Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 3, 2017

ရန်ကုန်လေဆိပ် လုံခြုံရေးမှ ဒုရဲအုပ် အောင်ကျော်ထွန်းနှင့် တွေ့ဆုံခြင်း



ရန်ကုန်လေဆိပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော် ဦးကိုနီကို အနီးကပ် ပစ်သတ်ပြီးနောက် ထွက်ပြေးလာသော သေနတ်သမား ဦးကြည်လင်းသည် အငှားယာဉ်တစ်စီးကို တားဆီး၍ ထွက်ပြေးရန် ကြိုးစားခဲ့ရာ သေနတ်သမား ကြည်လင်းနှင့် သူပစ်ကိုယ်ပစ် ယှဉ်ပစ်ပြီး တရားခံ ဖမ်းဆီးခဲ့သော ရန်ကုန်လေဆိပ် လုံခြုံရေးမှ ဒုရဲအုပ် အောင်ကျော်ထွန်းနှင့် The Voice တွေ့ဆုံမေးမြန်းမှုကို ဖော်ပြအပ်ပါသည်။

The Voice : ဦးကိုနီ လုပ်ကြံခံရစဉ်က တရားခံနောက် တောက်လျှောက်လိုက်ပြီး အစ်ကို ဖမ်းဆီးပေးခဲ့တယ်လို့ ကြားသိရတယ်၊ ဖြစ်စဉ်အသေးစိတ် ပြန်ပြောပြပေးပါ။

AKT : အခင်းဖြစ်နေ့က VIP ဂိတ်မှာ လူကြီးအိတ်တွေ ဝင်ကူရွေးပြီး သယ်ပေးနေချိန် ဂိတ် (၆) ရှေ့မှာ ဖောင်းဆိုတဲ့ အသံတစ်ချက် ကျွန်တော်ကြားလိုက်တယ်၊ နိုင်ငံခြားသားတစ်ယောက်က လူတစ်ယောက် သေနတ်မှန်သွားပြီလို့ အော်သံကြားလိုက်တာကြောင့် ကျွန်တော် အပြင်ပြေးထွက်လာတယ်၊ သေနတ်သမားကို မြင်လိုက်လို့ ခါးကြားမှာရှိတဲ့ ပစ္စတိုကို ထုတ်ပြီး သူ့အနောက် ပြေးလိုက်တယ်။ ကျွန်တော့် သေနတ်ထဲမှာ ကျည်ဆံမပါဘူး။ ဒါကြောင့် ဘယ်ဘက်ခါးကြားမှာရှိတဲ့ အိတ်ထဲက ကျည်ကတ်ကို ထုတ်ရင်း သူ့အနောက် ထပ်ကြပ်မကွာ ပြေးလိုက်ခဲ့တယ်။

The Voice : ထွက်ပြေးနေတဲ့ သေနတ်သမားက ငါ့ပစ်ရင် မင်းပြန်ပစ်မယ် ပြောလို့ အစ်ကိုက သူ့အနောက် မလိုက်ဘဲ နေခဲ့တယ်လို့ အခင်းဖြစ်နေ့က မျက်မြင်တွေ့ခဲ့သူတွေက ပြောတယ်၊ အဲဒါ ဟုတ်မဟုတ် ပြောပေးပါ။

AKT : မဟုတ်ပါဘူး၊ သေနတ်သမားက ဘာမှပြောမသွားပါဘူး၊ ထွက်ပြေးနေတဲ့ သူ့နောက်လိုက်ရင်း ကျည်ထဲ့နေရာက ကျည်ကတ်အောက်ပြုတ်ကျသွားလို့ ပြန်ကောက်ပြီး သေနတ်ထဲ ထည့်ခဲ့တယ်၊ သုံးလေးစက္ကန့်လောက်ပဲ ကြာတာပါ၊ CCTV မှတ်တမ်းတွေ ရှိပါတယ်။ တက္ကစီသမားတွေက သူ့နောက် တောက်လျှောက်လိုက်လာတော့ သေနတ်သမားက တစ်ချက် လှည့်ပစ်တယ်၊ သေနတ်နဲ့ ပစ်လို့ လူအုပ်ကြီးက တုန့်ခနဲ့ဖြစ်ပြီး ရပ်ကျန်နေချိန် ကျွန်တော် သူ့အနောက် တောက်လျှောက်ပြေးလိုက်ခဲ့တယ်။

The Voice : သေနတ်သမားကို အစ်ကိုက ပစ်မဖမ်းဘူးလား။

AKT : သူပြေးလမ်းကြောင်းရှေ့မှာ သေဆုံးသူ ကားသမား ကိုနေဝင်းတို့ တက္ကစီအဖွဲ့က ရှိနေတယ်။ ကိုနေဝင်းက သူ့ကို ခဲနဲ့လှမ်းထုတော့ သူက သေနတ်နဲ့ ပြန်ပစ်တာ ကိုနေဝင်း ကျည်မှန်ပြီး ခွေလဲကျသွားတယ်၊ အဲဒီအချိန်မှာ ကျွန်တော်က သူ့ကို သေနတ်နဲ့ တစ်ချက် လှမ်းပစ်လိုက်တယ်၊ မထိဘူး၊ ဒါပေမဲ့ သူက လက်နှစ်ဖက်မှာ ကိုင်ထားတဲ့ သေနတ်နှစ်လက်ကို အောက်ချပြီး ဒူးထောက် လက်မြှောက်အဖမ်းခံတယ်။ ကျွန်တော်က သေနတ်နဲ့ချိန်ပြီး မင်းနောက်ဆုတ်နေ၊ သေနတ်နဲ့ဝေးရာ နောက်ဆုတ်နေလို့ လှမ်းပြောချိန် မြေကြီးပေါ် ချထားတဲ့ သေနတ်နှစ်လက်ကို သူက ရုတ်တရက် ကောက်ယူပြီး ကျွန်တော့်ကို လှမ်းပစ်တယ်။ ပလက်ဖောင်းဘက် ကျွန်တော် ပစ်လှဲချလှိမ့်ရှောင်ရင်း သူ့ကို သေနတ်နဲ့ ခြောက်လှန့်ပစ်လိုက်တော့ သူထွက်ပြေးသွားတယ်။

The Voice : သူ့ကို တက္ကစီသမားတွေက ဝိုင်းဖမ်းပေးတာလား၊ အစ်ကိုက ဖမ်းတာလား။

AKT : ထွက်ပြေးသွားတဲ့ သူအနောက်ကို တက္ကစီသမားအဖွဲ့က ခဲနဲ့လိုက်ထုတယ်၊ သေနတ်သမားက လမ်းပေါ်မောင်းလာတဲ့ ကားတွေကို သေနတ်နဲ့ ချိန်ပြီး လှမ်းတားနေတယ်၊ ပရိုဘောက် တစ်စီးပေါ် သူရောက်သွားချိန် ကားသမားက သူကားထဲဝင်ခါနီး မောင်းပြေးလို့ သေနတ်သမားက ဟန်ချက်ပျက်ပြီး တွဲလောင်းကြီး ကားနဲ့ပါသွားလို့ ကားသမားက ကားရပ်လိုက်ချိန် တက္ကစီကားထဲ သူဝင်ထိုင်လိုက်တယ်၊ အဲ့ဒီအချိန်မှာ လူအုပ်ကြီးက ဝိုင်းထုနေတဲ့ ခဲတစ်လုံးက သူ့မျက်နှာ မှန်သွားချိန်မှာ ကားထဲက ဆွဲထုတ်ပြီး သူ့ကို ကျွန်တော် လုံးထွေးဖမ်းခဲ့တာပါ၊ ဖမ်းမိသွားသူကို လူအုပ်ကြီးက ဝိုင်းထုရိုက်နေလို့ မိုးပေါ်သေနတ် နှစ်ချက်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရတယ်။ တရားခံကို ဖမ်းမိတာ တက္ကစီသမားတွေရဲ့ ကူညီမှုလဲ ပါပါတယ်။

The Voice : အစ်ကိုကိုယ်တိုင် သေနတ်သမားနောက် တောက်လျှောက်လိုက်ဖမ်းတယ် ဆိုတာရော အထက်ကို တင်ပြထားတာရှိလား ခင်ဗျ။

AKT : ဟုတ်ကဲ့၊ ဖြစ်စဉ်အမှန် အားလုံး အထက်ကို တင်ပြထားပြီးပါပြီ၊ ကျွန်တော့်ရှေ့ ဖြစ်သွားတဲ့ ဒီဖြစ်စဉ်က တရားခံနောက်ကို တောက်လျှောက်လိုက်ဖမ်းခဲ့တာပါ။ တခြားတပ်ဖွဲ့ဝင်တွေကလဲ နေရာပေါင်းစုံက ပိတ်ဆို့ပြီး တရားခံနောက် လိုက်ဖမ်းခဲ့ပါတယ်။ မျက်မြင်သက်သေတွေနဲ့ CCTV မှတ်တမ်းတွေ ရှိပါတယ်။ ကျွန်တော်က ကြည်လင်းကို သေနတ်နဲ့ နှစ်ချက် လှမ်းပစ်ခဲ့တယ်။ ကြည်လင်းက သေနတ်လေးချက် ပစ်ဖောက်ခဲ့တယ်၊ ဦးကိုနီနဲ့ ကားသမား ကိုနေဝင်း ကျည်မှန် သေဆုံးခဲ့ရတယ်။

The Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးပါ။

No comments:

Post a Comment