Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 18, 2017

အသက် ၇၀ အရွယ်တွင် ကလေး ၅၄ ယောက်ဖခင်ဖြစ်နေခဲ့သည့် အဖိုးအို

 
အသက် ၇၀ အရွယ်တွင် ကလေး ၅၄ ယောက်ဖခင်ဖြစ်နေခဲ့သည့် အဖိုးအို
Tuesday, April 18, 2017
  
ပါကစ္စတန်နိုင်ငံမှ အသက် ၇၀ အရွယ် အဖိုးအိုတဦးဟာ ဇနီးမယား ၆ ဦး ရှိခဲ့ပြီး လက်ရှိမှာတော့ ကလေး ၅၄ ယောက်ဖခင် ဖြစ်နေခဲ့ပါတယ်။

အဖိုးအို အဗ္ဗဒူလ် မန်ဂဲလ်ဟာ ပါကစ္စတန်နိုင်ငံအနောက်ပိုင်း၊ ကက်တာမြို့မှာ နေထိုင်ပြီး တသက်တာလုံး ကုန်တင်ထရပ်ကားမောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော့် ငယ်ဘဝနေ့ရက်တွေကတော့ အားကလည်းသန်တယ်လေ။ နေ့တိုင်း လိင်ဆက်ဆံတာပဲ။ ဒါပေမယ့် ကျနော့်ကလေးတချို့လည်း သေဆုံးခဲ့တယ်။ ကျနော် အလုပ်ကို ကြိုးစားလုပ်တယ်။ သားအကြီးတွေကို ကျောင်းပညာရေးကောင်းအောင် ထောက်ပံ့ပေးခဲ့တယ်။ ခုချိန်မှာတော့ ကျနော်လည်း အိုလာပြီး ဒါတွေကို လက်လွှတ်ခဲ့ပါပြီ။”

အဖိုးအို အဗ္ဗဒူလ်ဟာ သူ့အသက် ၁၈ နှစ်အရွယ်မှာ ပထမဆုံး အိမ်ထောင်ကျခဲ့တာဖြစ်ပြီး နောက်ထပ်ဇနီးမယား ၅ ယောက်ကို လက်ထပ်ယူခဲ့တာ ဖြစ်ပါတယ်။

သူတို့အားလုံးဟာ တအိမ်တည်းမှာ အတူနေထိုင်ကြကာ လက်ရှိမှာတော့ ဇနီးမယား ၂ ဦးနဲ့ ကလေး ၁၂ ဦး သေဆုံးခဲ့ပြီး သား ၂၂ ဦးနဲ့ သမီး အယောက် ၂၀ ရှိနေတာပါ။

အဖိုးအို အဗ္ဗဒူလ်ဟာ ကုန်တင်ကားမောင်းတာကနေ လစဉ်ဝင်ငွေ ရူပီး ၁ သောင်းခွဲ ရရှိပေမယ့် သူ့ရဲ့ အိမ်အသုံးစရိတ်ကတော့ ရူပီးငွေ ၂ သောင်းခွဲ ရှိနေခဲ့တာပါ။

“ကျနော့်မှာ ပိုက်ဆံမရှိတဲ့အတွက် ကလေးတွေဟာ နို့နဲ့ အာဟာရ အလုံအလောက် မရခဲ့ဘဲ သေဆုံးခဲ့ကြရပါတယ်။ 

ကျနော့်ဇနီးတယောက်ကတော့ သူ့ကလေးဘေးမှာပဲ သေသွားခဲ့ရတာ။ သူဖျားတုန်းက ကျနော့်မှာ ငွေမရှိတော့ အကူအညီလည်းမရှိဖြစ်ပြီး သေဆုံးသွားခဲ့ရတယ်” လို့ သူက ပြောပြပါတယ်။

လက်ရှိမှာတော့ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သူ့ရဲ့ သားကြီးဖြစ်သူ အဗ္ဗဒူလ် ဘာရီ မန်ဂဲလ်က ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး ကားမောင်းကာ အိမ်ကို အလုပ်အကျွေးပြုနေတာပါ။

သူတို့နေထိုင်တဲ့အိမ်မှာ အခန်း ၇ ခန်းပါဝင်ပြီး ကလေးတွေကတော့ သူတို့နဲ့သက်ဆိုင်ရာ မိခင်တွေနဲ့အတူ အိပ်စက်ကြရတယ်လို့ ဆိုပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ထုံးတမ်းစဉ်လာအရ အမျိုးသားတွေဟာ ဇနီးမယား ၄ ဦးအထိ တရားဝင်ယူခွင့် ရှိနေတာပါ။

အဖိုးအို အဗ္ဗဒူလ်ရဲ့ ကလေး ၄၂ ဦးထဲမှာ အသက်အငယ်ဆုံးဟာ ၂ နှစ် အရွယ်ရှိတဲ့ မိန်းကလေးတဦးဖြစ်ပြီး အများစုဟာ ၁၀ နှစ်အောက်တွေ ဖြစ်ကြပါတယ်။

“ကျနော်တို့ များသောအားဖြင့် ကုလားပဲ၊ ရုံးပတီသီးနဲ့အသီးအရွက်တွေကို စားပြီး အသက်ရှင်နေထိုင်ကြပါတယ်။ တချို့အရာတွေကိုတော့ စီမံမှု လုပ်နေရပါတယ်။ အဝတ်အစားကောင်းတွေက ဈေးကြီးလွန်းတော့  အဝတ်အစားတွေကို ချိုးခြံပြီး နေထိုင်ကြရတယ်။”

အဖိုးအို အဗ္ဗဒူလ်ဟာ အသက်အရွယ်ကြီးလာပေမယ့် ငွေကြေးဆိုင်ရာ အကူအညီ တောင်းခံဖို့ကိုတော့ မလုပ်ချင်ခဲ့ပါဘူး။

သူ့ရဲ့ ငွေကြေးမပြည့်စုံမှုကြောင့် ကလေး ၁၀ ဦးလောက်ကို ကျောင်းမထားနိုင်ဘူးလို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ခန့်မှန်းလူဦးရေဟာ လက်ရှိမှာတော့ ၁၉၄ ဒသမ ၉ သန်းရှိနေပြီး အရှေ့တောင်အာရှဒေသတွင်းမှာတော့ မွေးဖွားနှုန်း အမြင့်ဆုံး ဖြစ်နေခဲ့တာပါ။

DVB
   

No comments:

Post a Comment