Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 10, 2016

လူမှုကွန်ရက်မှ ထိုးဖောက်လာသော အတိုးနှုန်း အဆမတန်ယူသည့် တရားမ၀င်ငွေချေးလုပ်ငန်းများကို သတိပြု


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရတက်လာပြီးသည့် ရှစ်လတာကာလအတွင်းတွင် အသေးစား ငွေချေးလုပ်ငန်းများ ပိုမိုတိုးတက်များပြားလာခဲ့ပြီး ယခုနောက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ တရား မ၀င်လိုင်စင်မဲ့ ငွေချေးနေသူများလည်း ရှိလာခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်ကြေညာ၍ ငွေချေးလုပ်ငန်းလုပ်ကိုင်နေသူအများစုမှာ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်းမဟုတ်ဘဲ လိုင်စင်မဲ့တရားမ၀င်လုပ်ဆောင်နေသူများဖြစ်ပြီး ၎င်းတို့ယူနေကြသော အတိုးနှုန်းမှာလည်း အဆမတန်မြင့်မားလွန်းသည့်အတွက် သတိပြုရမည့်ကိစ္စတခု ဖြစ်လေသည်။ အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့်ဥပဒေအရ အသေးစားငွေချေးလုပ်ငန်းများအတွက် တလလျှင် ၂ ကျပ်ခွဲနှုန်းသာ အတိုးယူဆောင်ခွင့်ရှိသော်လည်း လူမှုကွန်ရက်ပေါ်တွင် တရားမ၀င်လုပ်ကိုင်နေသူများမှာ ၃၀ ကျပ်နှုန်းအထိ ယူဆောင်နေကြသဖြင့် အတိုးနှုန်း ၁၂ ဆ ပိုမိုပေး ဆောင်နေရသော ပမာဏဖြစ်သည်။

အဆိုပါငွေကြေးလုပ်ငန်းများမှ ငွေချေးလိုလျှင် ၎င်းတို့ဖေ့စ်ဘွတ်ပေ့ခ်ျများတွင် တင်ထားသောလင့်ခ်သို့ဝင်၍ ငွေချေးလိုသူ၏ ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းပေးရမည်ဖြစ်ပြီး ၎င်းတို့က ငွေချေးလိုသူထံ ဖုန်းပြန်ခေါ်၍ သက်ဆိုင်ရာ ဘဏ်မှတဆင့် ငွေလွှဲပေးသွားမည်ဟု ဆိုသည်။

ပထမဆုံးအကြိမ်တွင် ငွေကျပ်ငါးသောင်းအထိ ချေးယူနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ငွေချေးသူ၏လစဉ်ရရှိ သော ၀င်ငွေနှုန်းထားအရ တိုးမြှင့်ချေးယူသွားနိုင်မည်ဖြစ်ကြောင်း အဆိုပါငွေချေး လုပ်ငန်းများမှ သိရသည်။

ငွေကျပ်ငါးသောင်းအတွက် တရက်လျှင် ၀န်ဆောင်ခ (၎င်းတို့၏အသုံးအနှုန်းအရ) ၅၀၀ ကျပ်ပေးဆောင်ရမည်ဖြစ်ပြီး အနည်းဆုံး ခုနစ်ရက်မှ အများဆုံး ရက် ၃၀ အတွင်း ပြန်လည်ပေးချေရမည်ဖြစ် သည့်အတွက် ရက် ၃၀ လျှင် ၀န်ဆောင်ခ (အတိုး) တသောင်းခွဲအထိ ကျသင့်သွားမည်ဖြစ်သည်။

''အခုလို တရားမ၀င်လုပ်တာတွေကို အားမပေးဘူး။ ဒီလိုလုပ်ငန်းတွေက အထောက်အကူထက် ဒုက္ခပေးတာက ပိုများတယ်။ ဒီလိုလုပ်နေတာတွေကို အရေးယူသင့်တယ်''ဟု စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ညို(ဘောဂဗေဒ) က ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် လုပ်ဆောင်နေသည့် ငွေချေးလုပ်ငန်းများမှ Micro Money အမည်ရှိ လုပ်ငန်းတခုသို့ ဆက်သွယ်၍ တရားဝင်လိုင်စင်ရယူထားမှုရှိမရှိ မေးမြန်းခဲ့ရာ တိကျသေချာသောအဖြေမရရှိခဲ့ပေ။

''ကျွန်မတို့က စင်ကာပူအခြေစိုက်ပါ။ ရုံးချုပ်က အဲဒီမှာရှိတယ်။ ဒီကရုံးခွဲဖွင့်ထားတာ။ လိုင်စင်တွေဘာတွေကျ တော့ ရုံးပိုင်းဆိုင်ရာဖြစ်သွားပြီ။ ကျွန်မတို့က ၀န်ဆောင်မှုအပိုင်းကဆိုတော့ ပြောပြလို့အဆင်မပြေဘူး''ဟု အဆိုပါငွေချေးလုပ်ငန်းမှ တာဝန်ကျဝန်ထမ်းက ပြန်လည်ပြောကြားခဲ့သည်။

တရားမ၀င်ငွေချေးလုပ်ငန်း ပြုလုပ်နေသူများကို ၂၀၁၁ ခုနှစ် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇ အရ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

''ငွေကြေးလုပ်ငန်းတွေအားလုံးက ဗဟိုဘဏ်ခွင့်ပြုချက်မရဘဲ လုပ်လို့မရဘူး။ လုပ်ခွင့်မရတဲ့အလုပ်တွေကို လုပ်တဲ့လူကို အရေးယူဖို့က အာဏာပိုင်တွေလုပ်ရမှာပေါ့။ ဒီလို လိုင်စင်မဲ့လုပ်နေတာတွေကို ပြည်သူကလည်း တိုင်၊ တာဝန်ရှိသူတွေကလည်း စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့ သူတို့အလုပ် သူတို့လုပ်ပေါ့''ဟု တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

ငွေချေးယူလိုသူများအနေဖြင့်လည်း မိမိတို့ ဆက်သွယ်လုပ်ဆောင်မည့် လုပ်ငန်းများအား သေချာစိစစ်ရွေးချယ်၍ အတိုးပေါ်အတိုးဆင့်၍ အတိုးနွံအတွင်းမနစ်ကြစေရန် သတိပြုကြရတော့မည်ဖြစ်သည်။

နောင်နောင်
News Watch
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment