မန္တလေးတွင် လူသတ်ပြီး ငွေကျပ်သိန်း ၃၈၀ ကျော် ယူဆောင်မှုဖြစ်ပွား
မန္တလေး၊ ဧပြီ ၈
ဘိုဘို မဇ္ဈိမ
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ အကွက်(၅၈၁)၊ ၈၁လမ်းနှင့်၈၂လမ်းကြား၊ လမ်း(၃၀) နှင့် (၃၁)လမ်းကြား စီကေကေ၀င်းရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ဧပြီ ၈ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က ငွေလွှဲဟန်ဆောင်ကာ လူသတ်ပြီး ငွေကျပ်သိန်း ၃၈၀ ကျော် ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စီကေကေဝင်းအတွင်းရှိ အမှတ်(၁/၃၇၉)နေ မန္တလေး-ဟိုပင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်သော ဒေါ်မြင့်ရင်(၆၀)နှစ်၏ နေအိမ်တွင် ၎င်းတစ်ဦးတည်းရှိနေစဉ် အမည်မသိ(စုံစမ်းဆဲ)မှ ငွေလွှဲထုတ်ဟန်ဆောင်ရောက်ရှိပြီး ဒေါ်မြင့်ရင်အား သတ်ကာ ရေချိုခန်း နှင့် မီးဖိုခန်းအတွင်းတရွတ်တိုက်ဆွဲကာ တံခါးပိတ်၍ ခုံဖြင့် ကာထားခဲ့ပြီး စားပွဲအတွင်းရှိ ကျပ်သိန်း၃၈၀ခန့်ယူဆာင်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
လူသတ်မှုဖြစ်စဉ်သတင်းရလျှင်ရခြင်း မန္တလေးခရိုင်ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်၊ ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ ချမ်းအေးသာစံမြို့မရဲစခန်းမှူး ဒုရဲမှူးခင် မောင်သိန်း နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ မှုခင်းတပ်ဖွဲ့ခွဲ့၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများ လာရောက်ပြီး မြေပုံကြမ်းရေးဆွဲခြင်း၊ သဲလွန်စပစ္စည်းများသိမ်းဆည်းခြင်း၊ လက်ဗွေရာများရယူခြင်း၊ ပတ်ဝန်းကျင်စုံစမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မှုခင်းဖြစ်ပွားသော စီကေကေဝင်းသည် လူသွားလာမှုနည်းပါးပြီး အများစုသည် သီခြားစီနေထိုင်ကြတတ်သော နေရာတစ်ခုဖြစ်သည်။
အဆိုပါ လူသတ်၊ ပစ္စည်းရယူမှုအား အမှတ်(၈)မြို့မရဲစခန်းက(ပ)၁၃၀/၂၀၁၇ဖြင့် အမှုဖွင့်၍ လူသတ်တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mizzima
No comments:
Post a Comment