Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 27, 2017

ဒေါ်အောင်ဆန်းစုကြည်အနားတွင် နိုင်ငံခြားသားအကြံပေးများရှိနေသဖြင့် နိုင်ငံတော်လုံခြုံရေး စိုးရိမ်စရာဖြစ်ကြောင်း ဖဒိုမန်းငြိမ်းမောင်နှင့် ဒုဗိုလ်ချုပ်ကြီးဟောင်းမြင့်စိုးတို့ ပြောကြားချက်ကို သမ္မတရုံးက ငြင်းပယ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနား၌ နိုင်ငံခြားသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် လေးဦးရောက်ရှိနေသည်ဟူသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်စိုးတို့၏ ဇန်န၀ါရီ ၂၃ ရက်တွင်ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲအမေးအဖြေကဏ္ဍတွင် ဖဒိုမန်းငြိမ်းမောင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနားတွင် နိုင်ငံခြားသား လုံခြုံရေးအကြံပေး လေးဦးခန့်ရှိကြောင်းနှင့် ထိုပုဂ္ဂိုလ်များမှာ သက်ဆိုင်ရာနိုင်ငံအသီးသီး၏ လုံခြုံရေးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

''နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနားမှာ နိုင်ငံခြားသားပုဂ္ဂိုလ် လေးဦးလောက်ရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒီပုဂ္ဂိုလ်တွေကလည်း သူတို့သက်ဆိုင်ရာ နိုင်ငံတွေက လုံခြုံရေးဌာနတွေမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့တိုင်းပြည်ရဲ့ လုံခြုံရေးဟာ ဘယ်လောက်ထိ စိတ်ချရမလဲ။ ဘယ်လောက်ထိ အာမခံချက်ရှိသလဲ။ ဒါကို ကျွန်တော်တို့ ၀ိုင်းဝန်းစဉ်းစားကြဖို့ လိုတယ်။ ကျွန်တော်တို့နိုင်ငံမဟုတ်ဘဲနဲ့ ပြင်ပနိုင်ငံက ပုဂ္ဂိုလ်တွေကို ဒီလိုအားကိုး သမှုနဲ့ အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ အမျိုးသားလုံခြုံရေး၊ အမျိုးသားအကျိုးစီးပွား ဘယ်လောက်ထိခိုက်နစ်နာမှုရှိမလဲဆိုတာကို ကျွန်တော် သိချင်ပါတယ်''ဟု ဖဒိုမန်းငြိမ်းမောင်က မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်ကို အဆိုပါဆွေးနွေးပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်စိုးက ပြန်လည်ဖြေကြားခဲ့ပြီး လုံခြုံရေးအရ စိုးရိမ်စရာရှိကြောင်း ပြောကြားခဲ့သည်။

''ခုနက မေးတဲ့အထဲမှာ ဖဒိုမန်းငြိမ်းမောင် မေးသွားတာ။ လက်ရှိမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနားမှာ နိုင်ငံခြားသားအကြံပေးတွေ၊ ဘာတွေရောက်တယ် ဆိုတာတော့ ကျွန်တော်တို့လည်းကြားတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်း အတိအကျပြောလို့မရဘူး။ ဒါရှိချင်လည်း ရှိမယ်။ ရှိတဲ့အပေါ်မှာတော့ လုံခြုံရေးအရတော့ ဘာပဲပြောပြော စိုးရိမ်စရာရှိတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်စိုးက ပြောကြားခဲ့သည်။

ဖဒိုမန်းငြိမ်းမောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်စိုးတို့၏ဆွေးနွေးချက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ဆက်သွယ်မေးမြန်းရာ နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်သည့် နိုင်ငံခြားသား အကြံပေးအရာရှိများ ခန့်အပ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

''ကျွန်တော်တို့ သမ္မတရုံးမှာတော့ မရှိဘူး။ အဲဒီလိုခန့်ထားတာမရှိဘူး။ ဦးသောင်းထွန်းပဲ တရားဝင်ခန့်ထားတာရှိ တယ်။ အတိုင်ပင်ခံရုံးနဲ့ သမ္မတရုံးက အတူတူပဲဗျ။ အတိုင်ပင်ခံရုံးဝန်ကြီးဌာနဆိုတာ ရုံးအမှတ် ၂၀၊ နေပြည်တော်မှာရှိတယ်။ အဲဒီမှာလည်း မရှိဘူး။ တရားဝင်ခန့်ထားတာ ကျွန်တော်သိသလောက် မရှိပါဘူး''ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

မင်းထင်
Photo - ဖဒိုမန်းငြိမ်းမောင် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ၌ မေးမြန်းနေစဉ် ( ၂၃ ဇန်န၀ါရီ ၂၀၁၇)
News Watch


No comments:

Post a Comment