Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 8, 2017

ဇာမဏီငှက်ကလေး

မက္ကဆီကို လူမျိုးတွေကြားမှာ ပြောလေ့ရှိတဲ့ စိတ်ဝင်စား စရာပုံပြင်လေးတစ်ပုဒ်ရှိတယ်။ တခါတုန်းက ကမ္ဘာမီးကြီး အကြီးအကျယ်လောင်တယ်တဲ့။ လူတွေရော တိရိစ္ဆာန်တွေရော မီးလွတ်ရာကို အသဲအသန် ပြေးကြရတာပေါ့။ အဲဒီအချိန်မှာ ဇီးကွက်တစ်ကောင်က မီးလွတ်ရာ ပြေးလာရင်း ငှက်သေးသေးတစ်ကောင်ကို သွားပြီး သတိထားမိတယ်တဲ့။

အဲဒီငှက်လေးက သေသေချာချာကြည့်တော့မှ
ဇာမဏီငှက်လေး တစ်ကောင်တဲ့။ ဇာမဏီငှက်ကလေးဟာ မြစ်ရှိရာကို အမောတကောပျံသန်းသွားတယ်။ ပြီးတော့ ရေကို သူ့နူတ်သီး သေးသေးလေးနဲ့ ငုံပြီး မီးရှိရာကို ပျံလာပြီး ငုံလာတဲ့ ရေကို ထွေးထုတ်ပီး မီးငြိမ်းသတ်ဖို့ လုပ်နေတယ်တဲ့။

အဲဒီ အံသြဖွယ် မြင်ကွင်းကိုမြင်တဲ့ ဇီးကွက်ဟာ ဇာမဏီငှက်လေးဆီ ပျံသွားပြီး ဟေ့ မင်းဘာလုပ်နေတာလဲ။ မင်းရူးနေလား ဒီလောက်ကြီးမားတဲ့ ကမ္ဘာမီးကြီး လောင်နေတာ မင်းနူတ်သီးထဲက ရေလောက်နဲ့ ဘယ်လိုလုပ်ငြိမ်းနိုင်မှာလဲ။ မင်းအခု လွတ်ရာကို ပြေးရမှာလို့ ပြောလိုက်တယ်တဲ့။

ဇာမဏီငှက်လေးကလဲ ပျံသန်းနေရင်းနဲ့ ဇီးကွက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်တဲ့။ အကိုဇီးကွက်ရေတဲ့ ကျနော်လုပ်နိုင်တာ အခုလုပ်နေတာပါတဲ့။ ပြီးတော့ သူလုပ်စရာရှိဆက်ပြီး မြစ်ဆီသွားလိုက် ရေငုံပြီး မီးရှိရာရေသွားဖြန်းလိုက် လုပ်နေတယ်တဲ့။ အဲဒါနဲ့ ဇီးကွက်လည်း မနေနိုင်တော့ပဲ မီးဝင်ငြိမ်းတယ်တဲ့။

ဇီးကွက်ကတဆင့် တခြားငှက်တွေ တခြားတိရိစ္ဆာန်တွေ နဲ့ လူတွေပါ မီးဝင်ငြိမ်းကြတဲ့ အတွက် အဲဒီကမ္ဘာမီးကြီးဟာ ငြိမ်းခဲ့ရတယ်တဲ့။ တကယ်တော့ ကမ္ဘာမီးကြီးဟာ ဇာမဏီငှက်ကလေးရဲ့ ကိုယ်ကျိုးမဖက် ခေါင်းဆောင်စိတ်နဲ့ စတင် ဆောင်ရွက်မှုကြောင့်သာ တခြားသူတွေပါဝင်လာပြီး ငြိမ်းသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပုံပြင်လေးကနေ ကျနော်တို့တွေ သင်ယူနိုင်စရာများစွာရှိပါတယ်။ ဟိုတလောက ဂုံးတံတားအောက်က လူအများနားနေတဲ့နေရာ ညစ်ပတ်နေတာကို လူငယ်တစ်ယောက်က သွားရှင်းနေတာ တွေ့လိုက်ရတယ်။ အဲဒီလူငယ်လေးဟာ ပုံပြင်ထဲက ဇာမဏီငှက်လေး လို ခေါင်းဆောင်ခေါင်းတစ်ယောက်ပါပဲ။

ဆရာ ထင်လင်ဦးရဲ့ စကားအတိုင်း ပြောရရင် အခုအချိန်ဟာ ကျနော်တို့နိုင်ငံရဲ့ ပဉ္စမနိုင်ငံ ထူထောင်ဖို့ နိဒါန်းရေးဆွဲနေတဲ့ အချိန်ပါ။ အစိုးရကလဲ သူလောက်နိုင်သလောက် နိုင်ငံ အတွက်လုပ်နေပါပီ။ ပြည်သူဖြစ်တဲ့ ကျနော်တို့ကလဲ နိဒါန်းရေးဆွဲသူတွေအဖြစ် ကိုယ်တတ်နိုင်တဲ့ နေရာက ဝိုင်းဝန်းကူညီဖို့လိုပါတယ်။

ဒီအချိန်မှာ နေရာပေါင်းစုံမှာ လိုအပ်နေတဲ့အရာကို ဘယ်သူလုပ်လုပ် မလုပ်လုပ် ငါလုပ်နိုင်တာလုပ် မယ်ဆိုတဲ့ ဇာမဏီငှက်လို ခုဏက လူငယ်လေးလို ခေါင်းဆောင်တွေသာ နေရာစုံမှာရှိလာမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ နောင် အနှစ် ၂၀ မှာ ဘာလို့ စင်ကာပူကို မမှီနိုင်ရမှာလဲဗျာ...။

The great fire and the little water ဆိုတဲ့ ပုံပြင်လေးကို ဆီလျှော်အောင် ပြန်ဆိုပါတယ်။

ရဲမင်း

8/7/2017

No comments:

Post a Comment