Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

ပညာရေးစနစ် အပေါ်ယံ ပြောင်းနေသလော


 
ပညာရေးစနစ် အပေါ်ယံ ပြောင်းနေသလော

စာမေးပွဲ အောင်စာရင်းအစား အတန်းကူးပြောင်းမှုစာရင်းဟု အမည်ပြောင်းလဲ ခေါ်ဝေါ်တော့မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ တာဝန်ရှိသူများက ပြောဆိုခဲ့ရာ ပြီးခဲ့သည့်လပိုင်း အတွင်းက သံလွင်မြစ်ကူးတံတား အမည်ပေးရေးကိစ္စ အပါအဝင် အစိုးရအနေနှင့် အပေါ်ယ ပြုပြင်ပြောင်းလဲမှုများသာ လုပ်ဆောင်နေကြောင်း ဝေဖန်မှုများက ထပ်ကြပ်မကွာ ပေါ်ထွက်ခဲ့သည်။ ယခုထပ်မံဝေဖန်ခံနေရသော အတန်းကူးပြောင်းမှုစာရင်းအဖြစ် အမည်ပြောင်းမှုနှင့် ပတ်သက်၍ နိုင်ငံရေး၊ ပညာရေးနယ်ပယ်တို့တွင် နှံ့စပ်သည့် အောက်ပါပုဂ္ဂိုလ်များ၏ သဘောထားအမြင်များကို The Voice က ဆက်သွယ် မေးမြန်းထားပါသည်။ 

ဦးသိန်းညွန့် 
(ဝါရင့်နိုင်ငံရေးသမား၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)

အရေးကြီးဆုံးကတော့လေ ကျွန်တော့်အမြင် ပြောရရင် အမျိုးသားပညာရေး ဥပဒေ၊ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ဒီဥပဒေတွေကို  ပြဋ္ဌာန်းထားတဲ့အခါမှာ ဒီဥပဒေနဲ့ ပတ်သက်တဲ့ အကောင်အထည်ဖော်မှုပေါ့။ ဘယ်လောက်လုပ်လာတယ်ဆိုတဲ့ဟာက အဓိကပါ။ အခုဟာကတော့ ဒါ  ဘာပြောပြောပေါ့၊ အရင်အစိုးရလက်ထက် ကတည်းကလည်း အတန်းပညာရေးစနစ်ကို ပြောင်းပေးပြီးသားပဲလေ၊ လေးတန်းနဲ့ ရှစ်တန်းကျမှသာလျှင် စာမေးပွဲစနစ်ကို ပြန်ဆန်းစစ်တဲ့ အခြေအနေပေါ့၊ အဲဒီတော့ အမျိုးသားပညာရေး ဥပဒေမှာ ဖော်ပြထားတဲ့ အခြေခံပညာရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေက အဓိကကျတဲ့ အပိုင်းတွေကို ဘယ်လောက်လုပ်တယ် ဆိုတာကပဲ အရေးကြီးပါတယ်။

အခုဟာကတော့ဗျာ၊ ပညာရေးတင် မဟုတ်ပါဘူး။ ဒါကတော့ ကျွန်တော်တို့ ပြောတာက အချက်အလက်အပေါ်မှာ အခြေခံပြီး ပြောတာပါ။ အခုဟာကတော့ သာမန်ပေါ့။ ဆိုင်းဘုတ်ပြောင်းတာတွေ၊ ဝေါဟာရ ပြောင်းတာတွေ အပေါ်မှာပဲ အချိန်ကုန်နေတာကိုး။ အဓိကဟာတွေကျတော့ နောက်တန်းပို့ခံရတာကိုး။ အဲဒီတော့ ပညာရေးနဲ့ ပတ်သက်ပြီး တကယ်ပြောမယ်ဆိုရင် လုပ်ရမှာက မူလတန်းပညာအဆင့်မှာ တကယ်ထူးချွန်တဲ့ ဆရာတွေ ဘယ်လောက် ကျွန်တော်တို့ မွေးထုတ်နိုင်ပြီလဲ။ နောက် ကျွန်တော်တို့ အာဆီယံနိုင်ငံတွေနဲ့ပဲ ယှဉ်ကြည့်၊ ဆရာတစ်ယောက်ဟာ ကျောင်းသားဘယ်လောက်ကို ကိုင်နေရပြီလဲ။ 

မြို့ပြတွေမှာဆိုရင် တော်တော်များများ ကျောင်းသားဦးရေနဲ့ ဆရာဦးရေ၊ တော်တော်ကို  မထိန်းနိုင်တဲ့အထိ ကိုင်တွယ်နေရတာ။ အဲဒီလိုပဲ တကယ့်ကျေးလက်ဒေသတွေမှာ သွားရောက်ပြီးတော့  စွန့်စွန့်စားစားနဲ့ လုပ်နေတဲ့ ဆရာ၊ ဆရာမလေးတွေနဲ့ ပတ်သက်ရင်ရော ကျွန်တော်တို့က သူတို့အတွက် ဘယ်လောက်အထိ သူတို့အတွက် ဘဝမြင့်တက်အောင် အကာအကွယ်ပေးနိုင်ပြီလဲ၊ လုပ်နိုင်ပြီလဲ၊ သူတို့ကို အဆင့်မြှင့်တင်နိုင်ပြီလဲ၊ အဲဒါတွေက အခြေခံ စဉ်းစားရမယ့် အချက်တွေ။ အခုဟာကတော့ အားလုံးသိတဲ့ အတိုင်းဗျာ တကယ့်ပြဿနာရဲ့ အရင်းအမြစ်တွေကို အဖြေမရှာဘဲနဲ့ စကားလုံးတွေနဲ့ အလှအပ တန်ဆာဆင်ပြီးတော့ ပြောနေတာတွေ၊ ခုနကလိုပေါ့ အမည်ပြောင်းတာမျိုးတွေကို အဓိကထားပြီး လုပ်နေတာတွေကတော့ ရေရှည်မှာ၊ ဒါအားလုံးလည်း မြင်နေပါပြီ။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ  အနှစ်သာရ မပါဘဲနဲ့ အပေါ်ယံပြောင်းလဲမှုတွေ ဆိုတာ တစ်နေ့ထက်တစ်နေ့ပိုပြီးတော့ ရုပ်လုံးပေါ်လာပြီလို့ပဲ ပြောပါရစေ။

ဒေါက်တာ ညိုညိုသင်း 
(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် - NNER အဖွဲ့ဝင်)

အန်တီတို့ကတော့လေ စစ်မှန်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုကို လိုချင်တာလေ။ အဲဒီလိုပဲ နာမည်ပြောင်းတာလောက်ပဲ ဖြစ်စေချင်တာ မဟုတ်ဘူးလေ။ အဲဒီတော့ နာမည်ပြောင်းတဲ့ အနောက်မှာ တကယ့်အနှစ်သာရ ပြောင်းလဲမှုမျိုးကို ဖြစ်စေချင်တာလေ။ တကယ့်ကို ပညာရေးမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ အနေနဲ့က ပညာရေးစနစ်ကို အနှစ်သာရ ပြောင်းလဲဖို့  ကြိုးစားဖို့ လိုတာပေါ့။ 

စာမေးပွဲစနစ် ပြောင်းဖို့ကြိုးစားတာတော့ ဒါ အမှန်ပါပဲ။ ဒါပေမဲ့ စာမေးပွဲစနစ် ပြောင်းတာနဲ့ မလုံလောက်ဘူး။ ဆရာ၊ ဆရာမတွေအပေါ်မှာ အရည်အသွေး မြှင့်တင်တဲ့ ကိစ္စတွေကိုပါ လုပ်ရမယ်။ လူတွေအပေါ်မှာလည်း ရင်းနှီးမြှုပ်နှံရမယ်။ စနစ်ကို ပြောင်းရုံနဲ့ မလုံလောက်ဘူး။ စနစ်ကို မောင်းနှင်နေတဲ့ ဆရာ၊  ဆရာမတွေပိုင်းမှာ အရည်အသွေးမြှင့်တင်ရေးဘက်ကိုလည်း ပြောင်းလဲရမယ်။ အဲဒီဘက်ကိုလည်း အများကြီး ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ရမယ်။ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမှာ ထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမယ်။ 

နောက်ပြီးတော့ အရေးကြီးဆုံးက ဘာလဲဆိုတဲ့ အခါကျတော့ အခုလို စာမေးပွဲစနစ်ကို ပြောင်းလဲချင်တဲ့ နေရာမှာ ပညာရေး စီမံခန့်ခွဲခွင့်ကို ဗဟိုက ချုပ်ကိုင်ထားတာကို လျှော့ချပေးရမယ်။ ပညာရေးစနစ်မှာ ပါဝင်တဲ့ ပညာရှင်တွေက လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရရမယ်ပေါ့။ အဲဒီလို ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ပညာရှင်တွေက မရတဲ့သမျှ ကာလပတ်လုံး စာမေးပွဲစနစ် ပြောင်းရုံနဲ့တော့ မလုံလောက်ဘူးပေါ့။ အနှစ်သာရပိုင်းအရ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်သင့်တယ်ပေါ့။ မူဝါဒပိုင်းဆိုင်ရာမှာ တကယ့်ကို ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ပြောင်းလဲမှုတွေ ဖြစ်ရမယ်ပေါ့။ ဗဟိုဦးစီးချုပ်ကိုင်မှုတွေကို လျှော့ချပေးရမယ်။

ဦးကိုလေးဝင်း 
(ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်)

အပေါ်ယံပြောင်းလဲမှု ဆိုတာ အခုလောလောဆယ် အနေအထားအရ အတန်းအောင်စာရင်း ဆိုတာနဲ့  အတန်းကူးပြောင်း ဆိုတာကို ပြောင်းတယ်။ ပြောင်းတယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ အရင်တုန်းကဆိုရင် စာမေးပွဲစနစ်ကို အခြေပြုပြီးတော့ စာမေးပွဲ အအောင်အရှုံးနဲ့ သွားတာလေ။ အခုက သူက အခန်းဆုံး စစ်ဆေးခြင်း၊ နှစ်ဝက်ဆုံး စစ်ဆေးခြင်း၊ ပြီးတော့မှ နှစ်ဆုံးစစ်ဆေးခြင်း၊ ပြီးတော့မှ CPR (Comprehensive Personal Record) ဆိုတာ၊ အဲဒါတွေနဲ့ အဲဒီလေးမျိုးနဲ့ သူက အတန်းတက် မတက် ဆိုတာကို ဆုံးဖြတ်တာလေ။ ဒါပေမဲ့ အဲဒါကလည်း အခုမှ  ဆုံးဖြတ်တာ မဟုတ်ဘူး။ အရင်တုန်းကလည်း ၁၉၉၈ ကတည်းက လုပ်ခဲ့တာ။ ဒါပေမဲ့ ရှေ့ပိုင်းမှာ CPR ကို သိပ်ပြီးတော့ မသုံးခဲ့ဘူးပေါ့။ အခုမှ CPR ကို ပြန်သုံးပြီးတော့၊ အမှန်ကတော့ ဒီလိုပါပဲ အောင်စာရင်း ဆိုတာနဲ့ အတန်းကူးပြောင်းခြင်း ဆိုတာ ဘာမှမထူးဘူး၊ အတူတူပဲ။ အတန်းတက်မယ့် သူတွေရဲ့ စာရင်းကို ထုတ်ပြန်တာပဲလေ။ အတူတူပဲလေ၊ အောင်စာရင်းလို့ပဲခေါ်ခေါ်၊ အတန်းကူးပြောင်းမှုလို့ပဲ ခေါ်ခေါ်လေ။

အခုလောလောဆယ် အနေအထားအရ ပြောင်းတာက Grade တို့ ဘာတို့ကို ပြောင်းလိုက်ပြီ။  ဒါအပေါ်ယံလေးပြောင်းတာ မဟုတ်ဘူး။ ဒါတွေက လိုလို့ ပြောင်းနေတာ။ အခုစနစ်က ၂၀၁၆ ကနေ စပြီးတော့မှ သင်ရိုးသစ်တွေ ပြောင်းနေပြီလေ။ ၂၀၁၆ သူငယ်တန်းသင်ရိုး ပြောင်းပြီးသွားပြီ။ ဒီနှစ် ပထမတန်း သင်ရိုးသစ် သွားနေပြီ။ ပထမတန်းသင်ရိုး သစ်သွားနေပြီဆိုရင် လာမယ့်နှစ်ကျရင် ဒုတိယတန်း  သင်ရိုးသစ်သွားမယ်။ သင်ရိုးတွေက မတူတော့ဘူး၊  အရင်တုန်းကနဲ့။ 
အခု သင်ရိုးသစ် စာအုပ်တွေကို ကြည့်လိုက်ရင် အများကြီးကွာတယ်။ လူတွေကတော့ ပြောမှာပေါ့။ မသိတဲ့သူတွေက ဒါအပေါ်ယံပဲ ပြောင်းနေတယ်လို့။ အပေါ်ယံပြောင်းတယ် ပြောပြော၊ ဘယ်လိုပဲပြောင်းတယ် ပြောပြောလေ၊ လောလောဆယ် အနေအထား အရဆိုရင်တော့ စနစ်တစ်ခုကို ပြောင်းတယ်ဆိုတာ ခဏလေး လွယ်လွယ်လေးနဲ့ ဒီနေ့ မနက်ဖြန် အဲဒီလိုပြောင်းလို့ မရဘူး။ 

အဲဒီတော့ စနစ်တကျပြောင်းဖို့ လုပ်နေတယ်။ လုပ်နေတော့ အခုဒီနှစ်မှာ Grade 1 အသစ်စမှာပေါ့။ ပထမတန်း စာအုပ်သစ်၊ နောက်နှစ်ဆို ဒုတိယတန်း စာအုပ်အသစ်၊ ဒါကနေပြီးတော့ ၂၀၂၂-၂၃ မှာ ၁၂ တန်းအထိ ပြောင်းဖို့အတွက် အစီအစဉ်တွေက လုပ်ပြီးသား။ အကုန်လုံးက စီစဉ်ပြီးသားပဲ။ 

အဲဒီသင်ရိုးသစ်တွေ ပြောင်းတာနဲ့အတူ Assessment System (အကဲဖြတ်မှုပုံစံ) ကလည်း  ပြောင်းလိမ့်မယ်။ ပြောင်းတယ်ဆိုတာ နဂိုစာမေးပွဲစနစ်ကို ပြန်သွားဖို့ကတော့ မမျှော်မှန်းနဲ့။ သွားမှာ မဟုတ်ဘူး။ တချို့က ပြောနေတာပေါ့၊ စာမေးပွဲမရှိလို့ ကလေးတွေ ညံ့တယ်၊ ဘာညာ ပြောချင်ပြောလိမ့်မယ်။ အဲဒီတော့ ခုနက ပြောသလိုပေါ့၊ အရင်တုန်းက အရည်အသွေးမရှိဘဲ ကလေးတွေကို အတန်းတင်ပေးလို့။ အမှန်ကတော့ လိုတာ ဆရာတွေ လိုတာလေ။  ဆရာတွေလိုတယ် ဆိုတာက သူက တတ်အောင်သင်ပြီးတော့ အတန်းတင်ပေးရမှာ။ တတ်အောင်မသင်ဘဲ  အတန်းတင်ပေးရင် ကလေးတွေ ဘဝပျက်တာပေါ့။

အောင်မျိုးထက်

The Voice
http://thevoicemyanmar.com/relax/7848-pny

No comments:

Post a Comment