ဗိုလ္ခ်ဳပ္၏ ေဒါသ

တစ္ခါေသာ္ ဗိုလ္ခ်ဳပ္သည္ ပန္းေတာင္းျမိဳ႕သို႔ေရာက္စဥ္ ၿမိဳ႕ခံ ဦးထြန္းေရႊ၏ အိမ္၌ ထမင္းစားေလ၏။ စားေသာက္ၿပီး ၿမိဳ႕ထဲသြားရန္ျပင္ေလေသာ္ ဦးထြန္းေရႊမွ
`ခဏေစာင့္ပါ ဗိုလ္ခ်ဳပ္၊ က်ဳပ္တို႔ ကားစီစဥ္ထားပါတယ္`
`အံမယ္... တယ္ဟုတ္ပါလား၊ ကားေတြဘာေတြနဲ႔၊ ဒါနဲ႔ ကားက ဘယ္မွာလဲ`
`ကားက လာေနပါၿပီ ဗိုလ္ခ်ဳပ္၊ ေဖာင္နဲ႔ သယ္လာပါၿပီ။ ခဏပဲေစာင့္ပါ၊ ေရာက္လုပါၿပီ`
`ဘာဗ်၊ ကားကို ေဖာင္နဲ႔ သယ္လာတယ္ ဟုတ္စ၊ ဘယ္က ကားမုိ႔လို႔ ေဖာင္နဲ႔ သယ္ရတာလဲ`
`ဒီလိုပါ ဗိုလ္ခ်ဳပ္၊ ပန္းေတာင္းမွာ ကားေကာင္းေကာင္း မရွိေတာ့ ျပည္ၿမိဳ႕က ကားကို ေဖာင္ေပၚတင္ၿပီး သယ္လာရတာပါ။ မၾကာပါဘူး၊ ေရာက္ေတာ့မွာပါ`
ဗိုလ္ခ်ဳပ္မ်က္ႏွာသည္ ရုတ္တရက္ေဒါသျဖင့္ နီျမန္းသြား၏။ ပထမေသာ္ စီးစရာကား အဆင္သင့္ မျဖစ္သျဖင့္ စိတ္ဆိုးသြားျခင္းျဖစ္သည္ဟု ဦးထြန္းေရႊႏွင့္ ၿမိဳ႕ခံမ်ား ထင္ေသး၏။ သို႔ေသာ္ ဗိုလ္ခ်ဳပ္ စိတ္ဆိုးသည္မွာကား ဤသို႔ျဖစ္ေပေၾကာင္း ေငါက္ငမ္းေျပာဆုိမွ သိရေလသည္။ ဗိုလ္ခ်ဳပ္မွာ သူ႔ကို ထမင္းေကၽြးထားေသာ အိမ္ရွင္ရယ္လို႔လည္း မေထာက္ညွာ၊ သူ႔ကို ကားစီးရေအာင္ ေဆာင္ရြက္ေပးသည္ကိုလည္း ေက်းဇူးမတင္သည့္အျပင္-
`ဒီမွာ ဦးထြန္းေရႊ၊ ခင္ဗ်ား ေတာ္ေတာ္ အသုံးမက်ပါလား။ အခုလို တစ္တိုင္းျပည္လုံး လူေတြဆင္းရဲငတ္ျပတ္ေနတဲ့အခ်ိန္မွာ က်ဳပ္စီးဖို႔ ကားတစ္စီးကို ျပည္ကေန ပန္းေတာင္းအထိ ျမစ္ကူးေခ်ာင္းျခား ေဖာင္နဲ႔သယ္လာတယ္ဆုိတာ ဘယ္ေလာက္ရွက္ဖို႔ ေကာင္းသလဲ။ မေတာ္တဆ ျမစ္ထဲထိုးက်သြားရင္ ဘယ္ေလာက္ေငြေတြ ေလ်ာ္ရမလဲ။ ဒီလိုဖားတာမ်ဳိးကို က်ဳပ္လုံးလုံးမႀကိဳက္ဘူး။ ဒီအတြက္ကုန္မယ့္ေငြေတြကို တိုင္းျပည္လြတ္လပ္ေရးအတြက္ ရန္ပုံေငြထည့္ၾကစမ္းပါ၊ မေယာင္ရာ ဆီမလူးစမ္းပါနဲ႔`
ဦးထြန္းေရႊသည္ သူ႔ကို လူပုံအလယ္တြင္ ႏွစ္ျပားမတန္ေအာင္ ရႈတ္ခ်ေျပာဆိုေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို စိတ္မနာရုံမက ထုိင္ၿပီး ရွိခိုးဦးခ်ခ်င္ေလာက္ေအာင္ပင္ ၾကည္ညိဳလြန္းသျဖင့္ မ်က္ရည္မ်ား၀ဲလာေပေတာ့သည္။
သရ၀ဏ္ (ျပည္) ေရးတဲ့ ``ဗိုလ္ခ်ဳပ္ေအာင္ဆန္းဆုိသည္မွာ`` ကိုယ္ေတြ႕အေျခခံ ေဆာင္းပါးမွ။ (ရည္ညႊန္း- The Politics ႏိုင္ငံေရးဂ်ာနယ္၊ ၁၂ ေဖေဖာ္၀ါရီ၊ ၂၀၁၅)။
........
ဗိုလ်ချုပ်၏ ဒေါသ
==============
တစ်ခါသော် ဗိုလ်ချုပ်သည် ပန်းတောင်းမြို့သို့ရောက်စဉ် မြို့ခံ ဦးထွန်းရွှေ၏ အိမ်၌ ထမင်းစားလေ၏။ စားသောက်ပြီး မြို့ထဲသွားရန်ပြင်လေသော် ဦးထွန်းရွှေမှ
`ခဏစောင့်ပါ ဗိုလ်ချုပ်၊ ကျုပ်တို့ ကားစီစဉ်ထားပါတယ်`
`အံမယ်... တယ်ဟုတ်ပါလား၊ ကားတွေဘာတွေနဲ့၊ ဒါနဲ့ ကားက ဘယ်မှာလဲ`
`ကားက လာနေပါပြီ ဗိုလ်ချုပ်၊ ဖောင်နဲ့ သယ်လာပါပြီ။ ခဏပဲစောင့်ပါ၊ ရောက်လုပါပြီ`
`ဘာဗျ၊ ကားကို ဖောင်နဲ့ သယ်လာတယ် ဟုတ်စ၊ ဘယ်က ကားမို့လို့ ဖောင်နဲ့ သယ်ရတာလဲ`
`ဒီလိုပါ ဗိုလ်ချုပ်၊ ပန်းတောင်းမှာ ကားကောင်းကောင်း မရှိတော့ ပြည်မြို့က ကားကို ဖောင်ပေါ်တင်ပြီး သယ်လာရတာပါ။ မကြာပါဘူး၊ ရောက်တော့မှာပါ`
ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက်ဒေါသဖြင့် နီမြန်းသွား၏။ ပထမသော် စီးစရာကား အဆင်သင့် မဖြစ်သဖြင့် စိတ်ဆိုးသွားခြင်းဖြစ်သည်ဟု ဦးထွန်းရွှေနှင့် မြို့ခံများ ထင်သေး၏။ သို့သော် ဗိုလ်ချုပ် စိတ်ဆိုးသည်မှာကား ဤသို့ဖြစ်ပေကြောင်း ငေါက်ငမ်းပြောဆိုမှ သိရလေသည်။ ဗိုလ်ချုပ်မှာ သူ့ကို ထမင်းကျွေးထားသော အိမ်ရှင်ရယ်လို့လည်း မထောက်ညှာ၊ သူ့ကို ကားစီးရအောင် ဆောင်ရွက်ပေးသည်ကိုလည်း ကျေးဇူးမတင်သည့်အပြင်-
`ဒီမှာ ဦးထွန်းရွှေ၊ ခင်ဗျား တော်တော် အသုံးမကျပါလား။ အခုလို တစ်တိုင်းပြည်လုံး လူတွေဆင်းရဲငတ်ပြတ်နေတဲ့အချိန်မှာ ကျုပ်စီးဖို့ ကားတစ်စီးကို ပြည်ကနေ ပန်းတောင်းအထိ မြစ်ကူးချောင်းခြား ဖောင်နဲ့သယ်လာတယ်ဆိုတာ ဘယ်လောက်ရှက်ဖို့ ကောင်းသလဲ။ မတော်တဆ မြစ်ထဲထိုးကျသွားရင် ဘယ်လောက်ငွေတွေ လျော်ရမလဲ။ ဒီလိုဖားတာမျိုးကို ကျုပ်လုံးလုံးမကြိုက်ဘူး။ ဒီအတွက်ကုန်မယ့်ငွေတွေကို တိုင်းပြည်လွတ်လပ်ရေးအတွက် ရန်ပုံငွေထည့်ကြစမ်းပါ၊ မယောင်ရာ ဆီမလူးစမ်းပါနဲ့`
ဦးထွန်းရွှေသည် သူ့ကို လူပုံအလယ်တွင် နှစ်ပြားမတန်အောင် ရှုတ်ချပြောဆိုသော ဗိုလ်ချုပ်အောင်ဆန်းကို စိတ်မနာရုံမက ထိုင်ပြီး ရှိခိုးဦးချချင်လောက်အောင်ပင် ကြည်ညိုလွန်းသဖြင့် မျက်ရည်များဝဲလာပေတော့သည်။
သရဝဏ် (ပြည်) ရေးတဲ့ ``ဗိုလ်ချုပ်အောင်ဆန်းဆိုသည်မှာ`` ကိုယ်တွေ့အခြေခံ ဆောင်းပါးမှ။ (ရည်ညွှန်း- The Politics နိုင်ငံရေးဂျာနယ်၊ ၁၂ ဖေဖော်ဝါရီ၊ ၂၀၁၅)။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)