ဗမာပြည်ရဲ့ ကရိုင်းမီးယား ဆိုသည်မှာ…

 
ဗမာပြည်ရဲ့ ကရိုင်းမီးယား ဆိုသည်မှာ…

ဗမာပြည်မြောက်ပိုင်းမှာ စစ်ပွဲတွေ ပေါက်ကွဲလာပြီးနောက်မှာ၊ အထူးသဖြင့် ကိုးကန့်စစ်ပွဲ အပြင်းအထန် ဖြစ်လာပြီးနောက်မှာ ကိုးကန့်ဒေသ၊ ကချင်ဒေသ၊ ဝ ဒေသတွေဟာ ယူကရိန်းနိုင်ငံထဲက ရုရှားတွေ ဖဲ့ယူ သွားတဲ့ ကရိုင်းမီးယားဒေသလို ဖြစ်လာတော့မယ်ဆိုပြီး မင်းအောင်လှိုင်စစ်တပ်လော်ဘီတွေရော၊ တခြား ဒီမိုအရေခြုံဆရာကြီးတွေကရော သုံးသပ်ချက်တွေ အော်ချက်တွေ ထုတ်လာကြတာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ကို ကရိုင်းမီးယားအကြောင်းမေးရင်တော့ ဘာမှရေရေရာရာခြေခြေမြစ်မြစ် ပြောနိုင်တာမတွေ့ရဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်အရေးကို မှေးမှိန်အောင် အာရုံလွှဲနေတာ ဖြစ်တယ်။

ဒါကြောင့် ကရိုင်းမီးယား နောက်ခံသမိုင်းကြောင်းနဲ့ ဗမာပြည်က ကိုးကန့် ဝ ကချင် နောက်ခံသမိုင်းကြောင်း တွေကို သေချာလေ့လာဆန်းစစ်ပြီး နှိုင်းယှဉ်ကြည့်ဖို့လိုလာတယ်။

ဗမာပြည်ကပုဂံကို မွန်ဂိုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အချိန်မှာ ကရိုင်းမီးယားကိုလဲ မွန်ဂိုဧကရာဇ် ဂျင်ဂျစ် ခန်နဲ့ သားမြေးတွေက သိမ်းပိုက်ထားတယ်။ ဗမာပြည်မှာ ရှမ်းညီနောင်သုံးဦးရဲ့ အစွမ်းအစနဲ့ ရာသီဥတုကြောင့် မွန်ဂိုတွေ ၁၃၀၃ ခုလောက်မှာ ပြန်ဆုတ်သွားပေမဲ့ ကရိုင်းမီးယားကတော့ ၁၅၀၂ ခုနှစ်အထိ မွန်ဂိုလက် အောက်မှာ ရှိနေခဲ့တယ်။ အဲ့လိုသိမ်းထားတုန်းမှာဘဲ ၁၃၁၅ ခုလောက်မှာ မွန်ဂိုအုပ်ချုပ်သူလူတန်းစားတွေ ရော၊ ကရိုင်းမီးယားအပါအဝင် လက်အောက်ခံနိုင်ငံအချို့ပါ အစ္စလာမ်ဘာသာဝင်တွေဖြစ်လာခဲ့တယ်။ ဒါ ကြောင့် မွန်ဂိုအင်ပါယာပြိုကွဲပြီးနောက်မှာ ကရိုင်းမီးယားဒေသဟာ အော်တိုမန်တူရကီအင်ပါယာရဲ့ အခြွေ အရံနိုင်ငံလေး ဖြစ်သွားခဲ့တယ်။ အဲ့သလို အော်တိုမန်အင်ပါယာလက်အောက် ရောက်နေတုံး ၁၅၇၁ ခုမှာ ကရိုင်းမီးယားတိုင်းရင်းသား တာတာလူမျိုးတွေဟာ ရုရှားမြို့တော် မော်စကိုကို စီးနင်းတိုက်ခိုက်ပြီး ကရင် မလင်နန်းတော်ကလွဲလို့ တမြို့လုံးကို မီးတိုက်ဖျက်ဆီးပစ်ခဲ့သေးတယ်။ 

ကရိုင်းမီးယားတာတာလူမျိုးတွေဟာ ၁၈ ရာစုကုန်ခါနီးအချိန်အထိ အော်တိုမန်အင်ပါယာထဲမှာ ကျွန် အရောင်းအဝယ် အကြီးအကျယ်လုပ်တဲ့လူတွေ ဖြစ်ခဲ့ပြီး ရုရှားလူမျိုးနဲ့ ယူကရိန်းလူမျိုး ၂ သန်းလောက်ကို ဖမ်းပြီးကျွန်ကုန်ကူးခဲ့တယ်။ ၁၇၈၃ ခုနှစ်ကျမှဘဲ ကရိုင်းမီးယားကို ရုရှားက သိမ်းပိုက်နိုင်ခဲ့တယ်။ ၁၉ ရာစု ထဲမှာတော့ ရုရှားကတဖက်၊ ပြင်သစ် အင်္ဂလိပ် တူရကီကတဖက် တိုက်ကြတဲ့ ၃ နှစ်ကြာ ကရိုင်းမီးယား စစ်ပွဲမှာ ရုရှားရှုံးပေမဲ့ ကရိုင်းမီးယားကိုတော့ ရုရှားလက်ထဲမှာဘဲ ထားပေးခဲ့တယ်။

၁၉၁၇ ခုမှာ ရုရှားမှာ အောက်တိုဘာတော်လှန်ရေးဖြစ်ခဲ့ပြီး တပ်ဖြူတွေရဲ့ နောက်ဆုံးအခြေခံဒေသ ကရိုင်း မီးယားကိုတော့ ၁၉၂၀ ကျမှ တပ်နီတော်ကသိမ်းနိုင်ခဲ့တယ်။ ၁၉၂၁-၂၂ မှာ ကရိုင်းမီးယားဟာ ဆိုဗီယက် ပြည်ထောင်စုလက်အောက် ရုရှားဖက်ဒရေးရှင်းထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသမတနိုင်ငံဖြစ်လာတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ကနေ ၁၉၄၄ အထိ ကရိုင်းမီးယားကို နာဇီဂျာမဏီ သိမ်းပိုက်ခဲ့တုန်းက အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတာတာလူမျိုးတွေဟာ နာဇီဖက်ဆစ်တွေနဲ့ ပေါင်းခဲ့တယ်လို့ ရုရှားက စွပ်စွဲပြီး စတာလင်ရဲ့အမိန့်နဲ့ တာတာလူမျိုး ၂ သိန်းခွဲကို ဥဇဘက်ကစ္စတန်ဒေသကို လူမျိုးလုံးကျွတ် နယ် နှင်ဒဏ်ပေးခဲ့တယ်။ တာတာတွေဟာ ၁၉၈၉ ခုနှစ်ကျမှ ကရိုင်းမီးယားကို လွတ်လပ်စွာပြန်လာခွင့်ရခဲ့ တယ်။ ဒါပေမဲ့ တာတာလူဦးရေဟာ တချိန်က ကရိုင်းမီးယားဒေသ လူဦးရေရဲ့ ၅၀% ရှိခဲ့ရာက အခုဆို ၁၀% လောက်ဘဲရှိတော့တယ်၊ ရုရှားလူမျိုးတွေက ၇၀% ဖြစ်နေပြီး ယူကရိန်းလူမျိုးကတော့ ၁၅% လောက်ရှိနေတယ်။

၁၉၅၄ ခုမှာ ရုရှားခေါင်းဆောင် ခရူးရှက်ဗ်က ရုရှားပြည်နယ်ထဲပါဝင်တဲ့ ကရိုင်းမီးယားဒေသကို ယူကရိန်း ပြည်နယ်ဆီ လက်ဆောင်အဖြစ်လွှဲပြောင်းပေးလိုက်တယ်။ ၂၀၁၄ ခု ယူကရိန်းတော်လှန်ရေးမှာ ရုရှား သြဇာခံယူကရိန်းအစိုးရပြုတ်ကျသွားတော့ ကရိုင်းမီးယားကို ရုရှားက ပြန်သိမ်းသွင်းလိုက်တော့တယ်။ သမိုင်းကြောင်းနဲ့ လူဦးရေအချိုးအစားအပြင် သိမ်းချင်စရာတခြားအကြောင်းအချက်တချို့ကတော့ ကရိုင်း မီးယားဒေသဟာ ဆိုဗီယက်ခေတ်တလျှောက်လုံး ကွန်မြူနစ်ခေါင်းဆောင်တွေ၊ ဆိုရှယ်လစ်စံပြလုပ်သား တွေ၊ ရှေ့ဆောင်လူငယ်ကျောင်းသားလူရည်ချွန်တွေအတွက် ဇိမ်ခံရိပ်သာတွေ၊ အဓိကအပန်းဖြေစခန်း တွေ၊ အလုပ်သမားနန်းတော်တွေ ရှိခဲ့တာ၊ သိန်းနဲ့ချီတဲ့ ရုရှားကမ္ဘာလှည့်ခရီးသည်တွေ နှစ်တိုင်းသွားလည် တဲ့ အဓိကပင်လယ်နက်ကမ်းခြေ အပန်းဖြေစခန်းတွေ တည်ရှိခဲ့တာ၊ ကုန်သွယ်ပင်လယ်ဆိပ်ကမ်း ၁၂ ခု မကရှိတာတွေ ဖြစ်တယ်။

အခု ကရိုင်းမီးယားနဲ့နှိုင်းနေတဲ့ ကိုးကန့်ဒေသ ဗမာပြည်သမိုင်းမှာ ပါလာတာက တရုတ်နိုင်ငံက မင်မင်း ဆက်ပြိုကွဲမှုနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ တပ်တွင်းပုန်ကန်မှု၊ လယ်သမားပုန်ကန်မှုတွေနဲ့ အရူးမီးဝိုင်း ဖြစ်နေတဲ့ တရုတ်ဧကရာဇ်ဘုရင် ယုံလီကို မန်ချူးတိုင်းရင်းသားတွေက ပုန်ကန်ဖြုတ်ချလိုက်လို့ ၁၆၅၈ ခုမှာ ဗမာပြည်ထဲကို ထွက်ပြေးလာပြီး ပင်းတလဲမင်းဆီမှာ လက်နက်ချ ခိုလှုံခွင့်တောင်းခဲ့တယ်။

ယုံလီကို စစ်ကိုင်းမှာ ထားပေးပေမဲ့ ယုံလှီရဲ့ လက်ကျန်စစ်ပြေးဓားပြတွေက မေမြို့၊ ပလိပ်၊ ပုဂံ၊ ကျောက် ဆည်၊ မိုးနဲတို့မှာ ထကြွသောင်းကျန်းပြီး တံတားဦး၊ အင်းဝကိုတောင် ခြိမ်းခြောက်လာလို့ ဗမာဘုရင်က ပေါ်တူဂီကြေးစားစစ်သားတွေ အကူအညီနဲ့ ကာကွယ်ခဲ့ရတယ်။ အရည်အချင်းညံ့ဖျင်းတဲ့ ပင်းတလဲမင်းကို လဲ ညီတော်ပြည်မင်းက အာဏာသိမ်းလိုက်ပြီး ရှမ်းစော်ဘွားတွေအကူအညီနဲ့ တရုတ်စစ်ပြေးတွေကို နှိမ်နင်းနိုင်ခဲ့တယ်။ ၁၆၆၂ ခုမှာ အင်အား ၂၀၀၀၀ ရှိတဲ့ မန်ချူးတပ်တွေ အင်းဝအထိလိုက်လာပြီး ယုံလီကို တောင်းလို့ ပြည်မင်းက မန်ချူးတွေလက်ထဲအပ်လိုက်တယ်။ မန်ချူးတွေက ယုံလီကို ယူနန်ပြည်နယ် ပြန် ခေါ်သွားပြီး ကွပ်မျက်လိုက်တယ်။ တရုတ်ပြည်မှာလဲ တရုတ် မင်မင်းဆက်ပြတ်သွားပြီး မန်ချူးလူမျိုးတွေရဲ့ ကျင်းမင်းဆက် စလာခဲ့တာ ၁၉၁၁ ခု ဆွန်ယက်ဆင်ရဲ့တော်လှန်ရေးနဲ့မှ ပြုတ်ကျသွားခဲ့တယ်။ (ဆင်ဖြူရှင် လက်ထက် စစ်တိုက်တာ တရုတ်တပ်တွေနဲ့ မဟုတ်ဘဲ မန်ချူးတပ်တွေ၊ မန်ချူးတွေဦးစီးတဲ့ တရုတ်တပ်တွေနဲ့ ဖြစ်ပါတယ်။)

စစ်ကိုင်း မေမြို့ ကျောက်ဆည်ဝန်းကျင်မှာ သောင်းကျန်းနေတဲ့ တရုတ်စစ်ပြေးအားလုံးကို ပြည်မင်းက သတ်ပစ်လိုက်ပေမဲ့ မန်ချူးတွေရန်က ထွက်ပြေးလာတဲ့ ယုံလီရဲ့နောက်လိုက်တွေဟာ ရှမ်းပြည်မှာလဲ ကျန်နေသေးတယ်။ ပန်းသေးတရုတ် တိုက်ခုန်းခုန်းနဲ့ ဗုဒ္ဓဘာသာဝင်တရုတ် ချိန်ရှမ်းတုန်း ခေါင်းဆောင်တဲ့ ယုံလီနောက်လိုက်တွေဟာ ယုံလီ မရှိတော့ပေမဲ့လဲ မန်ချူးတွေအုပ်ချုပ်နေတဲ့ တရုတ်ပြည်ကို ပြန်မသွား ချင်လို့ ဗမာဘုရင်ဆီမှာ နေစရာနယ်မြေအသနားခံတော့ ကိုးကန့်ဒေသမှာ အခြေစိုက်ခွင့်ပေးလိုက်တယ်။ ဒါ့ကြောင့် ကိုးကန့်ဒေသနဲ့ ကိုးကန့်တရုတ်လူမျိုးသမိုင်းဟာ ၁၆၆၂ ခုက စခဲ့တာလို့ ပြောနိုင်တယ်။ 

ကိုးကန့်ဒေသဟာ သဘာဝသယံဇာတမရှိ၊ မြေပြန့်နည်းပြီး စပါးတောင်ကောင်းကောင်းမဖြစ်ထွန်းလို့ ဘိန်း စိုက်ပျိုးရေးကိုပိုအားထားရတဲ့ နေရာဖြစ်တယ်။ ဗမာပြည်ဘက်မှာနာမယ်ကြီးတဲ့ တခြားထွက်ကုန်ဆိုလို့ ကိုးကန့်လဖက်ခြောက်ဘဲ ရှိတယ်။ ပြည်မကဗမာလူမျိုးတွေလဲ အခုနောက်ပိုင်းကျမှ ကြံခုတ်ဖို့ ရောက်လာတာ ဆယ်နှစ်မပြည့်သေးပါဘူး။

ဗမာပြည်ရဲ့ကရိုင်းမီးယားလို့ ဘူမသိကိုးမသိသမားတွေက ထပ်ပြောနေကြတဲ့ ကချင်နဲ့ ဝ တွေဟာ နယ်စပ် နှစ်ဖက်စလုံးမှာရှိနေပြီး ၁၈ ရာစု ၁၉ ရာစုတွေမှာ ရွှေ့ပြောင်းစိမ့်ဝင်နေကြဆဲ ဖြစ်တယ်။ အင်္ဂလိပ်သိမ်း လိုက်တော့မှ ရွှေ့ပြောင်းမှုတွေတန့်သွားခဲ့တယ်။ နယ်ချဲ့အင်္ဂလိပ်ဟာ နယ်နိမိတ်တွေကို လက်နက်အားကိုး နဲ့ အနိုင်ကျင့်ပြီး စိတ်ကြိုက်ဆွဲခဲ့တယ်လို့ ချန်ကေရှိတ်တရုတ်ဖြူရော မော်စီတုန်းတရုတ်နီရော တောက် လျှောက်မကျေမနပ်ဖြစ်နေခဲ့တယ်။ 
ဗမာပြည်ကို အင်္ဂလိပ်သိမ်းပြီးတော့ ၁၈၉၄ လန်ဒန်စာချုပ်အရ သိန္နီမြောက်ခြမ်း၊ ကိုးကန့်၊ မုန်းလင်မ်၊ ကျိုင်းဟုံ (စစ်ဆောင်ပနား) တို့ကို အင်္ဂလိပ်က တရုတ်ကိုပေးလိုက်တယ်။ (၁၈၉၃ မှာ ယိုးဒယားကိုလဲ ကျိုင်းသေဉ် နဲ့ မယ်ဟောင်ဆောင် ပေးလိုက်တယ်။) တရုတ်က အင်္ဂလိပ်ကို ယုန်ချန်း (ရာဇဝင်မှာ နာမယ် ကြီးခဲ့တဲ့ ငဆောင်းချမ်း) နဲ့ တိန်ယွင် ပြန်ပေးတယ်။ ၁၈၉၇ ပီကင်းသဘောတူချက်မှာတော့ သိန္နီမြောက် ခြမ်းနဲ့ ကိုးကန့်ကို အင်္ဂလိပ်ပိုင်ဗမာပြည်ထဲ ပြန်ထည့်လိုက်တယ်။ ရာဇဝင်အဆက်ဆက်မှာ ရှမ်းပြည်ထဲပါခဲ့ တဲ့ စစ်ဆောင်ပနား-ကျိုင်းရုံးကြီး၊ မုန်းလင်မ်၊ မယ်ဟောင်ဆောင်နဲ့ ကျိုင်းသေဉ်တို့ဟာ ရှမ်းပြည်ကပဲ့ပါသွား ခဲ့ပေမဲ့ ဗမာပြည်လွတ်လပ်ရေးအစိုးရအဆက်ဆက်က ပြန်ရဖို့ မစဉ်းစားခဲ့ပါဘူး။ ကောင်းကွက်ကတော့ အခုဗမာပြည်ထဲကျန်တဲ့ ရှမ်းနယ်တွေထက် ပိုတိုးတက်ဖွံ့ ဖြိုးနေပြီဖြစ်တယ်။

သံလွင်မြစ်အထိအကျုံးဝင်တဲ့ ဝ နယ်နဲ့ပတ်သက်လို့ သဘောတူချက်မရခဲ့ဘဲ နှစ်ဖက်စလုံးက သူပိုင်ကိုယ် ပိုင်ငြင်းနေခဲ့တယ်။ ကချင်ပြည်တခုလုံးကို အင်္ဂလိပ်သိမ်းထားတာလဲ တရုတ်ကလက်မခံခဲ့ဘဲ ကချင်ပြည် မြောက်ခြမ်းက ပူတာအို (ခမ်းတီးလုံ) နယ်၊ ဆွမ်ပရာဘုံနယ်၊ ရဝမ်-လီဆူနယ်တွေကို တရုတ်ပိုင်နယ်မြေ အဖြစ် တောင်းနေခဲ့တယ်။ အင်္ဂလိပ်တပ်တွေ ၁၉၁၃ ခုကျမှ ပူတာအိုဒေသ နဲ့ ဖိမော်-ဂမ်လန်-ကမ်ဖန်နယ် တွေကို ဝင်သိမ်းတဲ့အခါ တရုတ်ပြည်မှာ အင်္ဂလိပ်ကိုဆန္ဒပြပွဲတွေဖြစ်ခဲ့သေးတယ်။ (တရုတ်ဝန်ကြီးချုပ်ဖြစ် လာမယ့် ချိုအင်လိုင်းတောင် ဆန္ဒပြပွဲမှာ ပါခဲ့တယ်လို့ဆိုတယ်။)

ဒီ အငြင်းပွားနေတဲ့ ဝ နယ်နဲ့ ကချင်နယ်တွေကို ၁၉၆၀ ခု ဘဘစစ်ဆင်ရေးနဲ့ တရားဝင်တရုတ်-ဗမာ နယ်နိမိတ် အပြီးအပြတ်သတ်မှတ်ခဲ့တယ်။ ဝန်ကြီးချုပ်ဦးနုကစခဲ့ပြီး ဗိုလ်ချုပ်နေဝင်းကအပြီးသတ်ခဲ့တဲ့ နယ် နိမိတ်တိုင်းတာသတ်မှတ်မှုမှာတော့ တရုတ်နိုင်ငံဟာ ဟူးကောင်းတောင်ကြားအပါအဝင် မြစ်ဆုံအထက် ဖက် ကချင်ပြည်တခြမ်းလုံးနဲ့ ဝ ဒေသတခုလုံးအပေါ် တောင်းဆိုမှုတွေ စွန့်လွှတ်လိုက်တယ်။ ဗန်းမော် အရှေ့တောင်ဘက်နား ရှမ်း-ကချင်နယ်စပ်မှာ အင်္ဂလိပ်က တရုတ်ဆီက ၁၈၉၇ ခု စာချုပ်နဲ့ ‘ထာဝရငှားယူ’ ထားတဲ့ နမ့်ဝမ်အငှားနယ် (၈၅ စတုရန်းမိုင်) ဆိုတာကိုတော့ ဗမာဘက်က အပိုင်ရလိုက်တယ်။ ဗမာဘက် ကပေးလိုက်ရတာက ကချင်ပြည်မှာ ဖိမော်-ဂေါ်လမ်-ကမ်ဖန် နယ်သုံးနယ် (၅၉ စတုရန်းမိုင်) နဲ့ ဝ ဒေသ ထဲက ပန်ဟုန်း-ပန်လောင်နယ် (၇၃ စတုရန်းမိုင်) ဖြစ်တယ်။ 

တရုတ်က ကချင်မြောက်ခြမ်းနဲ့ ဝ နယ်ကို တောင်းဆိုမှုစွန့်လွှတ်လိုက်တဲ့အတွက် ဗမာအစိုးရက တရုတ်နီ တပ်တွေ ဗမာပြည်ထဲဝင်ပြီး ကူမင်တန်ကို လိုက်တိုက်ခွင့်ပေးလိုက်ရတယ်။ မိုင်းတုံ-မိုင်းဆတ်ဘက်က ကူမင်တန်တပ်တွေကို ၁၉၅၄-၅၅ ခုနှစ်မှာ ဗိုလ်ကျော်ဇောဦးစီးတဲ့ ဗမာ့တပ်မတော်က ဘုရင့်နောင်စစ်ဆင် ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေးတွေနဲ့ တိုက်ထုတ်နိုင်ခဲ့ပေမဲ့ တရုတ်ဖြူတပ် တသောင်းလောက်ဟာ ကျိုင်းတုံ-တာချီလိတ်အရှေ့ဘက်မှာ အခြေစိုက်နေပြီး တရုတ်နီအစိုးရကို အနှောင့်အယှက်ပေးနေဆဲဖြစ်တယ်။ ဒါကြောင့် တရုတ်နီတပ်တွေက ၁၉၆၀-၆၁ မှာ ဗမာပြည်ထဲဝင်ပြီး မဲခေါင်မြစ်ကမ်းက တရုတ်ဖြူတွေရဲ့ မိုင်းပါလျှို-ကျိုင်းလတ် အခိုင်အမာစခန်းကြီး တွေအထိ တိုက်ခိုက်သိမ်းပိုက်ပြီး တရုတ်ဖြူတွေကို ယိုးဒယားနိုင်ငံနဲ့ လောနိုင်ငံထဲ အပြီးအပိုင်မောင်း ထုတ်ခဲ့တယ်။ ဒီစစ်ဆင်ရေးမှာ ဗမာစစ်တပ်တွေက လမ်းပြသဘောမျိုးအထောက်အကူဘဲပါခဲ့ပြီး အဓိက တိုက်အားက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖြစ်တယ်။ ဗမာစစ်တပ်ကလေသူရဲ ဗိုလ်ပီတာ ကတော့ နာမယ်ကြီးသွားခဲ့ပြီး ကုလသမဂ္ဂကိုတိုင်ဖို့ အချက်အလက်ရသွားခဲ့ပေမဲ့ တရုတ်နီတပ်အင်အား နှစ်သောင်းလောက် နယ်နိမိတ်တိုင်းတာရေးအကြောင်းပြချက်နဲ့ ဗမာနယ်ထဲဝင်တိုက်တဲ့ကိစ္စကိုတော့ ဖုံးဖိ ပေးခဲ့တယ်။ နိုင်ငံတကာကအာရုံစိုက်လာလို့ တရုတ်နီတပ်တွေဟာ မဲခေါင်စစ်ဆင်ရေးပြီးတော့ ၁၉၆၁ ဖေဖော်ဝါရီလဆန်းမှာ အားလုံး တရုတ်ပြည်ကို ပြန်ဆုတ်သွားကြတယ်။

တရုတ်-ဗမာစာချုပ်အရ ကချင်ဘက်မှာ နယ်နိမိတ်ကို ဧရာဝတီမြစ်နဲ့ သံလွင်မြစ်ကြား ရေဝေရေလဲကြော အတိုင်း ယေဘုယျသတ်မှတ်ပေမဲ့ တရုတ်ကိုပေးလိုက်ရတဲ့ ဖိမော်နယ်သုံးနယ်ကတော့ ရေဝေကြော အောက် ဗမာဘက်ခြမ်းမှာ ရောက်နေတယ်။ ကိုးကန့်နယ်ကတော့ အငြင်းပွားမှုထဲမှာမပါဘဲ ဗမာပြည် ပိုင်နက်အဖြစ် ၁၈၉၇ ကတည်းက နှစ်ဖက်သဘောတူထားပြီးဖြစ်တယ်။ ၁၉၆၀ နယ်နိမိတ်သတ်မှတ်ချက် ဟာ နိုင်ငံတကာဥပဒေတွေနဲ့လုပ်တာဖြစ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ဖြစ်တဲ့ စိန့်မာတင်ကျွန်းပြဿနာလို အပြီး အပြတ်သဘောဆောင်တယ်။ တော်ရုံတန်ရုံနဲ့ပြင်ဖို့ မလွယ်တော့ပါ။ တရုတ်နဲ့ ကုန်း-ပင်လယ် နယ်ချင်းစပ် နေတဲ့ အိမ်နီးချင်း ၁၈ နိုင်ငံထဲမှာ ဗမာနဲ့နယ်နိမိတ်သဘောတူချက်ကို ပထမဆုံးလုပ်နိုင်ခဲ့တာဖြစ်ပြီး အခု အချိန်ထိလဲ တရုတ်နဲ့ နယ်နိမိတ်ကိစ္စမပြေလည်သေးတဲ့ အိန္ဒိယ၊ ဖိလိပိုင်၊ ဂျပန် တို့လို အိမ်နီးချင်းနိုင်ငံ တချို့ ကျန်နေသေးလို့ တရုတ်အတွက် နိုင်ငံတကာကိုပြစားဖို့လဲ အရေးပါ လိုအပ်နေပါတယ်။ 

ဒီဘက်ခေတ် တရုတ်-ဗမာ အတွေ့အကြုံဖြစ်ဖြစ်၊ နိုင်ငံတကာအတွေ့အကြုံဖြစ်ဖြစ် ကြည့်ရင်လဲ ဘေးနိုင်ငံ က နယ်မြေအစိတ်အပိုင်းကို ဖဲ့ယူတာထက် ဘေးနိုင်ငံအစိုးရကို သွေးထွက်သံယိုမရှိဘဲ ကိုယ့်လက်အောက် ရောက်အောင် ခြောက်လှန့်ကျွေးမွေးပြီး တပည့်မွေးတာက ပိုကိုက်တဲ့နည်းဖြစ်နေတယ်။ (ဒါကို နိုင်ငံ တကာဆက်ဆံရေးမှာ 'ဖင်လန်ဇာတ်သွင်းခြင်း' Finlandization လို့ ခေါ်ပါတယ်။) တရုတ်ဟာ ၁၉၈၈ မတိုင်မီကာလက ဗကပ ကို မွေးခဲ့တာထက် ၁၉၈၈ နောက်ပိုင်း နဝတ-နအဖ-ဗမာစစ်တပ်-ကြံ့ဖွတ်ကိုမွေးတာ ပိုအလုပ်ဖြစ်ကြောင်းလဲ တွေ့ခဲ့ပြီးဖြစ်တယ်။

ဒါ့ကြောင့် သမိုင်းကြောင်းအရ၊ ပထဝီအနေအထားအရ၊ နိုင်ငံရေးအရကြည့်ရင် ဗမာပြည်ရဲ့ ကရိုင်းမီးယား ဟာ ကိုးကန့်ဒေသ၊ ကချင်ဒေသ၊ ဝ ဒေသတွေ မဟုတ်ဘဲ ဗမာစစ်တပ်နဲ့ ကြံ့ဖွတ်ပါတီသာ ဖြစ်နေပါတယ်။

ဂါမဏိ
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)