Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 29, 2017

စိုင်းစိုင်းခမ်းလှိုင် ဘာကြောင့် အောင်မြင်ရသလဲ


ဟိုတစ်နေ့က တီဗွီမှာ စိုင်းထီးဆိုင်ရဲ့ VCD ခွေလေးကို အမှတ်မထင် ကြည့်လိုက်ရတယ်။ သီချင်းနာမည်က သဘာဝရဲ့ရင်သွေးငယ် ထင်ပါရဲ့။ အဲဒီခေတ်က နာမည်ကြီးခဲ့တဲ့ မော်ဒယ်သရုပ်ဆောင်တွေ တော်တော်များများ ပါဝင်သရုပ်ဆောင်ထားကြတယ်။ အဲဒီတုန်းကတော့ ရိုက်သမျှ VCD တိုင်းမှာ သူတို့တွေက မပါမပြီးဘဲကိုး။ ခုလို ဆယ်စုနှစ်တစ်ခု ကျော်လာပြီးချိန်ကျတော့ အဲဒီလူငယ်သရုပ်ဆောင်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်သာ အအောင်မြင်ဆုံးအဖြစ် ဒီလောကထဲမှာ ဆက်ကျန်နေခဲ့တယ်။ အဲဒီသီချင်းကို ကြည့်နေရင်း Survival of the fittest ဆိုတဲ့ စကားလေးက ပါးစပ်ဖျားရောက်လာပါတယ်။ ကြိုးစားတိုင်းလည်း မဖြစ်တဲ့ လောကကြီး၊ မျှော်လင့်တိုင်းလည်း ဖြစ်မလာတတ်တဲ့ လောကကြီး၊ ဇာတ်လမ်းတစ်ပုဒ်လို အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ အကြံ့ခိုင်ဆုံးဖြစ်တဲ့သူသာ ရှင်သန်ကျန်ရစ်ခဲ့နိုင်ပါတယ်။

ကျွန်တော့်အကြိုက်ဆုံးစာအုပ်အမျိုးအစားက ဘာလဲဆိုရင် အတ္ထုပတ္တိစာအုပ်တွေပဲ ဖြစ်ပါတယ်။ အတ္ထုပတ္တိစာအုပ်တွေဟာ စာဖတ်သူကို အတော်လေးအကျိုးပြုပါတယ်။ အောင်မြင်သူတွေရဲ့ ဘ၀ပေါ် ရှုမြင်ပုံတွေ၊ အခက်အခဲတွေ ဘယ်လောက်များများ လက်မလျှော့ အရှုံးမပေးဘဲ ကြိုးစားခဲ့တာတွေ၊ နောက်ပြီး သူတို့ရဲ့အမှားတွေ၊ ဒါတွေကို ကျွန်တော်တို့တွေက လေ့လာလို့ ရတယ်၊ အတုယူလို့ရတယ်။ ရှောင်သင့်တာတွေလည်း ရှောင်လို့ရတယ်။ ဘ၀မှာ ကိုယ်တိုင်ကြုံဖူးတော့မှပဲ သိခွင့်ရမယ်ဆိုရင် လောကကြီးလည်း ဒီလိုတိုးတက်လာဖို့ မရှိဘူး။ အဖိုးတုန်းကလည်း ဒီလို၊ အဖေ့ကျတော့လည်း ဒီလို၊ သားကျတော့ ဒီလို၊ တစ်ပုံစံတည်း ဖြစ်နေကြတော့မှာပေါ့။ ရှေ့လူတွေရဲ့ အမှန်အမှားတွေကို နောက်လူတွေက စာအုပ်တွေကတစ်ဆင့် ကြိုသိပြီး ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့ကြလို့သာ မျိုးဆက်တစ်ဆက်ထက် တစ်ဆက် ပိုမြင့်လာကြတာ မဟုတ်လား။ အဲဒီအတွက် အတ္ထုပတ္တိစာအုပ်တွေဟာ လူ့ဘောင်လောက တိုးတက်ဖို့အတွက် အရေးပါပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ ရက်ပ်ပါတစ်ယောက်ဖြစ်ပါတယ်၊ သရုပ်ဆောင်လည်းလုပ်တယ်၊ ဒါရိုက်တာလည်း လုပ်တယ်၊ ၀တ္ထုတွေလည်း ရေးဖူးတယ်။ ဒါပေမဲ့ အဆိုတော်တစ်ယောက်အနေနဲ့ သူအအောင်မြင်ဆုံးပါပဲ။ အောင်မြင်တာမှ ဆယ်စုနှစ်တစ်ခုကျော်ကြာ အောင်မြင်ခဲ့တယ်။ ဒီနေ့ထိလည်း အောင်မြင်နေတုန်းပဲ။ တကယ်တော့ အောင်မြင်ဖို့ထက် ရလာတဲ့အောင်မြင်မှုကို ထိန်းသိမ်းဖို့က ပိုခက်ပါတယ်။ သီချင်းတစ်ပုဒ်၊ အယ်လ်ဘမ်တစ်ခု ပေါက်ခဲ့၊ အောင်မြင်ခဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ သီချင်းတွေအများကြီး၊ အယ်ဘမ်တွေအများကြီး အောင်မြင်တဲ့သူ ဆိုရင်တော့ လက်ချိုးရေလို့တောင် ရလောက်တဲ့အထိ ဖြစ်သွားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ အဲဒီလူနည်းစုထဲက တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။ အကြောင်းပြချက်မျိုးစုံနဲ့ သူ့ကို မကြိုက်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အတ္ထုပတ္တိစာအုပ် ထုတ်ရလောက်တဲ့အထိ မဟုတ်တောင် သူ့မှာ အောင်မြင်သူတစ်ယောက်အနေနဲ့ အတုယူစရာတွေ ရှိနေတာကိုတော့ ငြင်းမရပါဘူး။ သူနဲ့တွေ့ဖူး ဆုံဖူး စကားပြောဖူးလို့တော့ မဟုတ်ပေမဲ့ သူ့နဲ့ပတ်သက်ပြီး သတိထားမိတာလေးတွေကို ရေးပါရစေ။

၁။ Vision ရှိခြင်း

လူတစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုအတွက်ပဲဖြစ်ဖြစ် Vision လို့ခေါ်တဲ့ အနာဂတ်အမြင်ဟာ သိပ်အရေးကြီးပါတယ်။ ကိုယ့်ဘ၀မှာ ကိုယ်ဘာဖြစ်ချင်တယ်၊ ရှေ့အနာဂတ်မှာ ခေတ်က ဘယ်လိုပုံစံပြောင်းလာဖို့ရှိတယ်၊ အဲဒီအတွက် ကိုယ်ဘာတွေပြင်ဆင်ထားရမယ် ဆိုတာ သိထားဖို့လိုပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် နောင်တစ်ခေတ်မှာ စားပွဲတိုင်းပေါ် ကွန်ပျူတာတွေ တင်ပြီး အလုပ်လုပ်ကြတဲ့ခေတ် ဖြစ်လာလိမ့်မယ် ဆိုတဲ့ အနာဂတ်အမြင်က ဘီလ်ဂိတ်စ်ကို ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာစေခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်နာမည်ကြီးစက အင်တာဗျူးတစ်ခုမှာ ဒီလိုဖြေထားပါတယ်။

“အရင်ခေတ်က စိုင်းထီးဆိုင်တို့ ဇော်ဝင်းထွဋ်တို့ နှစ်တွေအများကြီး နာမည်ကြီးခဲ့တယ်၊ ဒီခေတ်မှာတော့ အဲဒီလိုနာမည်ကြီးဖို့ သိပ်မလွယ်တော့ဘူး။ ကျွန်တော် အများကြီး ကြိုးစားမှရမယ်”

ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်လာမဲ့ခေတ်ကို ကြိုမြင်ပြီး ကြိုပြင်ဆင်ထားတဲ့အတွက် သူဒီလို အောင်မြင်ခဲ့တာလို့ ဆိုရပါမယ်။

၂။ အပြောင်းအလဲမှာ လိုက်ပါနိုင်ခြင်း

ခေတ်က အမြဲပြောင်းနေပါတယ်။ ဒီခေတ်ရဲ့ အပြောင်းအလဲတွေက ပိုဆိုးပါတယ် ပိုမြန်ပါတယ်။ အဲဒီအခါ အပြောင်းအလဲတွေမှာ လိုက်ပါနိုင်စွမ်းက အောင်မြင်ဖို့အတွက် မဖြစ်မနေ အရေးပါလာတယ်။ အသုံးများတဲ့စကားကို ကိုးကားရရင်တော့ Change or be changed ပေါ့။ အပြောင်းအလဲမှာ ကိုယ်တိုင်လိုက်ပါမလား၊ ဒါမှမဟုတ် အပြောင်းအလဲရဲ့သားကောင် အဖြစ်ခံမလား ဆိုတာကို ရွေးကြရမဲ့ အချိန်ပါ။

ဂီတဘက်မှာလည်း အတော်လေး ပြောင်းလဲပါတယ်။ သီချင်းပုံစံတွေ တင်ဆက်မှုတွေ စာသားတွေ တီးလုံးတွေဟာ အရင်နဲ့အတော်လေး ကွဲပြားလာပါတယ်။ ဒီအခါ ပုံစံတစ်မျိုးတည်းပဲ ကိုင်စွဲထားသူတွေ ပြုတ်ကျကုန်ပါတယ်။ အပြောင်းအလဲမှာ လိုက်ပါခြင်းဟာ ဟိုခုန်ဒီခုန် လုပ်တာနဲ့လည်း မတူပါဘူး။ အထူးသဖြင့် ရေရှည်အောင်မြင်လိုသူတွေအနေနဲ့ ပိုပြီးတော့ သတိထားရမဲ့ အပိုင်းဖြစ်ပါတယ်။ ခေတ်ကို မျက်ခြေပြတ်လို့ မဖြစ်ဘူး။ စောင့်ကြည့်နေရတယ်၊ အပြောင်းအလဲတွေမှာ လိုက်ပါနေရတယ်။ တစ်ဖက်ကလည်း အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မှန်းဆပြီး ပြင်ဆင်ထားကြရတယ်။ ဒါမှသာ ရေရှည်အောင်မြင်နိုင်တဲ့ခေတ်ကို ရောက်လာပါပြီ။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ရက်ပ်စာသားတွေ တီးလုံးတွေ တင်ဆက်မှုတွေ ဖက်ရှင်တွေ၊ နောက်ပြီး Body structure ကအစ ခေတ်နဲ့အမြဲတမ်း အပြိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

၃။ ကြိုးစားအားထုတ်မှုရှိခြင်း

သူနဲ့လည်း မသိဘဲနဲ့ သူကြိုးစားမှန်း ဘယ်လိုသိလဲဆိုရင်တော့ သူ့ရဲ့သီချင်းတွေကတစ်ဆင့် သိတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းများစွာ နဲ့ ဖေဖော်ဝါရီမှတ်တမ်း ကပ်လျက်ထွက်တဲ့အခွေ(၂)ခွေမှာတောင် သူရဲ့ ရက်ပ်ဆိုပုံတွေ စာသားတွေ အတော်လေး ကွာသွားတာကို သတိထားမိခဲ့ပါတယ်။ မကြိုးစားဘဲ အောင်မြင်နေတဲ့သူရယ်လို့လည်း လောကမှာ မရှိတော့ ဒီအကြောင်းကို အကျယ်မချဲ့တော့ပါဘူး။

၎။ ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်ခြင်း

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေဟာ ဟစ်ဟော့ပ်မစစ်ဘူး။ ကော်ပီတွေဆိုတာ များတယ်။ ဒါကြောင့် တကယ့်ဟစ်ဟော့ပ်သမားတွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကို အတော်လေးခံခဲ့ရတယ်။ နောက်ပြီး မိန်းကလေးပရိသတ်ကလည်း အရမ်းများတော့ ယောကျာ်းလေးတွေက သူ့ကို တော်တော်ကြည့်မရခဲ့ကြဘူး။ ရှိုးပွဲတွေမှာ သူမို့လို့ တက်လာပြီဆို ရေသန့်ဗူးတွေမှ ပလူကိုပျံနေတာပဲ။ ဆဲသံတွေဆိုတာလည်း ကြားလို့တောင် မကောင်းဘူး၊ အတိုင်အဖောက်ညီညီနဲ့ကို ဆဲကြတာ။ ဒါပေမဲ့ သူ့ဘက်ကတော့ ပရိသတ်ကို တစ်ခါမှ ရင့်ရင့်သီးသီး တုံ့ပြန်တာ မတွေ့ရဘူး။ စိတ်မဆိုးဘဲတော့ ဘယ်နေပါ့မလဲ။ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ရှိုးပွဲကြည့်ရင်း ကျွန်တော်သတိထားမိခဲ့တယ်။ ဒီအတွက် တူညီတဲ့တုံ့ပြန်မှုတစ်ခုက နောက်ဆုံး သူ့ဆီရောက်လာခဲ့တယ် ဆိုရပါမယ်။ နောက်ပိုင်း ရှိုးပွဲတွေမှာတော့ ဒီလိုမြင်ကွင်းမျိုးတွေ ဆဲဆိုသံတွေ မတွေ့ရ မကြားရတော့သလောက်ပါပဲ။ ခုနောက်ပိုင်း Troller တွေပေါ်လာတော့လည်း အပြောခံရဆုံး celebrity ထဲမှာ သူပါတယ်၊၊ ဒါပေမဲ့ အဲဒါတွေကို ရင့်ရင့်သီးသီး မတုံ့ပြန်ဘဲ သူ့ကိုယ်သူ ဟာသပြန်လုပ်ပစ်လိုက်တော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုတိုးလို့တောင် ရသွားခဲ့တယ်၊၊

သီချင်းတွေကလည်း ဟစ်ဟော့မစစ်လို့ ဆိုပြီး ဘယ်လောက်ဝေဖန်ဝေဖန် သူကတော့ သူ့ပုံစံအတိုင်းပဲ ဆက်သွားတယ်။ နောက်တော့ ဟစ်ဟော့လို့ နာမည်တပ်မရပေမဲ့ စိုင်းစိုင်းပုံစံ ဆိုပြီး ကိုယ်ပိုင်ဟန်တစ်ခု ရလာခဲ့တယ်။ သူကိုယ်တိုင်လည်း အနုပညာသမားပီပီ ဟစ်ဟော့ပ်ဆိုတဲ့ ဘောင်ထဲမှာပဲ နေချင်ပုံမရဘူး။ လွတ်လွတ်လပ်လပ် စိတ်ထဲရှိတဲ့အတိုင်း ခံစားချင်၊ ဖန်တီးချင်ပုံရတယ်။ ခုချိန်ထိလည်း သူကတော့ သူ့ပုံစံတစ်ခုနဲ့ အောင်မြင်နေဆဲပါပဲ။

လောကဓံတရား(၈)ပါးရှိပါတယ်။ အဲဒီ(၈)ပါးထဲက တစ်သက်လုံး မဆင်းရဲဖူးတဲ့သူ၊ တစ်သက်လုံး မချမ်းသာဖူးတဲ့သူရယ်လို့ ရှိနိုင်ပေမဲ့ တစ်သက်လုံးအကဲ့ရဲ့မခံဖူးတဲ့သူရယ်လို့ လောကမှာ မရှိပါဘူး။ ဒီတစ်ပါးကိုတော့ ဘယ်လိုမှ ရှောင်မရဘူး။ အားလုံး ကဲ့ရဲ့ခံဖူးကြတယ်၊ ဝေဖန်ခံဖူးကြတယ်။ ဒါ လောကသဘာဝပဲ။ ရှောင်လွှဲလို့မရဘူး။ ကြောက်နေလို့မရဘူး။ ကျွန်တော်တို့ လုပ်လို့ရတာက ဒီဝေဖန်မှုတွေ ကဲ့ရဲ့မှုတွေကို ဘယ်လိုပြန်တုံ့ပြန်ကြမလဲ ဆိုတာပါပဲ။ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူးဆိုတာကလည်း အစွန်းရောက်သလို သူများပြောသမျှ အကုန်လက်ခံပြီး စိတ်ဆင်းရဲနေ လိုက်လုပ်နေတာကလည်း အစွန်းတစ်ဖက်ပါပဲ။ ဝေဖန်မှုတွေကို စိတ်အေးအေးထားပြီး နားထောင်၊ ပြီးတော့ ကိုယ့်အတွက် လိုအပ်မယ်ထင်တာတွေကို ပြင်လိုက်၊ ပြောင်းလဲလိုက်ခြင်းဖြင့် ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ လိုပါတယ်။

၅။ မိတ်ဆွေကောင်းရှိခြင်း

မြတ်စွာဘုရားဟောထားတဲ့ ချမ်းသာခြင်းအကြောင်း(၄)ပါးထဲမှာ မိတ်ဆွေကောင်းရှိခြင်းကလည်း တော်တော်လေး အရေးပါပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အောင်မြင်မှုမှာလည်း အဲဒီအချက်က အရမ်းအရေးပါပါတယ်။ အဆိုတော်တစ်ယောက် ဖြစ်လို့ ငါကြိုးစားရင် ပြီးတာပဲ လုပ်လို့မရပါဘူး။ တီးလုံးတီးပေးမဲ့သူရဲ့ ပံ့ပိုးမှု၊ တွဲဖက်သီဆိုမဲ့သူရဲ့ ပံ့ပိုးမှု၊ နောက်ပြီး အ၀တ်အစားပိုင်း၊ Performance လုပ်ပေးမဲ့သူ၊ နောက် ပွဲစီစဉ်သူတွေ၊ ဒီလူတွေအကုန်လုံးရဲ့ ပံ့ပိုးမှုကိုရမှသာ ရေရှည်အောင်မြင်မှု ရနိုင်တာဖြစ်ပါတယ်။ မျိုးကျော့မြိုင်၊ ငယ်ငယ်၊ ကောင်းမြတ်၊ နန္ဒစိုင်းတို့ကနေ မိုးမိုး၊ သီရိဆွေ၊ ခုနောက်ဆုံး ဘန်နီဖြိုး ကိကိတို့အထိ သူ့သူငယ်ချင်းတွေရဲ့ အားက သူ့အောင်မြင်မှုမှာ တော်တော်လေးအရေးပါပါတယ်။ ဒါတောင် ယူရေနီယမ်၊ ဆန်းထွဋ်၊ မောင်မောင်အေး တို့မပါသေးဘူး။ အဲဒီအပြင် ပွဲစီစဉ်သူတွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့လည်း ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ပုံ ရတယ်။

လောကမှာ တစ်ယောက်တည်းနေ၊ တစ်ယောက်တည်းကြိုးစားပြီး အောင်မြင်နေတဲ့သူ မရှိပါဘူး။ အထောက်အပံ့ကို ဦးစားပေးစေချင်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်ကတော့ ကြိုးစားမှ ရပါတယ်၊ ဒါက နံပါတ်တစ်ဦးစားပေးပါ။ ဒါပေမဲ့ ကိုယ့်ကို အောင်မြင်အောင် ထောက်ပံ့ပေးမဲ့ ပတ်ဝန်းကျင်တစ်ခုကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ အောင်မြင်လိုသူတိုင်း အဲဒီ ပံ့ပိုးပေးမဲ့ပတ်ဝန်းကျင်တစ်ခုကို မဖြစ်မနေ ရှာဖွေထားဖို့ တည်ဆောက်ထားဖို့ လိုပါမယ်။

၆။ စီးပွါးရေးအမြင် ရှိခြင်း

ကြိုက်တဲ့အခပေးရုပ်သံလိုင်းတစ်ခုကို ဖွင့်လိုက်ပါ၊ နာမည်ကျော်မင်းသားတွေရဲ့ ဇာတ်ကားတွေအများကြီး လွှင့်နေတာကို တွေ့ရပါမယ်၊ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဇာတ်ကားတွေ ကြည့်ရဖို့တော့ မလွယ်ပါဘူး။ ဒီလိုပဲ၊ အဆိုတော်ကြီးငယ်တွေရဲ့ ရှိုးပွဲတွေကို တီဗွီကနေ တိုက်ရိုက် Live ကြည့်လို့ရပါတယ်၊ ကိုယ်တိုင်လက်မှတ်ဝယ် ကွင်းထဲအရောက် သွားကြည့်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ စိုင်းစိုင်းShow ကို တိုက်ရိုက်ကြည့်ချင်တယ်၊ အစအဆုံး ခံစားချင်တယ်ဆိုရင်တော့ လက်မှတ်မ၀ယ်ဘဲ နေလို့မရပါဘူး။ တီဗွီကနေတော့ ကြည့်လို့ရကောင်းရမယ်၊ ဒါပေမဲ့ Live မဟုတ်ဘူး၊ ပြီးတော့ အစအဆုံးလည်း မဟုတ်ဘူး။ ရှိုးပွဲပြီးသွားမှ ပြန်လွှင့်တာ၊ အဲ့လိုလွှင့်မယ်ဆိုတာကိုလည်း ရှိုးပွဲမတိုင်ခင် ကြိုပြီးပြောမထားဘူး၊ အဲဒီတော့ ရှိုးပွဲမှာ ပရိသတ်က အပြည့်အလျှံပဲ။ ရုပ်သံတွေကြောင့် ပရိသတ်တွေ အမြင်ရိုးပြီး အခွေမငှားကြတော့ ဇာတ်ကားအရောင်းကျတယ်လို့ တခြားမင်းသားတွေ တခြားထုတ်လုပ်ရေးတွေက ညည်းနေကြပေမဲ့ စိုင်းစိုင်းခမ်းလှိုင် အပြုံးမပျက်ပါဘူး။ တခြားအဆိုတော်တွေလို ရုပ်သံလိုင်းကို ထုတ်လွှင့်ခွင့်ပေးလိုက်လို့ ရှိုးကို ပရိသတ်အလာနည်းသွားတာမျိုးလည်း စိုင်းစိုင်းခမ်းလှိုင် မကြုံရပါဘူး။ ရုပ်သံက လွှင့်လိုက်ခြင်းဟာ ခိုးကူးသမားတွေကို ကူးပြီးဖြန့်ခိုင်းလိုက်တာနဲ့အတူတူပါပဲ။ ကိုယ်တိုင်က အခွေမထုတ်ရသေးဘူး၊ ခိုးကူးက အရင်ပြန့်နှင့်နေတာမျိုးကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သူများနဲ့မတူ တမူကွဲပြားနေတဲ့ ပုံစံတစ်ခုပဲ ဖြစ်ပါတယ်။ Business minded ဖြစ်တယ် ဆိုရပါမယ်။

ခုခေတ်လို အင်တာနက်အသုံးပြုမှု များလာ၊ ဖေ့စ်ဘွတ်က လူနေမှုဘဝမှာ တွင်တွင်ကျယ်ကျယ် ဖြစ်လာတဲ့အချိန်မှာ အဲဒါကို အသုံးပြုပြီး marketing အလုပ်နိုင်ဆုံး celebrity တွေထဲ သူက ထိပ်ဆုံးလောက်မှာ ပါမယ်ထင်ပါတယ်၊၊ ဒါက Public Relation ကောင်းတာကြောင့်လည်း ပါတာပေါ့၊၊

နိုင်ငံတကာက ဘောလုံးသမားတွေပဲကြည့်ကြည့် အဆိုတော်တွေပဲကြည့်ကြည့် အချမ်းသာဆုံးစာရင်းကို ကြည့်လိုက်ရင် ကိုယ့်ပရော်ဖက်ရှင်နယ် အလုပ်တစ်ခုတည်းကိုပဲ ဇောက်ချလုပ်နေတဲ့သူတွေ အရမ်းရှားပါတယ်။ ကိုယ့်ပရော်ဖက်ရှင်နယ်အလုပ်အပြင် စီးပွါးရေးလုပ်ငန်းတွေ တည်ထောင်ထားတာ၊ ဒါမှမဟုတ် ရင်းနှီးမြှပ်နှံထားတာကို တွေ့ရပါမယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာလည်း ဒီလိုပါပဲ။ တေးထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Frenzo production ကို သူထောင်ထားတယ်။ နောက်ပြီး အကယ်ဒမီတွေအများကြီးဆွတ်ခူးခဲ့တဲ့ အာဒမ် ဧ၀ ဒသ ဇာတ်ကားရဲ့ ထုတ်လုပ်သူ Heart n’ Soul မှာလည်း သူရှယ်ယာပါထားတယ်လို့ ဖတ်ရဖူးတယ်။

စီးပွါးရေးပညာရှင်တစ်ဦးက ပြောဖူးပါတယ်။ လူငယ်တွေ ဘာလို့အလုပ်လက်မဲ့ ဖြစ်နေကြလဲဆိုရင် အလုပ်ရှာနေကြလို့ အလုပ်လက်မဲ့ဖြစ်ကြတာပါ တဲ့၊ အလုပ်ပေးနိုင်တဲ့သူဖြစ်အောင်သာ ကြိုးစားရင် ဘယ်တော့မှ အလုပ်လက်မဲ့ မဖြစ်ဘူး တဲ့။ ဟုတ်ပါတယ်၊ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဘယ်တော့မှ အလုပ်လက်မဲ့ မဖြစ်ပါဘူး။ ကိုယ်တိုင်က အလုပ်ရှင်ဖြစ်နေတဲ့အတွက် ကိုယ်ယုံကြည်ရာကို လုပ်လို့ရတယ်၊ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး။ လွတ်လပ်တယ်၊ အနှောင်အဖွဲ့ကင်းတယ်၊ ဘယ်သူ့ဆန်မှ စားမနေတဲ့အတွက် ကိုယ့်အတွက်ကလွဲပြီး ဘယ်သူ့အတွက်မှလည်း ရဲနေစရာမလိုဘူး။ အဆိုတော်တစ်ယောက်အနေနဲ့ နာမည်မရှိတော့ရင်တောင် စီးပွါးရေးလုပ်ငန်းတွေကတော့ သူ့အတွက် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

စီးပွါးရေးနယ်ပယ်မှာ စွန့်ဦးတီထွင် ဆိုတဲ့စကားလုံးက အတော်ခေတ်စားတယ်။ စီးပွါးရေးလုပ်မယ်ဆို စွန့်စားရဲရပါမယ်။ မိုက်ရူးရဲ လုပ်ရမယ် ဆိုလိုတာမဟုတ်ပါဘူး၊ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး စွန့်စားမှုကို လုပ်ရမယ်၊ လောကမှာ မစွန့်ဘဲ ဘာမှစားလို့မရဘူး။ များများစွန့်ရင် များများစားရမယ်၊ နည်းနည်းစွန့်ရင် နည်းနည်းပဲ စားရမယ်။ ဒီစာကို ရေးနေတဲ့ ကျွန်တော်အပါအ၀င် မြန်မာတော်တော်များများက မစွန့်စားရဲဘူး။ ငွေကြေးမပြောနဲ့ အလုပ်တစ်ခုနဲ့တစ်ခု ပြောင်းဖို့တောင် အတော်တွေဝေလေ့ရှိကြတယ်။ မကြိုးစားချင်တာကို လောဘမရှိတာနဲ့ မှားနေကြပြီး ရသမျှနဲ့ တင်းတိမ်နေတတ်ကြတယ်။ ဒီတော့ ၀န်ထမ်းဘ၀နဲ့ပဲ အဆုံးသတ်ကြရတယ်။ စီးပွါးရေးလုပ်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင်တော့ မစွန့်စားလို့မရဘူး။ နောက်တစ်ချက်က ဦးစီးဦးဆောင်ပြုနိုင်ရတယ်။ အဲဒီအတွက် လိုအပ်တာကတော့ ကိုယ်လုပ်မဲ့လုပ်ငန်းမှာ ကိုယ်က ကျွမ်းကျင်နှံ့စပ်နေဖို့ လိုတယ်။ ဒါမှ ဦးစီးဦးဆောင်ပြုနိုင်မှာပါ။ မဟုတ်ရင်တော့ သူများပတ်သမျှ ခံရပါမယ်။ ဆရာဝန်တစ်ယောက်က ဆရာဝန်အလုပ်အပြင် စီးပွါးရေးပါ တွဲလုပ်မယ်ဆိုပါတော့။ ရုပ်ရှင်ထုတ်လုပ်ရေးသွားထောင်တာထက် ဆေးခန်းတစ်ခု ဓါတ်ခွဲခန်းတစ်ခုဆို ပိုပြီးထိထိရောက်ရောက် ဦးစီးနိုင်တာပေါ့၊ သူကျွမ်းကျင်တာကိုး။ စွန့်ဦးတီထွင်မှာ နောက်ဆုံးတစ်ချက်ကတော့ တီထွင်နိုင်ရပါမယ်။ ရခိုင်မုန့်တီ ရောင်းတာချင်းအတူတူ မင်းလမ်းမုန့်တီက သူများတွေလမ်းဘေးထိုင်ရောင်းနေရချိန်မှာ ဆိုင်ခန်းအဆင့်ဆိုတာကို ကျော်လို့ တကယ့်ကို Mega star ဖြစ်နေပြီ။ ဘာလို့လဲ၊ ရိုးရိုးမရောင်းဘဲ ပင်လယ်စာမျိုးစုံနဲ့တွဲဖက်၊ တကယ့်ပင်လယ်ကမ်းခြေရောက်နေသလို ခံစားရအောင် တီထွင်ပြီးရောင်းတာကိုး။ ။

သူ့ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ စိုင်းစိုင်းခမ်းလှိုင်ဟာ သာမန် အဆိုတော်တစ်ယောက် ဆိုတာထက် ပိုတာတော့ အမှန်ပါပဲ။ ဒီအချက်တွေဟာ အဝေးကလှမ်းကြည့်ပြီး ရေးထားတာဖြစ်လို့ လိုနေတာရှိရင်ရှိမယ်၊ ပိုနေတာရှိရင်ရှိမယ်။ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင် ဆိုတဲ့ Brand ကို တန်ဖိုးမြင့် Brand တစ်ခု ဖြစ်လာစေခဲ့တဲ့ အရာတွေဆိုတော့ကာ ကိုယ်ရဲ့ ကိုယ်ပိုင်Brand ကိုလည်း တန်ဖိုးမြင့်လာစေချင်သူတွေအတွက် တစုံတရာ အကျိုးရှိမယ်ထင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၅.၁၁.၂၀၁၄

No comments:

Post a Comment