုံးဖြစ်သော်လည်း ကားလို့စ်အား မကြုံစဖူး ဒေါ်လာ ၃ သောင်းအထိ စံချိန်တင် ဆုငွေထုတ်ခဲ့သည် ထိုအခါ ကားလို့စ်၏ ရဲဘော်ရဲဘက် မရိန်းတပ်ဖွဲ့ဝင်များသည် ကားလို့စ်ကဲ့သို့ပင် တောဆောင်းဦးထုပ်တွင် ငှက်တောင်ဖြူများထိုးစိုက်ပြီး ပုံမှားရိုက်ကာ ကားလို့စ်အား ကာကွယ်ပေးခဲ့ကြသည်

နောက်ဆုံးတွင် ကားလို့စ်အား လုပ်ကြံရန် မြောက်ဗီယက်နမ်မှ ၄င်းတို့၏ အတော်ဆုံး စနိုက်ပါအား စေလွှတ်ခဲ့ကြသည် ၄င်း၏ အမည်ဝှက်မှာ Cobra (မြွေဟောက်) ဖြစ်လေသည် Cobra သည် ကားလို့စ်တို့ စခန်းချရာ တောင်ကုန်းအမှတ် ၅၅ မှ မရိန်းစစ်သည်များကို ပစ်ခတ်သုတ်သင်ပြီး ကားလို့စ်အား စစ်မြှူလေသည် ကားလို့စ်ကလည်း ထွက်၍ လိုက်သည်

တောထဲတွင် သူတို့သည် ပစ်ခတ်ရန် အပြန်အလှန်ချောင်းမြောင်း နေကြလေသည် ကားလို့စ်မှ သစ်ငုတ်တစ်ခုကို ခလုတ်တိုက်မိသွားသဖြင့် Cobra မှ နေရာသိသွားပြီး လက်ဦးမှုယူကာ ပစ်ခတ်လိုက်သည် ကံကောင်းထောက်မသဖြင့် ကျည်မှာ ကားလို့စ်၏ spotter ဖြစ်သူ ဂျွန်ဘာ့ခ်၏ ရေဗူးကိုသာ ထိမှန်သွားခဲ့သည်

နောက်တစ်ကြိမ်တွင်မူ ကားလို့စ် အလှည့်ဖြစ်သည် Cobra ၏ စနိုက်ပါမှန်ပြောင်းမှ အလင်းပြန်မှုကို ဖြတ်ကနဲတွေ့လိုက်သည့် လျှပ်တစ်ပြက်အချိန်လေးမှာပင် ကားလို့စ်က အပိုင်ပစ်ချလိုက်သည် ကားလို့စ်ပစ်ခတ်လိုက်သော ကျည်ဆန်သည် Cobra ၏ စနိုက်ပါမှန်ပြောင်းအတွင်း တည့်တည့်ဝင်၍ မျက်လုံးအား ဖောက်ထွင်းပြီး ဦးနှောက်တွင်း ကျည်ရောက်ကာ သေဆုံးသွားလေသည်။

အောင်မြင်မှု အထိမ်းအမှတ်အနေဖြင့် ကားလို့စ်က Cobra ၏ သေနတ်အား ယူဆောင်လာခဲ့လေသည် ကားလို့စ် ပစ်ခတ်လိုက်သောကျည်သည် ရန်သူ သေနတ်မှန်ပြောင်းအား တည့်တည့်မတ်မတ် ဖောက်ဝင်သွားခြင်းဖြစ်ပြီး မှန်ပြောင်းအတွင်းနံရံများတွင် ကျည်ပွတ်တိုက်မှုပင် မတွေ့ရချေ။

ကားလို့စ်သည် ၄င်း၏ ပြောင်မြောက်လှသော စွမ်းဆောင်မှုများအတွက် ဆုတံဆိပ်များစွာ ရရှိခဲ့သော်လည်း သူအလွန်ဂုဏ်ယူသော Silver Star ဆုတံဆိပ်မှာသူ သူ၏ စနိုက်ပါစွမ်းရည်နှင့် သက်ဆိုင်ခြင်းမရှိချေ မိမိကိုယ်တိုင်ဒဏ်ရာနေသည့်ကြားမှ မီးအလောင်ခံလျက် ရဲဘော်ရဲဘက် မရိန်းစစ်သည် ၇ ဦး၏ အသက်ကို သက်စွန့်ကြိုးပမ်း ကယ်တပ်ခဲ့သောကြောင့်ဖြစ်သည်

၁၉၆၉ ခုနှစ်က ကားလို့စ်နှင့် မရိန်းတပ်ဖွဲ့ဝင်များလိုက်ပါလာသော APC (သံချပ်ကာတိုက်ယာဉ်) မှာ တင့်ဖျက်မိုင်းနင်းမိပြီး ပျက်စီးရာ ပေါက်ကွဲမှုကြောင့် စစ်သည်များ ဒဏ်ရာရ သတိလစ်သွားကြသည် ကားလို့စ် တစ်ယောက်သာ သတိမလစ်ဘဲကျန်ရစ်သည် ကားလို့စ်သည် မိမိကိုယ်တိုင် ဒဏ်ရာရနေသည့်ကြားမှ အသက်ကို ပဓာနမထားဘဲ မီးလောင်နေသည့် APC ယာဉ်အတွင်း သတိလစ်နေသော မရိန်းစစ်သည် ၇ ယောက်ကို သက်စွန့်ဆံဖျား ကယ်ထုတ်ခဲ့သည် ထိုသို့ ကယ်တင်ခြင်းကြောင့် သူကိုယ်တိုင် ခန္ဓာကိုယ် ၄၀ % အထိ မီးလောင်ခံခဲ့ရာ သေမတတ်ဖြစ်ခဲ့ရသည် အချို့မီးလောင်ဒဏ်ရာများမှာ အလွန်ပြင်းထန်သော third degree အဆင့်ပင် ရှိလေသည်။ ၄င်းနှင့်အတူ ဒဏ်ရာရ မရိန်းတပ်ဖွဲ့ဝင်များအား ရဟတ်ယာဉ်ဖြင့် အလျင်အမြန်သယ်ဆောင်ပြီး USS Repose ဆေးရုံသင်္ဘောပေါ်သို့ အချိန်မီ ခေါ်ဆောင်သွားနိုင်သဖြင့်သာ အသက်ဘေးမှ လွတ်မြောက်ခြင်းဖြစ်သည် ကားလို့စ်နှင့် မရိန်းတပ်ဖွဲ့ဝင်များမှာ ဒဏ်ရာပြင်းထန်လွန်းသဖြင့် ဆေးရုံသင်္ဘောမှ တိုကျိုရှိ ရေတပ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရပြီး ထိုမှတဆင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရှိ ဘရွတ်ကီစစ်ဆေးရုံကြီး၊ မီးလောင်ဒဏ်ရာ အထူးကုသရေးဌာနတွင် ကြာမြင့်စွာ တက်ရောက်ကုသမှုခံယူခဲ့ရသည်

သေလုမျောပါး မီးလောင်ဒဏ်ရာများဖြင့် ဗီယက်နမ်စစ်မြေပြင်မှ ထွက်ခွာလာခဲ့ရပြီးနောက် မရိန်းတပ်ဖွဲ့၏ စနိုက်ပါသင်တန်းကျောင်း တည်ထောင်ရာတွင်ကူညီခဲ့သည့်အပြင် နာမည်ကျော် SEAL Team Six အပါအ၀င် အမေရိကန် အထူးတပ်ဖွဲ့များကို လေ့ကျင့်ပေးရသော သင်တန်းဆရာအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

ဗီယက်နမ်စစ်မြေပြင်မှ ရရှိခဲ့သော ဒဏ်ရာများကြောင့် နာကျင်မှုကို အမြဲလိုလိုခံစားနေရပြီး အကိုက်အခဲပျောက်ဆေး အနာသက်သာဆေးများ အမြဲသောက်သုံး နေခဲ့ရသည်။ ၄င်း၏ ကျန်းမာရေးမှာ ပိုမိုဆိုးရွားလာသဖြင့် တာဝန် ဆက်လက်ထမ်းဆောင်ရန် သင့်တော်ခြင်းမရှိဟု အထက်လူကြီးများမှ ယူဆကာ ခံစားခွင့် နစ်နာကြေး ပင်စင်လစာများ အပြည့်အ၀ ပေးအပ်လိုက်ပြီး မရိန်းတပ်ဖွဲ့မှ အနားပေးလိုက်သည်

ထိုသို့ အနားပေးခံရသဖြင့် မိမိကိုယ်ကိုယ် အသုံးမ၀င်တော့ဟု ခံစားရပြီး စိတ်ကျဝေဒနာပါ ၀င်လာခဲ့သည်။ ဇနီးဖြစ်သူနှင့်လည်း ကွဲလုနီးပါးဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ငါးမန်းဖမ်းခြင်းအလုပ်တွင် ဝါသနာပါသွားပြီးနောက် စိတ်ကျဝေဒနာလည်း သက်သာသွားခဲ့သည်

စနိုက်ပါသက်တမ်း တစ်လျောက်လုံး ရန်သူများအား ပစ်ခတ်သတ်ဖြတ်နေရသည်ကို မည်သို့သဘောရပါသနည်းဟု သူ့အားမေးမြန်းရာ I like shooting, and I love hunting. But I never did enjoy killing anybody. It’s my job. If I don’t get those bastards, they’re gonna kill a lot of these kids dressed up like Marines. That’s the way I look at it.

ကျွန်တော် သေနတ်ပစ်ရတာကြိုက်တယ် အမဲလိုက်ရတာကြိုက်ပါတယ် ဒါပေမဲ့ လူသတ်ရတာတော့ မကြိုက်ဘူးဗျ ဒါပေမဲ့ အဲဒါက ကျွန်တော့်အလုပ်ပဲလေ ကျွန်တော်သူတို့ကို မသတ်ရင် မရိန်းတပ်ဖွဲ့ဝင်တွေ အများကြီး သူတို့လက်ချက်နဲ့သေရမှာဗျ ကျွန်တော်အဲဒီလိုပဲမြင်တယ်ဟု ပြောကြားခဲ့သည်

ကားလို့စ်သည် ၄င်းကိုယ်တိုင် ဗီယက်နမ်စစ်အား လိုလားထောက်ခံခြင်း မရှိသော်လည်း စစ်သားပီပီ အထက်မှ ပေးအပ်လာသည့် တာဝန်များအား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သလို မိမိရဲဘော်များကိုလည်း အသက်နှင့်ရင်း၍ ကယ်တင်ခဲ့သူဖြစ်သည် ထို့နောက် မိမိတတ်ကျွမ်းသော ပညာရပ်များအား နိုင်ငံ့မျိုးဆက်သစ် လူငယ်စစ်သည်များကိုလည်း အစွမ်းကုန် သင်ကြားပြသပြီး တိုင်းပြည်ကို အကောင်းဆုံး ပေးဆပ်သွားခဲ့ကာ ၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်

#Kyaw_Wunna
#Global_Defense_Technology

No comments:

Post a Comment