ခရစ္စဂါ့ဒ်နာ သို့မဟုတ် အိမ်ခြေယာမဲ့ဘ၀မှ မီလျံနာရင်းနှီးမြှုပ်နှံသူ ဖြစ်လာသူ


အများသုံးရေအိမ်ကြမ်းပြင်တခုပေါ်မှာ သားဖြစ်သူနဲ့အတူ အိပ်စက်ခဲ့ဖူးတဲ့ ခရစ္စဂါ့ဒ်နာဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို ဟောလိဝုဒ်ရုပ်ရှင်တခုမှာ ရိုက်ကူးပုံဖော်ခွင့်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့ပါဘူး။

၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ သူဟာ အသက် ၂၇ နှစ်အရွယ်သာရှိသေးပြီး လမ်းလျှောက်တတ်စ သားငယ်နဲ့ ဆန်ဖရန်စစ္စကိုမြို့မှာ အိမ်ခြေယာမဲ့ဘ၀နဲ့ တနှစ်လောက် နေထိုင်ခဲ့ရဖူးပါတယ်။

သူဟာ ကုမ္ပဏီတခုမှာ ၀င်ငွေနိမ့်အလုပ်သင်တဦးအဖြစ် စတော့အရောင်းအ၀ယ် သင်ကြားရေး အစီအစဉ်တခုမှာ ပါဝင်ဖို့ အမည်စာရင်းသွင်းခံခဲ့ရချိန်မှာ နေထိုင်ဖို့ အိမ်တလုံးအတွက် အာမခံအပ်ငွေစာရင်းမြှင့်တင်ဖို့တောင် မလုံလောက်ခဲ့ပါဘူး။

အဲဒီထက်ပိုဆိုးတာတွေက သူဟာ ရထားဘူတာရုံတခုတွင်းက ရေအိမ်ထဲမှာ၊ ပန်းခြံတွေ၊ ဘုရားကျောင်းအမိုးအောက်၊ အလုပ်ခုံစားပွဲအောက်တွေမှာ ကြုံသလို နေထိုင်ခဲ့ရတာပါပဲ။

စွပ်ပြုတ်ရည်သောက်ပြီး နေထိုင်ကာ အလုပ်လုပ်လို့ရလာတဲ့ နည်းပါးလှတဲ့ ၀င်ငွေကို သားဖြစ်သူရဲ့ နေ့ကလေးထိန်းကျောင်းအတွက် အသုံးပြုခဲ့ရတာပါ။

ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပါစေ၊ သူကတော့ အလုပ်ကို မနားမနေ ကြိုးပမ်းခဲ့တာပါ။

ဒီအကျိုးဆက်ကတော့ အလုပ်သင်ကာလပြီးဆုံးချိန်မှာ သူ့ကို အမေရိကန်အခြေစိုက် Dean Witter Reynolds (DWR) စတော့ရှယ်ယာရောင်းဝယ်ရေး ကုမ္ပဏီကြီးက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်လိုက်တာပါပဲ။

နောက်ဆုံးမှာတော့ သူဟာ သားငယ်နဲ့အတူ ကိုယ်ပိုင်အိမ်တလုံး ငှားရမ်းနေထိုင်နိုင်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ ဖြတ်သန်းမှုဘ၀ဟာ တရှိန်ထိုးပဲ ပြောင်းလဲသွားခဲ့ပါပြီ။

၁၉၈၇ ခုနှစ်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Gardner Rich လုပ်ငန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့တာပါ။

ဟောလိဝုဒ်ရောက် ဂါ့ဒ်နာ့ဇာတ်ကြောင်း

လက်ရှိ အသက် ၆၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ခရစ္စဂါ့ဒ်နာမှာ ပိုင်ဆိုင်မှုတန်ဖိုး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၆၀ (ပေါင် ၄၆ သန်း) ရှိနေပြီး ကမ္ဘာတလွှား စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ဟောကြားသူတဦးအဖြစ် လုပ်ဆောင်နေကာ အိမ်ခြေယာမဲ့တွေနဲ့ အမျိုးသမီးတွေ အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ဆောင်ရွက်နေပါပြီ။

Dean Witter Reynolds (DWR) စတော့ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီမှာ အလုပ်သင်အဖြစ် မလုပ်ခင်ကာလက ဂါ့ဒ်နာမှာ ငယ်ဘ၀ဖြတ်သန်းမှု အခက်အခဲပြဿနာပေါင်း များစွာရှိခဲ့ပြီး ထောင်ကျခဲ့ဖူးတဲ့ နေ့ရက်တွေကိုတောင် ဖြတ်သန်းခဲ့ရဖူးတာပါ။

သူ့ဘ၀ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေကို The Persuit of Happyness အမည်နဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ် ရေးသားထုတ်ဝေခဲ့ချိန်မှာ ဒါဟာ အရောင်းရဆုံး စာအုပ်တအုပ် ဖြစ်လာခဲ့ပါတယ်။

ဒီစာအုပ်ကို အခြေတည်ပြီး ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကိုလည်း စာအုပ်နာမည်အတိုင်း ရိုက်ကူးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ပြသခဲ့ရာမှာ သူ့နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ၀ီလ်စမစ်သ်ဟာ အော်စကာဆုစာရင်းမှာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်း ၀င်ခဲ့ပါတယ်။

ဘီဘီစီရုပ်သံဌာနနဲ့ အင်တာဗျူးတခုမှာတော့ ဂါ့ဒ်နာက “ကျနော် ဘာကိုမှ ပြောင်းလဲလိမ့်မှာ မဟုတ်ပါဘူး။ ငယ်ဘ၀နာကျင်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ကျနော့်အဖို့ ၅ နှစ်အရွယ်မှာကတည်းက ကျနော့်ကလေးတွေရလာရင် သူတို့ရဲ့အဖေဟာ ဘယ်သူဖြစ်တယ်ဆိုတာကို သိစေချင်တာတခုပါပဲ။ ကျနော့်ရဲ့ ဘ၀လက်ကျန်အချိန်တွေကတော့ ကံတရားအတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်ဟာ မှန်ကန်တဲ့ ရွေးချယ်မှုတွေကို လုပ်ခဲ့လို့ပါပဲ” လို့ ဖြေခဲ့ပါတယ်။

အားကျအတုယူဖွယ် မိခင်

ဂါ့ဒ်နာကို ၀စ္စကွန်ဆင်ပြည်နယ်၊ မီလ်ဝေါ့ကီမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ဟာ ဘယ်သူဖြစ်တယ်ဆိုတာတောင် သိခွင့်မရခဲ့သူပါ။

သိတတ်တဲ့အရွယ်မှာတော့ မိခင်ဖြစ်သူ ဘက်တီဂျီးန်နဲ့ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ညှဉ်းပန်းတဲ့ ပထွေးဖြစ်သူ အရက်ကျေးကျွန်တဦးနဲ့အတူ ဘ၀ထဲကို ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရတာပါ။

မိခင်ဖြစ်သူဟာ သူ့အဖော်ကိုသတ်ဖို့ မကြိုးစားခင်အချိန်ထိတော့ သူဟာ ကယ်တင်ခြင်းခံရတဲ့ အိမ်ထဲမှာ အချိန်တွေ ကုန်ဆုံးခဲ့ဖူးပါတယ်။

ဒီလောက်ဆိုးဝါးပြင်းထန်လှတဲ့ အခက်အခဲတွေ ရှိနေပေမယ့်လည်း ဂါ့ဒ်နာက မိခင်ဖြစ်သူဟာ သူ့အတွက်တော့ ကိုးကွယ်ရာတခုပါပဲလို့ ပြောပါတယ်။

“အထီးကျန်ဖြတ်သန်းရတဲ့ နေ့တွေတိုင်းမှာ အရိုးခံမိခင်တွေထဲက တယောက်ဖြစ်တဲ့ ကျနော့်အမေဟာ အမြဲပြောလေ့ရှိတယ်ဗျ။ ‘သား။ မင်းလုပ်ချင်တာကို လုပ်နိုင်ပါတယ်။ မင်းအလိုရှိရာ ဘာမဆိုပေါ့’ ဆိုတဲ့ စကားကိုလေ။ ကျနော်ယုံကြည်ခဲ့ပါတယ်။ ဒါကို ရာနှုန်းပြည့် ကျနော်မှတ်သားခဲ့ပါတယ်။”

ကလေးဘ၀တရက်မှာ ရုပ်သံအစီအစဉ်တခုက လာနေတဲ့ ကောလိပ်ဘတ်စကက်ဘောပွဲတခုကို ကြည့်နေတုန်း ဂါ့ဒ်နာက သူတို့ကစားသမားတွေထဲက တယောက် ဖြစ်မယ်ဆိုရင် ဒေါ်လာသန်းနဲ့ချီရမှာပဲလို့ မှတ်ချက်ပေးမိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအချိန်မှာ သူ့ရဲ့မိခင်ဖြစ်သူက “ငါ့သားရယ်။ တနေ့မှာ မင်းလည်း ဒေါ်လာတွေ သန်းနဲ့ချီ ရှာနိုင်ပါလိမ့်မယ်” လို့ အားပေးခဲ့ဖူးတယ်လို့ ပြောပါတယ်။

အခွင့်အလမ်းတို့ ကြုံကြိုက်ချိန်

သန်းချီတဲ့ဒေါ်လာတွေ ရရှိတယ်ဆိုတာ ချက်ချင်းရောက်လာတာမျိုး မဟုတ်ပါဘူး။

ဂါ့ဒ်နာဟာ အထက်တန်းကျောင်းပြီးဆုံးချိန်မှာ အမေရိကန်ရေတပ်ထဲကို ၀င်ရောက်ခဲ့ကာ ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

အဲဒီနောက်တော့ ၁၉၇၄ ခုနှစ်မှာ နုတ်ထွက်ခွင့်ရခဲ့ပြီးနောက် ဆန်ဖရန်စစ္စကိုမြို့မှာ ဆေးဝါးဆိုင်ရာပစ္စည်းတွေ ရောင်းချတဲ့အလုပ်နဲ့ အသက်မွေးခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့ဘ၀ဟာ တဆစ်ချိုးပြောင်းလဲဖို့ အစပြုခဲ့ပြန်ပါတယ်။

တနေ့မှာ အနီရောင် Ferrari ကားတစီးနဲ့ လူတယောက်ကို ကားရပ်နားတဲ့ နေရာတခုအနီးမှာ မြင်ခဲ့ရပါတယ်။

ဂါ့ဒ်နာဟာ သူ့ရဲ့ရပ်တည်နေထိုင်မှုကို မေးကြည့်လိုက်ချိန်မှာ သူက စတော့ရှယ်ယာ အရောင်းအ၀ယ်လုပ်သူမှန်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသားဟာ ဘော့ဘ်ဘရစ်ခ်ျလို့ အမည်ရတဲ့ စတော့အရောင်းအ၀ယ်ပြုလုပ်သူဖြစ်ကာ နောက်တကြိမ် တွေ့ဆုံခဲ့ကြချိန်မှာ စိတ်ဝင်စားနေတဲ့ ဂါ့ဒ်နာကို ဒီလုပ်ငန်းခွင်ထဲကို ရောက်လာစေဖို့ အကူအညီတွေ ပေးခဲ့တာပါ။

သူ့ရဲ့ ဖြစ်ချစ်စိတ်နဲ့ စိတ်အားထက်သန်မှုတွေဟာ အလုပ်တခုကို ရရှိအောင်မြင်စေဖို့ တွန်းအားတွေ ဖြစ်ခဲ့ရတာပါ။

ဘ၀ကို ပြန်လည်သုံးသပ်မိချိန်

ဂါ့ဒ်နာရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရုပ်ရှင် ထွက်ရှိခဲ့ပြီး ၆ နှစ်အကြာမှာတော့ သူ့ဘ၀ဟာ တဆစ်ချိုး ပြောင်းလဲခဲ့ပြန်ပါတယ်။

၂၀၁၂ ခုနှစ်မှာ အသက် ၅၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့လို့ပါပဲ။

သူဟာ ဘ၀ရဲ့ လက်ကျန်အချိန်တွေမှာ ဘယ်လိုရပ်တည်ရှင်သန်မလဲဆိုတာကို ပြန်ပြောင်း သုံးသပ်ခဲ့ရတယ်လို့ ဂါ့ဒ်နာက ပြောပါတယ်။

“ကျနော့်ဇနီးနဲ့ နောက်ဆုံး စကားပြောခဲ့တုန်းက သူပြောခဲ့တာရှိပါတယ်။ နောက်ဆုံးအချိန်မှာ ဖြတ်သန်းဖို့ ဘာတွေလုပ်မလဲဆိုတာပါ။ မင်းမှာ ပြင်းပြတဲ့ စိတ်အားထက်သန်မှု မရှိခဲ့ရင် တယောက်တည်း အထီးကျန်ဖြတ်သန်းရတဲ့အခါမှာ မင်းကိုယ်ကိုပဲ အပေးအယူ လုပ်ရလိမ့်မယ်လို့ ကျနော်က ပြောခဲ့ပါတယ်။”

ခုချိန်မှာတော့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်လုပ်ငန်းတွေမှာ လုပ်ကိုင်လိုစိတ်မရှိတော့တဲ့ ဂါ့ဒ်နာဟာ စာရေးဆရာတယောက်အဖြစ်၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ဟောကြားသူတယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တီထွင်ခဲ့ပါပြီ။

အံ့သြလောက်ဖွယ် သက်သေ

ဂါ့ဒ်နာဟာ တနှစ်မှာ ရက်ပေါင်း ၂၀၀ လောက် ကမ္ဘာ့နိုင်ငံ ၅၀ လောက်ကို ခရီးထွက်ပြီး ပရိသတ်တွေကို ဟောပြောကာ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးသူတဦး ဖြစ်လာခဲ့ပါတယ်။

မောနင်းစတား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ဒါရိုက်တာ စကော့တ်ဘန်းစ်က “သူဟာ အံ့သြလောက်ဖွယ် ကြံ့ကြံ့ခိုင်နိုင်တဲ့ ဇွဲလုံ့လရဲ့ သက်သေခံတခုပါပဲ” လို့ ပြောပါတယ်။

ဂါ့ဒ်နာက “ငယ်ဘ၀မှာ ကြီးပြင်းခဲ့တဲ့ ၀န်းကျင်အတိုင်း ကျနော်တို့အားလုံးဟာ ထုတ်ကုန်တွေသဖွယ် ဖြစ်ကြတယ်” ဆိုတဲ့ အဆိုကို မမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သူပါပဲ။

“တကယ်သာ အဲဒီလိုဖြစ်ရကြေးဆိုရင် ကျနော်ဟာ အရက်သမားတဦးအဖြစ် မိန်းမကို ရိုက်နှက် ဆဲဆိုပြီး ပညာမဲ့ အရှုံးသမားတဦးပဲ ဖြစ်လာသင့်တာပေါ့” လို့ သူက ပြောပါတယ်။

ခုလိုအပြုသဘောဆောင်တဲ့ ရွေးချယ်ဆုံးဖြတ်နိုင်ခဲ့မှုတွေအတွက်တော့ မိခင်အပါအ၀င် တခြားပတ်သက်ခဲ့ဖူးသူတွေကိုပါ ကျေးဇူးတင်တယ်လို့ ဂါ့ဒ်နာက ပြောပါတယ်။

(ဘီဘီစီသတင်းဌာနမှ စီးပွားရေးသတင်းထောက် ဒေ့ဗ်ဂေါ်ဒွန်၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြသည်။)
dvb burmese
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)