ဘတ်ဖက်ဗေဒ (Buffettology)

စကားဦး -
ဘတ်ဖက်ဗေဒ (Buffettology)
ဝါရင်းဘတ်ဖက်ရဲ့ ရင်းနှီးမြုပ်နှံမှု နည်းစနစ်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီစာအုပ်ဟာ ဘာ့ခ်ရှိုင်းယားဟဲသဝေး ရှယ်ယာပိုင်ရှင်တွေထံ ဝါရင်းဘတ်ဖက်ရေးတဲ့ ပေးစာတွေကို ဖြတ်ညှပ်ကပ်ထားတဲ့ ထူးမခြားနားစာအုပ်တအုပ် မဟုတ်သလို ပုဂ္ဂိုလ်ရေး အတင်းအဖျင်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ ဝါရင်းဘတ်ဖက်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်တအုပ်လည်း မဟုတ်ပါဘူး။ ဒီစာအုပ်ဟာ ဝါရင်းရဲ့ ရင်းနှီမြုပ်နှံမှု နည်းစနစ်တွေကို အကျယ်ပြန့်ဆုံး လေ့လာပြီး အသေးစိတ် ရှင်းပြထားတဲ့ ပထမဆုံး စာအုပ်တအုပ် ဖြစ်ပါတယ်။
ထူးထူးကဲကဲ အောင်မြင်ခဲ့တဲ့ ဝါရင်းဘတ်ဖက်ရဲ့ စီးပွားရေးအမြင်အရ ရင်းနှီးမြုပ်နှံခြင်းနည်းစနစ်ကို သင်ကြားပြသပေးဖို့အတွက် ကျမ ဒီစာအုပ်ကို ရေးတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဝါရင်း မက်မက်မောမော ရင်းနှီးမြုပ်နှံခဲ့တဲ့ ကုမ္ပဏီတွေကို ရွေးချယ်ရာမှာ အသုံးပြုခဲ့တဲ့ သဘာတရားကအစ သချာင်္ဖော်မြူလာအဆုံး ရင်းနှီးမြုပ်နှံမှု စနစ်ကြီးတခုလုံးကို တင်ပြထားပါတယ်။
ဒီစာအုပ်ကို ရေးရာမှာ ဝါရင်းကိုယ်တိုင် မပါပါဘူး။ ဒီလို စာအုပ်မျိုးကို တချိန်မှာ သူ့ချွေးမဟောင်းက ရေးလိမ့်မယ်လို့ ဝါရင်း ကြိုမြင်ခဲ့မှာ မဟုတ်ပါဘူး။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကျမက တေးဂီတဖြန့်ချီရေး ကုမ္ပဏီတခုနဲ့ အောင်မြင်တဲ့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတခုကို ဦးဆောင်တဲ့ လုပ်ငန်းရှင်တဦး ဖြစ်ခဲ့ပါတယ်။ ၁၉၈၁ မှာတာ့ ကျမဟာ ဝါရင်းရဲ့သား ပီတာနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး မိသားစုရဲ့ အဖွဲ့ဝင်တယောက် ဖြစ်လာခဲ့ပါတယ်။
စာရေးဆရာကြီး စကော့တ်ဖစ်ဂျရယ်က သိပ်ချမ်းသာတဲ့ သူတွေဟာ သာမာန်လူတွေနဲ့ မတူဘူးလို့ ရေးခဲ့တာ မှန်ပါတယ်။ ဘတ်ဖက်မိသားစုရဲ့ အထူးဆန်းဆုံး အချက်ကတော့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို နုတ်လုံဖို့ တောင်းဆိုတာပဲ ဖြစ်ပါတယ်။ ပီတာနဲ့ အိမ်ထောင်ကျနေစဉ်အတွင်း ဝါရင်းဘတ်ဖက်နဲ့ သူ့လုပ်ငန်းအကြောင်းကို အပြင်လူတွေကို မပြောဖို့ ကျမကို နှစ်ကြိမ်တိတိ ညွှန်ကြားခဲ့ပါတယ်။ အခုလို စာအုပ်မျိုး ရေးဖို့ ဆိုတာကတော့ ဝေးရောပေါ့။
၁၉၉၃ မှာ ပီတာနဲ့ ကျမ ဝမ်းနည်းကြေကွဲစွာ ကွာရှင်းခဲ့ပါတယ်။ ကွာရှင်းပြီး မကြာခင်မှာပဲ စာအုပ်တိုက်ကိုယ်စားလှယ်အများအပြားက ဝါရင်းဘတ်ဖက်နဲ့ သူ့မိသားစုရဲ့ အတွင်းရေးတွေကို ဖော်ထုတ်ရေးသားဖို့ ကျမကို မြူဆွယ်ကြပါတယ်။ အဲဒီအချိန်က ဝါရင်းဘတ်ဖက်ရဲ့ ပုဂ္ဂလိကဘဝအကြောင်းကို ရေးသားထုတ်ဝေထားတာ မရှိသေးပါဘူး။ ကျမကို ကမ်းလှမ်းတဲ့ ရေးသားခက အိမ်ထောင်ကွဲပြီးစ စိတ်အခြေအနေမှာ အလွန်မက်စရာ ကောင်းပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမှုအားလုံးကို ကျမ ငြင်းဆန်ခဲ့ပါတယ်။
လူတွေ တကယ်စိတ်ဝင်စားတာက အရင်း ဒေါ်လာ ၁၀၅,၀၀၀ ကို ဒေါ်လာ ၂၀ ဘီလီယံကျော် ဖြစ်စေခဲ့တဲ့ ဝါရင်းဘတ်ဖက်ရဲ့ ရင်းနှီးမြုပ်နှံမှုနည်းစနစ်ပဲ ဖြစ်တယ်ဆိုတာကို အဲဒီအချိန်နေ အခုချိန်အထိ ကျမ သိနေပါတယ်။ ကျမစိတ်ကို တကယ်ဆွဲဆောင်နိုင်တာကလည်း ဒီအပိုင်းပါပဲ။ ဒါကြာင့် ဒီအပိုင်းကိုပဲ ကျမ စာအုပ်ရေးတာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အကြောင်းတွေကို ကျမ မရေးပါဘူး။
ဒီစာအုပ်ကို ရေးဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ကျမ ဒေဗစ်ကလပ်ခ်ကို ဆက်သွယ်ခဲ့ပါတယ်။ သူက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူတဦးပါ။ သူဟာ ဘတ်ဖက်မိသားစုရဲ့ မိတ်ဆွေဟောင်းတဦးဖြစ်ပြီး အိုမဟာမှာ နေထိုင်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့ (၁၆) နှစ်က ဝါရင်းဘတ်ဖက်ရဲ့ အိမ်မှာ ကျမ ဆုံခဲ့ပါတယ်။ ဒေးဗစ်က ပီတာ့ကို သူ့အဖေရဲ့ ရင်းနှီးမြုပ်နှံမှုနည်းစနစ်အကြောင်း ရေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ (ဝါရင်းရဲ့ သားသမီးတွေဟာ သူတို့အဖေရဲ့ အလုပ်အကြောင်းကို မသိကြဘူးလို့ အပြင်လူတွေ ထင်ကြတာ မမှန်ပါဘူး။ သားသမီးတွေရဲ့ မွေးဖွားချိန်က စပြီး ဆယ်ကျော်သက်အရွယ် ဖြစ်ချိန်အထိ ဝါရင်းဟာ အိမ်စာကြည့်ခန်းမှာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတချို့ကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုကိစ္စမှာ သားကြီးဟိုးဝတ်ဒ်နဲ့ သမီးလတ်ဆူစီက သားငယ်ပီတာထက် ပိုကျွမ်းကျင်တာ မှန်ပေမယ့် သုံးယောက်စလုံးက သူတို့အဖေရဲ့ ရင်နှီးမြုပ်နှံမှု ပဉ္စလက်အကြောင်းကို ကောင်းကောင်း နားလည်ကြပါတယ်။)
ဝါရင်းဘတ်ဖက်ရဲ့ စီးပွားရေးအမြင်အရ ရင်းနှီးမြုနှံခြင်းဒဿနအကြောင်း စာအုပ်ကို ကူရေးပေးဖို့ ဒေးဗစ်ကို ကျမ ကမ်းလှမ်းခဲ့ပါတယ်။ ဒေးဗစ်ဟာ ဘတ်ဖက်ဗေဒကို လက်တွေ့ကျင့်သုံးနေတဲ့ အတော်ဆုံး လူငယ်တဦးဖြစ်တယ်လို့ ဘတ်ဖက်အသိုင်းအဝိုင်းရဲ့ အတွင်းအပြင်ရှိ လူအများက အသိအမှတ် ပြုထားကြပါတယ်။ သူဟာ ဘဏ္ဍာရေးသမိုင်းပညာရှင်တဦးလည်း ဖြစ်ပါတယ်။ ကျမအနေနဲ့ ဘတ်ဖက်နည်းစနစ်ရဲ့ အတွေးအခေါ်ပိုင်းကို ကောင်းကောင်း တင်ပြနိုင်ပေမယ့် အတွက်အချက်အပိုင်းကို တင်ပြဖို့ကတော့ ဒေးဗစ်လို ကျွမ်းကျင်သူတယောက်ရဲ့ အကူအညီကို လိုအပ်တယ်လို့ ခံစားမိပါတယ်။ ကံကောင်းချင်တော့ ဒေးဗစ်ဟာ ကျမရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ သူ့ရဲ့ အကူအညီနဲ့ ဒီစာအုပ်ဟာ ဝါရင်းဘတ်ဖက်ရဲ့ နည်းစနစ်တွေကို ခိုင်ခိုင်လုံလုံ တင်ပြနိုင်တဲ့ စာအုပ်တအုပ် ဖြစ်လာပါတယ်။
သူ့သားသမီးတွေကို သူ့အတွေးအခေါ်တွေ သင်ပေးလိုစိတ်ကတော့ ဝါရင်းမှာ တက်လိုက်ကျလိုက် ရှိနေခဲ့ပါတယ်။ ကျမနဲ့ ပီတာ လက်ထပ်ပြီးစနှစ်တွေမှာ ဝါရင်းဟာ သူ့သားသမီးတွေနဲ့ သူတို့ရဲ့အိမ်ထောင်ဖက်တွေကို ဒေါ်လာတသောင်းထည့်ထားတဲ့ စာအိပ်ကလေးတွေကို တဦးစီ လက်ဆောင်ပေးပြီး ခရစ်စမတ်မနက်ခင်းကို ကြိုဆိုလေ့ ရှိပါတယ်။ နောက်ပိုင်းကျတော့ ကျမတို့အားလုံးဟာ မိသားစုစီးပွားရေးမှာ ပိုစိတ်ဝင်စားသင့်တယ်လို့ ဝါရင်းက ယူဆတဲ့အတွက် ဒေါ်လာတသောင်းအစား သူနောက်ဆုံးရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီရဲ့ ဒေါ်လာတသောင်းတန် ရှယ်ယာတွေကို ခရစ်စမတ်လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ကတ်ပီတယ်လ်စီးတီးစ်၊ အမေရိကပ်စ်ထရပ်စ်၊ ဖရက်ဒီမက် နဲ့ ဆားဗစ်မာစတာရှယ်ယာတွေဟာ ကျမ ရခဲ့ဘူးတဲ့ ခရစ်စမတ်လက်ဆောင်တွေ ဖြစ်ပါတယ်။
ငွေသား ဒေါ်လာ ၁၀,၀၀၀ ရတာနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၁၀,၀၀၀ ဖိုး ရှယ်ယာတွေ ရတာက ကျမတို့အတွက် ပိုကိုက်တာကို သိပ်မကြာခင် သဘောပေါက်လာပါတယ်။ ဝါရင်းပေးတဲ့ ခရစ်စမတ်လက်ဆောင်တွေဟာ မပျက်မကွက် သိသိသာသာ တန်ဖိုးတက်လာမြဲ ဖြစ်ပါတယ်။ တကယ့်ကို အပေးမရပ်တဲ့ လက်ဆောင်တွေလို့ ဆိုရမှာပါ ဖြစ်ပါတယ်။ ဝါရင်းရဲ့ လက်ဆောင်ထဲမှာ ရှယ်ယာသက်သက်တင် မကဘဲ ဒီရှယ်ယာတွေကို ဝယ်ထားသင့်တယ်ဆိုတဲ့ အကြံကောင်းလည်း ကပ်ပါလာတာမို့ ခရစ်စမတ်ရက်တွေကို ကျမတို့ မျှော်တလင့်လင့် ကြိုဆိုခဲ့ကြရပါတယ်။
တကယ်တော့ ဝါရင်းရဲ့ ရည်ရွယ်ချက်က ဒီထက်မကပါဘူး။ သူ လက်ဆောင်ပေးတဲ့ ရှယ်ယာတွေက ကိုယ်စားပြုတဲ့ ကုမ္ပဏီတွေကို ကျမတို့ စိတ်ဝင်စားလာအောင် လုပ်တဲ့ သဘောလည်း ပါပါတယ်။ ဝါရင်းဘတ်ဖက်ရဲ့ ကာလရှည်မိတ်ဆွေတဦးဖြစ်သူ ရင်းနှီးမြုပ်နှံမှုဆရာကြီး ဝယ်လ်ထာရှလော့စ်က ကုမ္ပဏီတခုရဲ့ ရှယ်ယာတွေကို မပိုင်ပဲနဲ့တော့ အဲဒီကုမ္ပဏီရဲ့ အကြောင်းကို တကယ်မသိနိုင်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သူပြောတာ လုံးဝမှန်ပါတယ်။ ခရစ်စမတ်မှာ ရထားတဲ့ ရှယ်ယာပိုင်ဆိုင်မှုကြောင့် သက်ဆိုင်ရာကုမ္ပဏီတွေက ပို့ပေးတဲ့ နှစ်ပတ်လည်အစဉ်ရင်ခံစာတွေနဲ့ အမြတ်ဝေစုချက်လက်မှတ်တွေဟာ ကျမတို့ရဲ့ စာတိုက်ပုံးထဲကို ရောက်ရောက်လာပါတယ်။ အိမ်သားတွေဟာ ဝေါစထရိဂျာနယ်ကို စွဲစွဲမြဲမြဲ ဖတ်ရှုလာကြပြီး ကိုယ်ရှယ်ယာပိုင်ထားတဲ့ ကုမ္ပဏီတွေကို ဂရုတစိုက် လေ့လာကြပါတော့တယ်။
ဝါရင်းဘတ်ဖက်ဟာ ဝေါလ်စထရိက လူတွေ ပြောလေ့ရှိတဲ့ အရည်မရအဖတ်မရ စကားတွေကို စိတ်မဝင်စားဘူးဆိုတာကို ကျမ သဘောပေါက်လာပါတယ်။ ဝါရင်းဟာ စတော့ခ်ဈေးကွက် အညွှန်းကိန်းတွေရဲ့ အတက်အကျကိုလည်း သိပ်အလေးမထားပါဘူး။ ရှေ့ဖြစ်ဟောဆရာကြီးတွေနဲ့ သူတို့ရဲ့ ခန့်မှန်းချက်တွေကိုတော့ လုံးဝကို စိတ်မဝင်စားတာပါ။ ဝါရင်းဟာ စတော့ရှယ်ယာဈေးကွက်ကြီး ရှိမနေသလို သဘောထားပါတယ်။ ဝါရင်းဟာ ရှယ်ယာဈေးနှုန်း အတက်အကျ ဂရပ်ဖ်ပုံတွေကို ဘယ်တော့မှ မကြည့်သလို ဘယ်သူက ပေးတဲ့ ရှယ်ယာဝယ်ဖို့ အကြံကိုမှ လက်ခံလေ့ မရှိပါဘူး။ ဝါရင်းဟာ သူ အသုံးမကျဘူးလို့ မြင်တဲ့ “ဈေးကွက်ဘယ်တော့မှမမှားသီအိုရီ” (Efficient Market Theory) ကို လှောင်ရတာကို သဘာခွေ့ပါတယ်။ ဝါရင်းဟာ သူပိုင်ဆိုင်လိုတဲ့ ကုမ္ပဏီတခုချင်းကိုပဲ အာရုံစိုက်ပုံ ရပါတယ်။ သူဟာ စူးစူးနစ်နစ် အာရုံစူးစိုက်နိုင်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။
ဘတ်ဖက်ဗေဒသမားကောင်းတွေ လုပ်လေ့ရှိသလို ကျမဟာ ဘာ့ခ်ရှိုင်းယားဟဲသဝေးရဲ့ နှစ်ပတ်လည်အစီရင်ခံစာကောင်းတွေနဲ့ အကျိုးတူစီးပွားဖက်တွေဆီ ဝါရင်း ရေးတဲ့ မူရင်းပေးစာတွေကို စတင်ဖတ်ရူ့လေ့လာခဲ့ပါတယ်။ အားလုံးဟာ စိတ်ဝင်စားစရာအတိပါ။ စတဲန်းဖို့ဒ်တက္ကသိုလ်မှာ စီးပွားရေးဘွဲလွန်ကျောင်းသားတွေကို ဝါရင်း ဟောပြောပို့ချခဲ့တုန်းက ကျမက ကံကောင်းထောက်မစွာနဲ့ နှစ်ကြိမ်သုံးကြိမ်လောက် သူလိုတာလုပ်ပေးဖို့ လိုက်ပါခဲ့ဖူးပါတယ်။ ပီတာနဲ့ ကျမက ခန်းမနောက်ဆုံးတန်းကနေ ဗီဒီယိုကင်မရာနဲ့ သူလက်ချာပေးတာကို မှတ်တမ်းတင်ပေးရပါတယ်။
နောက်တော့ ဘင်ဂျမင်ဂရေဟန်ရဲ့ စာအုပ်တွေဖြစ်တဲ့ "ဥာဏ်ရှိတဲ့ ရင်းနှီးမြုပ်နှံသူ" (The Intelligent Investor) စာအုပ်နဲ့ "အာမခံစာချုပ်များ ခွဲခြမ်းစိတ်ဖြာခြင်း" (Securities Analysis) စာအုပ်တွေကို ကျမ လေ့လာခဲ့ပါတယ်။ ဂရေဟမ်ရဲ့ စာအုပ်တွေဟာ အချက်အလက် ပြည့်စုံပြီး လေးနက်တဲ့ အမြင်တွေ ပါဝင်ပေမယ့် ဝါရင်းဘတ်ဖက်ရဲ့ လက်ရှိအမြင်တွေနဲ့ အတော်ကွာဟသွားခဲ့ပြီလို့ ထင်ရပါတယ်။ ဝါရင်းအတွေးအခေါ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ စီးပွားရေးအမြင်အရ ရင်နှီးမြုပ်နှံခြင်းသဘောတရားကို စတင်တည်ထောင်သူဟာ ဂရေဟမ် ဖြစ်ပါတယ်။
ဒီအချိန်လောက်မှာပဲ ဝါရင်းဟာ သူ့မြေးတွေကို ရင်းနှီးမြုပ်နှံမှုအကြောင်း သင်ကြားပေးဖို့ စိတ်ပါလာပါတယ်။ ကျမရဲ့ ရှစ်နှစ်အရွယ် အမွှာသမီးနှစ်ယောက်ဟာ ဆိုဖာပေါ်မှာ အကျအနထိုင်ပြီး ဝေါလ်စထရိဂျာနယ်ကို ရှေ့မှာချပြီး ဖြန့်ဖတ်နေကြတာကို စတွေ့တဲ့ နေ့ကို ကျမ အမြဲမှတ်မိနေပါတယ်။ သူတို့ဟာ အိုမဟာက အဖိုးအိမ်ကို အလည်သွားရာက ပြန်ရောက်ခါစပါ။ သူတို့ ဝေါလ်စထရိဂျာနယ် ဖတ်နေတာကို မြင်ရတော့ ကျမ မပြုံးဘဲ မနေနိုင်ပါဘူး။ ဘာရင်းနှီမြုပ်နှံမှု အကြံကောင်းတွေ အဖိုးဆီက ရခဲ့သလဲလို့ ကျမက ဟာသစွက်ပြီး မေးလိုက်ပါတယ်။ သူတို့နှစ်ယောက်စလုံး ကျမကို မော့ကြည့်ပြီး "ဖေးလ်စ်ဘာရီ" (Pillsbury) လို့ ဖြေကြပါတယ်။ ပြီးတော့ သူ့အဖိုး သင်ပေးလိုက်တဲ့အတိုင်း ဒီကုမ္ပဏီရဲ့ စားသုံးသူဈေးကွက်ပိုင်စိုးတဲ့ ထုတ်ကုန်တွေကို တဒေါက်ဒေါက် ရွတ်ပြကြပါတယ်။ ဒီထုတ်ကုန်တွေထဲမှာ ဘာဂါကင်းနဲ့ ဟဲဂင်ဒေ့ဇ်ရေခဲမုန့်က သူတို့ရဲ့ အကြိုက်ဆုံးတွေ ဖြစ်နေပါတယ်။ ကိုယ်နားလည်တဲ့ လုပ်ငန်းတွေမှာပဲ ရင်းနှီးမြုပ်နှံပါလို့ ဝါရင်း ပြောလေ့ရှိပါတယ်။ (နှစ်အနည်းငယ်ကြာတော့ ဖေးလ်စ်ဘာရီကုမ္ပဏီကို ဂရဲန်းမက်ထရိုပိုလီတန်ကုမ္ပဏီက ကျမသမီး အမွှာညီအမပြောတဲ့ အချိန်က ဈေးနှုန်းရဲ့ ၂ ဆနဲ့ ဝယ်သွားခဲ့ပါတယ်။)
ဝါရင်းကို စုဆောင်းသူတဦးအဖြစ် ကျမ မြင်လာပါတယ်။ သူက တခြားလူကုံတန်တွေလို ဈေးကြီးတဲ့ ပန်းချီကား၊ အိမ်ကြီးအိမ်ကောင်း၊ ရွက်လှေစတာတွေကို စုတာ မဟုတ်ဘဲ ထူးကဲကောင်းမွန်တဲ့ ကုမ္ပဏီတွေကို စုတာ ဖြစ်ပါတယ်။ ဝါရင်းဟာ သူ့ဘဝရဲ့အချိန်အများစုကို သူ ရင်းနှီးမြုပ်နှံလိုတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရှာဖွေတဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။ ဝါရင်းဟာ စားသုံးသူဈေးကွက်ပိုင်စိုးတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ရှာဖွေခဲ့ပါတယ်။
ကျွမ်းကျင်တဲ့ စုဆောင်းသူတွေလိုပဲ ဝါရင်းဟာ သူ အလွန်နှစ်သက်တဲ့ ကုမ္ပဏီတွေကို ဝယ်တဲ့အခါ ဘယ်ဈေးပေးမလဲဆိုတာကို အလွန် သတိထားပါတယ်။ လုပ်ငန်းတခုကို ဘယ်လောက်ပဲကြိုက်ကြိုက် ဈေးနှုန်းကို ကြိုက်မှ ဝယ်ပါတယ်။ သူတတ်နိုင်တာ မတတ်နိုင်တာနဲ့ မဆိုင်ပါဘူး။ ဈေးတန်မတန်နဲ့ပဲ ဆိုင်ပါတယ်။ ဝါရင်းဟာ ပထမအဆင့်အနေနဲ့ သူကြိုက်တဲ့ လုပ်ငန်းကို ရှာပါတယ်။ ဒုတိယအဆင့်အနေနဲ့ ကြိုက်ဈေးရရင် ဝယ်ပါတယ်။
ဘာကို ဝယ်မှာလဲ ဆိုတာနဲ့ ဘယ်ဈေးနှုန်းပေးမှာလဲ ဆိုတဲ့ သီးသန့် စဉ်းစားရမယ့် ကိစ္စ ၂ ခု ရှိပါတယ်။ ဒီအုပ်ဟာ ဒီကိစ္စ ၂ ခု အကြောင်း ဖြစ်ပါတယ်။ ဘယ်လို ကုမ္ပ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံရမလဲဆိုတာနဲ့ ဘယ်ဈေးနှုန်းပေးရမလဲဆိုတာကို ဝါရင်း ဘယ်လို ဆုံးဖြတ်သလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ဒါက လွယ်လွယ်ရှင်းရှင်းလေးပဲလို့ ထင်စရာ ရှိပါတယ်။ ဒီလိုထင်ရင် မှန်လည်း မှန်ပြီး မှားလည်း မှားပါတယ်။
ခင်ဗျားဟာ ရင်းနှီးမြုပ်နှံမှုအကြောင်းကို တကယ်စိတ်ဝင်စားရင် ဒီစာအုပ်က ခင်ဗျားရဲ့စိတ်ကို အကြီးအကျယ် ဆွဲဆောင်ပါလိမ့်မယ်။ အကျိုးအမြတ်လည်း အကြီးအကျယ် ရပါလိမ့်မယ်။ အသေးစိတ်တွေကို မပြောခင် အရေးပါတဲ့ သဘောတရားတွေကို စာဖတ်သူတွေ တဆင့်ပြီးတဆင့် အရင် နားလည်သွားအောင် ဒေးဗစ်နဲ့ ကျမက ရေးသားတင်ပြထားပါတယ်။ ဒီစာအုပ်ရဲ့ ပထမပိုင်းဟာ သဘောတရားပိုင်းပါ။ ဘယ်လို လုပ်ငန်းအမျိုးအစားတွေမှာ ရင်းနှီးမြုပ်နှံသင့်သလဲဆိုတဲ့ သီအိုရီတွေကို တင်ပြထားပါတယ်။ ဒုတိယပိုင်းကတော့ အတွက်အချက်ပိုင်းပါ။ ဒီအပိုင်းမှာ ကိုယ်ပေးသင့်တဲ့ ဈေးနှုန်း ဆုံးဖြတ်နည်းကို လေ့လာရပါမယ်။ နှစ်ပိုင်းစလုံးဟာ ဝါရင်းဘတ်ဖက်ရဲ့ ရင်းနှီးမြုပ်နှံမှု အတွေးအခေါ်ကို နားလည်ဖို့ အရေးပါပါတယ်။ ဒီစာအုပ်မှာ ဘယ်တုန်းကမှ မထုတ်ဖော်ခဲ့တဲ့ အကြောင်းအရာ အမြောက်အမြားကို ဖော်ပြထားတဲ့အတွက် စာဖတ်သူအတွက် လုံးဝ အသစ်အဆန်း ဖြစ်နေပါလိမ့်မယ်။
အတိတ်မှာ ဝါရင်း ရင်းနှီးမြုပ်နှံခဲ့ပြီး အခုချိန်အထိလည်း ဝါရင်း စိတ်ဝင်စားနေဆဲလို့ ကျမတို့ ယုံကြည်တဲ့ ကုမ္ပဏီ (၅၄) ခုအကြောင်းကိုလည်း တင်ပြထားပါတယ်။ ဒီထဲက အများစုဟာ အခုမှ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်လိုက်တဲ့ ဘတ်ဖက်ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ သတိတော့ထားပါ။ ဘယ်ကုမ္ပဏီတခုခုရဲ့ ရှယ်ယာတွေကိုမှ ဝါရင်း ထပ်ဝယ်ဦးမယ်လို့ အထင်နဲ့ အဲဒီရှယ်ယာတွေကို ဘယ်ဈေးနှုန်းနဲ့ရရ ဝယ်ထားလိုက်တာ ကောင်းမယ်လို့ မတွေးပါနဲ့။ ဈေးမှန်ကို ဘယ်လို ဆုံးဖြတ်ရမလဲဆိုတာကို ပြပေးပါမယ်။ စိတ်ရှည်ရှည် ထားပေးပါ။
ဒီစာအုပ်ကို ဖတ်ရလွယ်အောင် အခန်းတွေကို တိုတိုနဲ့ လိုရင်းမိအောင် တမင်ရည်ရွယ်ပြီး ရေးထားပါတယ်။ အရေးကြီးတဲ့ သဘောတရားတွေကို စာဖတ်သူတွေ စွဲစွဲမြဲမြဲ မှတ်မိအောင် စာအုပ်တအုပ်လုံးမှာ အခွင့်သင့်တိုင်း ပြန်ပြန်ဖော်ပြထားပါတယ်။ ဖတ်လက်စ စာအုပ်ကို တပတ်နှစ်ပတ်လောက် ချထားပြီး ပြန်ကောက်ဖတ်တဲ့အခါ အဆင်ပြေအောင်လို့ပါ။
ဒီစာအုပ်ကို ဖတ်ပြီးသွားရင် စီးပွားရေးအမြင်နဲ့ ချည်းကပ်မှ ဉာဏ်အပါဆုံး ရင်းနှီးမြုပ်နှံမှု ဖြစ်မယ်ဆိုတဲ့ ဂရေဟမ်ရဲ့ လေးနက်တဲ့ အမြင်ကို ဝါရင်းဘတ်ဖက်က ကျွမ်းကျွမ်းကျင်ကျင် လက်တွေ့ အကောင်အထည်ဖော်ခဲ့ပုံကို စာဖတ်သူ အမှန်တကယ် နားလည်လိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ ဒီလို နားလည်တာနဲ့အမျှ စာဖတ်သူဟာ ဝါရင်းလို ဉာဏ်အမြင်ရှိတဲ့ ရင်းနှီးမြုပ်နှံသူတဦး ဖြစ်လာပါလိမ့်မယ်။
မေရီဘတ်ဖက်
လော့စ်အင်ဂျလိစ်၊ ၁၉၉၇
(ကမ်းလက်စာပေမှ မကြာမီ ထုတ်ဝေမည်။)
W&A Business and Finance

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)