Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 18, 2017

သံမဏိနှင်းဆီ ထုတ်ဝေသူသေဆုံးမှု စစ်ဆေးတွေ့ရှိချက် ဒုရဲမှုးပြောပြီ

 
သံမဏိနှင်းဆီ ထုတ်ဝေသူသေဆုံးမှု စစ်ဆေးတွေ့ရှိချက် ဒုရဲမှုးပြောပြီ 
 
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း လုပ်ကြံ သတ်ဖြတ်ခံထားရတာကို ပုဇွန်တောင်မြို့နယ်အတွင်းက သူ့ရဲ့ အလုပ်တိုက်ခန်းမှာ တွေ့ရှိခဲ့ရကြောင်း ပုဇွန်တောင်မြို့နယ် စခန်းမှူး ဒုရဲမှူး ယဉ်ထွေးက ပြောပါတယ်။ 

ပုဇွန်တောင်မြို့နယ်အတွင်းက သူ့ရဲ့ အလုပ်တိုက်ခန်းကနေ အပုတ်နံ့ ထွက်လာတဲ့အတွက် ဘေးချင်းကပ်လျက် အခန်းက လူက မိဘတွေထံ အကြောင်းကြားခဲ့တာမှာ မိဘတွေကို သက်ဆိုင်ရာ ရဲစခန်းက တာဝန်ရှိသူတွေနဲ့အတူ သူ့အခန်းကို ရောက်သွားတဲ့အချိန်မှာတော့ အပြင်ကနေ အခန်းကို သော့ခတ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အခန်းသော့ဖွင့်ပြီး ၀င်ရောက် စစ်ဆေးတဲ့အခါမှာ ၀မ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာ ၁၅ ချက်နဲ့ သံမဏီနှင်းဆီ ဂျာနယ် ထုတ်ဝေသူ အသက် (၂၇) နှစ်အရွယ် ကိုဝေယံဟိန်း သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။

“ကျနော်တို့ ပုဇွန်တောင်မြို့နယ် ၂ ရပ်ကွက် ၊ ဗိုလ်တထောင် ဈေးလမ်းပေါ့နော် ၊ တိုက်အမှတ် ၂၀၈ (A) ပေါ့နော် သံမဏိနှင်းဆီ အလုပ်တိုက်ခန်းကပဲ အခန်းထဲမှာပဲ အသတ်ခံရတာပေါ့နော်။ သူသေဆုံးတာက အခန်းထဲက ကုလားထောင်လေးပေါ်မှာပဲ ပက်လက်အနေအထားလေးနဲ့ ထိုးသွင်းဒဏ်ရာနဲ့ပေါ့နော် ၊ အဲဒါလေးနဲ့ သေဆုံးနေတာ ကျနော်တို့ကတော့ ရောက်တဲ့အချိန်ကျတော့ နည်းနည်းတော့ အနံ့ရနေပြီပေါ့နော် ကျနော်တို့ကတော့ ၁၆ ရက်နေ့ ၈နာရီ ၄၀ လောက်ကရောက်တာပေါ့နော် ၊ ခန့်မှန်းတာကတော့ အနံ့ရပြီဆိုရင်တော့ ကျနော်တို့ ခန့်မှန်းတာကတော့ အနည်းဆုံး ၄၈ နာရီအဲလောက်ကြာပြီလို့တော့ ခန့်မှန်းလို့ရတာပေါ့နော် ၊ ဒါကတော့ ကျနော်တို့ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုအပိုင်းပေါ့နော် ကျနော်တို့ရဲတွေကတော့ အကြမ်းဖျင်းခန့်မှန်း တာပါခင်ဗျ။”

အခုချိန်မှာ ဒီအမှုကို သက်ဆိုင်ရာ နယ်မြေအပိုင် ရဲစခန်းအပြင် တခြား ဌာနအသီးသီးကပါ စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး အဲဒီ လုပ်ငန်းတွေ ပြီးဆုံးတဲ့အခါမှာ သတင်း ထုတ်ပြန်ပေးသွားမယ်လို့ စခန်းမှူး ဒုရဲမှူး ယဉ်ထွေးက ပြောပါတယ်။

“ကျနော်တို့ ဒီဟာကို အတတ်နိုင်ဆုံးတော့ စခန်းတွေ့၊ မြို့နယ်တွေရော တိုင်းတွေရောပူးပေါင်းပြီးတော့ အားကြိုးမန်တက်တော့ ဆောင်ရွက်နေပါတယ်ခင်ဗျ ။ အခုက စစ်ဆေးနေစဲကာလဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ကျနော်တို့ စစ်ပြီးသွားရင်တော့ ပြန်လည်ရှင်း ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။”

လောလောဆယ်မှာတော့ အလောင်းကို ရင်ခွဲ စစ်ဆေးဖို့ ဆေးရုံကြီးကို ပို့ထားတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူဟာ သံမဏိနှင်းဆီ ဂျာနယ်ရဲ့ ထုတ်ဝေသူဖြစ်တဲ့အပြင် အယ်ဒီတာ တာဝန်ကိုပါ ပူးတွဲ ယူထားတဲ့အတွက် ဒီအမှုအပေါ် သတင်းမီဒီယာလောက လူတွေအပြင် လူအတော်များများက စိတ်ဝင်စားနေကြတာပါ။ ကိုဝေယံဟိန်းဟာ သံမဏိနှင်းဆီ ဂျာနယ်ရဲ့ ထုတ်ဝေအဖြစ် လွန်ခဲ့တဲ့ တနှစ်လောက်ကစပြီး တာဝန်ယူခဲ့တာလို့ ဆိုပါတယ်။

Source: VOA

No comments:

Post a Comment