Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 5, 2017

ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီး ၀င်္ဂဘော်ဆင်စခန်းရှိ အမိမဲ့ ဆင်မလေးသုံးကောင် ဆက်လက် ရှင်သန်ရန် နွားနို့တိုက်ကျွေးနေရ

 
ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီး ၀င်္ဂဘော်ဆင်စခန်းရှိ အမိမဲ့ ဆင်မလေးသုံးကောင် ဆက်လက် ရှင်သန်ရန် နွားနို့တိုက်ကျွေးနေရ


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်ကွာဝေးပြီး ဘုရားကြီးမြို့မှ အနောက်ဘက် လေးမိုင်ခန့် ကွာဝေးသော ဘုရားကြီး-ဘောနက်ကြီးလမ်းပေါ်ရှိ ၀င်္ဂဘော် ဆင်ထိန်းသိမ်းရေးနှင့် ပြသရေးစခန်းရှိ ဆင် ၁၃ ကောင်တွင် အမိမဲ့ ဆင်မလေး သုံးကောင်ပါဝင်ပြီး ဆက်လက် ရှင်သန်နိုင်ရေးအတွက် နွားနို့တိုက်နေရပြီး အထောက်အပံ့များ လိုအပ်နေကြောင်း သိရသည်။

ဝင်္ဂဘော်ဆင်စခန်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စဖွင့်ချိန်တွင် ဆင်ကြီးခြောက်ကောင်နှင့် ဆင်ပေါက်လေး နှစ်ကောင်သာ ရှိခဲ့ပြီး ယခုအခါ ဆင်ကြီးခြောက်ကောင်နှင့် အသေးခုနစ်ကောင် စုစုပေါင်း ၁၃ ကောင် ရှိနေပြီး ဧရာဝတီတိုင်း ကြုံဖူးချောင်းအတွင်းမှ ရရှိသော ဆင်မလေး ဧရာမေ၊ နေပြည်တော်မှ ရောက်လာသော ဆင်မလေး ယုယုဌေး ဧရာဝတီတိုင်း ငရုတ်ကောင်းကျေးရွာမှ ရရှိသော ဆင်မလေးမေရီတို့မှာ လသားအရွယ် အမိမဲ့ ဆင်မလေးများဖြစ်ကြောင်း သိရသည်။

“ဆင်မလေးမေရီက ဧရာဝတီတိုင်း ငရုတ်ကောင်းကျေးရွာမှာ နွားအုပ်ထဲရောပြီး ပါလာတာ။ နွားပိုင်ရှင်က မြန်မာ့သစ်တောကိုအပ်တော့ ကျွန်တော်တို့ဆီ ရောက်လာတာ။ သူ့အမေကို ဆင်မုဆိုးတွေသတ်ပြီး အရေခွံ ယူသွားတယ်လို့ သိရတယ်။ ခရစ်စမတ်နေ့မှာရလို့ မေရီလို့ မှည့်ထားတာ။ ဆင်မလေး ဧရာမေက ဧရာဝတီတိုင်း ကြုံဖူးချောင်းထဲက လယ်သမား လင်မယားကရပြီး မစောင့်ရှောက်နိုင်လို့ ဆင်စခန်းကို ရောက်လာတာပါ။ ဆင်မလေး ယုယုဌေးကတော့ နေပြည်တော်က သူ့အမေဆင်မကြီးက ၀မ်းရောဂါနဲ့ သေသွားလို့ ဒီမှာထိန်းထားတာ။ လသားအရွယ်ဆိုတော့ နွားနို့ပဲတိုက်နေရတယ်။ ၀င်္ဂဘော် ဆင်စခန်းကတော့ ထိန်းသိမ်းရေးနဲ့ လာရောက် လေ့လာသူတွေကို ဧည့်ခံဖျော်ဖြေမှုတွေကို ပြုလုပ်ပေးပါတယ်။ နံနက် ၆ နာရီမှ ၇ နာရီကို ဆင်သန့်ရှင်းရေးလုပ်တယ်။ ၇ နာရီမှ ၈ နာရီထိ ဆင်တွေကိုရေချတယ်။ ၈ နာရီ နောက်ပိုင်း ၁၁ နာရီအထိ ဆင်စီးချိန်ပေးထားတယ်။ တစ်ခါစီးရင်တော့ ပြည်တွင်းကသူတွေကို ၅၀၀၀ ကျပ်နဲ့ နိုင်ငံခြားသားတွေကိုတော့၂၀၀၀၀ ကျပ် ကောက်ပါတယ်။ မိနစ် ၂၀ လောက် ခွင့်ပြုပေးပါတယ်။ သင်္ကြန်အတွင်းမှာတော့ ပိတ်ဖို့အစီအစဉ် ရှိပါတယ်။ သင်္ကြန်ပြန်ပြီးဖွင့်ရင်တော့ ဆင်စီးခွင့်ကို ခွင့်မပြုတော့ဘူး။ အရမ်းပူပြီး ဆင်တွေပင်ပန်းလို့ မိုးဦးကျမှပဲ ပြန်ပြီးခွင့်ပြုပါမယ်” ဟု ဆင်စခန်းတာဝန်ခံ တစ်ဦးက ပြောကြားသည်။

ထို့ပြင် တောဆင်ရိုင်းများ လူနေအိမ်များနှင့် နီးကပ်စွာ ရောက်လာရခြင်းနှင့် ပတ်သက်၍လည်း “သူတို့အစာတွေက နတ်မြားလို့ခေါ်တဲ့ ထမစိုင်းပင်၊ နယားမြက်ပင် ကျူပင်လို အာဟာရပြည့်တဲ့ အပင်တွေကို သူတို့ကြိုက်တယ်ဗျ။ အခုလို စပါးပေါ်ချိန်ဆိုလည်း သူတို့ရောက်လာတတ်တယ်။ အဓိကကတော့ သူတို့နေတဲ့တောတွေကို လူတွေကလုတော့ လူတွေနေတဲ့ဆီကို သူတို့ရောက်လာတာပါ။ လူတွေကို ရန်ပြုဖို့ လာတာမဟုတ်ပါဘူး” ဟု ပြောကြားသည်။

ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေးနှင့် ပြသရေးစခန်းသည် တဖြည်းဖြည်း လူသိများလာပြီး စဖွင့်ချိန်တွင် တစ်ပတ်အတွင်း လာရောက် လည်ပတ်သူ ၄၀ မှ ၅၀ အတွင်း ရှိသော်လည်း ယခုအခါ လာရောက်လည်ပတ်သူ တစ်ပတ်လျှင် ပျမ်းမျှ ၄၀၀ ခန့် ရှိကြောင်း သိရသည်။

Writer: 
မောင်အေး (ပဲခူး)
Eleven Media Group

No comments:

Post a Comment