CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, May 3, 2017
အောင်မင်္ဂလာ အဝေးပြေးဝင်းက ငှားလာတဲ့ ကားပေါ်မှာ ရွှေငွေလက်ဝတ်ရတနာပစ္စည်းများ ဓားထောက် လုယက်ခံရ
ရန်ကုန်၊ မေ ၃
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့  နံနက် ၂နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ ဒေါ်------သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ အဝေးပြေး မော်တော်ယာဉ်ဖြင့် ပြန်လာခဲ့ရာ မင်္ဂလာဒုံမြို့ နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ရောက်ရှိပြီး နေအိမ်သို့ ကားငှားပြန်လာစဉ် ရွှေငွေလက်ဝတ်ရတနာပစ္စည်းများ ဓားထောက် လုယက်ခံရကြောင်း သိရပါသည်။
အဆိုပါ ခရီးသည် အမျိုးသမီးဟာ အိမ်ပြန်ရန်အတွက် 9C/---- အဖြူရောင် အငှားယာဉ်တစ်စီးအား ငွေကျပ်(၃၀၀၀)ဖြင့် ငှားရမ်းခဲ့ကြောင်း၊ ၎င်း၏ဘေးတွင်လည်း အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးလည်း လိုက်ပါလာခဲ့ကြောင်း၊ အငှားယာဉ်မောင်းနှင်သူမှ လိုရာခရီးသို့ လိုက်မပိုဘဲ ခရီးသည်အမျိုးသားအား မြန်မာပေါင်ချိန်စက်ရုံဝန်ထမ်း အိမ်ရာသို့ လိုက်ပို့ရမည်ဟုပြောဆိုကာ ခရေပင်လမ်းခွဲအရောက် ရွှေပြည်သာမြို့နယ်ဘက်သို့ မောင်းနှင်သွားခဲ့ကြောင်းနှင့် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်အရောက် လမ်းကြားထဲသို့ချိုးဝင်မောင်းနှင်သွားပြီး ၎င်း၏ဘေးတွင် လိုက်ပါစီးနင်းလာသူ အမျိုးသားမှ ဓားဖြင့်ထောက်ကာ စိန်နားကပ်(၁)ရံ၊ ဟန်းချိန်း(၁)ခု၊ စိန်ဆွဲသီးပါဆွဲကြိုး ၁ ကုံး၊ HTC အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံး၊ Huawei အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေကျပ်(၂၀၀၀၀၀)တို့အား လုယက်ယူဆောင်သွားကြောင်း တိုင်တန်းချက်အရ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်း (ပ)၂၉၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန် သူများကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များကအဖွဲ့ငယ်များခွဲ၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်မှာ 9C/----- Toyota Corolla အမျိုးအစား အငှားယာဉ်ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းယာဉ်အား မောင်းနှင်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂.၅.၂၀၁၇ ရက်နေ့ နေ့လယ် ၂နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ် နေသူများဖြစ်သည့် ကိုမျိုး(ခ)မျိုးညွန့်(ခ)မျိုးညွန့်ဦး၊ (၂၃)နှစ်အား အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၌လည်းကောင်း၊ နေ့လယ် ၃နာရီ အချိန်တွင် ဥာဏ်လင်းထွန်း၊ (၂၀)နှစ်အား အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၌ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် မော်တော်ယာဉ်နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ ကိုမျိုး(ခ)မျိုးညွန့်(ခ)မျိုးညွန့်ဦးနှင့် ဥာဏ်လင်းထွန်းတို့အား စစ်ဆေးရာ ၎င်းတို့သည် အဆိုပါအမှုအားကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အမှုမှပါဆုံး ပစ္စည်းများအားပြန်လည် သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ပြစ်မှုကျူးလွန်သူများထံမှ နိုင်ငံခြားငွေများတွေ့ရှိရသဖြင့် ၎င်းငွေများနှင့် ပတ်သက်၍ စစ်ဆေးလျက်ရှိပြီး အခြားလုယက်မှုများ ကျူးလွန်ထားခြင်း
ရှိ၊ မရှိကိုလည်း တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
by သစ်ထူးလွင်
အောင်မင်္ဂလာ အဝေးပြေးဝင်းက ငှားလာတဲ့ ကားပေါ်မှာ ရွှေငွေလက်ဝတ်ရတနာပစ္စည်းများ ဓားထောက် လုယက်ခံရ
Reviewed by MP4 YoU
on
May 03, 2017
Rating: 5
Reviewed by MP4 YoU
on
May 03, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment