Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

သက္တမ္းကုန္သြားၿပီျဖစ္တဲ့ လႊတ္ေတာ္၊ ဘယ္လိုလႊတ္ေတာ္မ်ဳိးလဲ

Burma Politics - Last Parliament Session held in Naypyidaw- MOI
ခုဆိုရင္ အရင္ စစ္အစိုးရက ဖန္တီးေပးခဲ့တဲ့ ပထမ အၾကိမ္ လႊတ္ေတာ္ေတြ သက္တမ္း ကုန္ဆံုးသြားခဲ့ပါျပီ။ ဇန္န၀ါရီ(၂၈) နဲ႔ (၂၉ )ရက္ေန႔ မွာေတာ့ ျပည္သူ႕လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ နဲ႔ ျပည္ေထာင္စု လႊတ္ေတာ္ေတြမွာ ႏွဳတ္ဆက္ပြဲေတြ က်င္းပၾကပါတယ္။ အားလံုးလိုလိုေသာ အမတ္ေတြက သူတုိ႔ လႊတ္ေတာ္ကို သူတုိ႔ ခ်ီးမြမ္းခန္းေတြ ဖြင့္ျပီး လႊတ္ေတာ္ မွတ္တမ္းထဲ ၀င္ေအာင္ ေျပာဆိုၾကပါတယ္။ အဓိက ေျပာၾက ဆိုၾကတာက ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း လႊတ္ေတာ္ေတြ ျပန္ေပၚေပါက္လာျပီး သူတုိ႔ေတြက အသက္သြင္းခဲ့တယ္ ဆိုတာမ်ိဳး၊ လႊတ္ေတာ္တြင္းမွာ ပါတီစြဲ လူမ်ိဳးစြဲ မထားပဲ တုိင္းျပည္ေကာင္းရာ ေကာင္းက်ိဳး လုပ္ခဲ့ၾကတယ္ ဆိုတာမ်ိဳး၊ ျပည္သူ႕အသံ လႊတ္ေတာ္ အသံ ဆိုျပီး ျပည္သူေတြ အက်ိဳးအတြက္ လုပ္ကိုင္ေဆာင္ရြက္ခဲ့ၾကတယ္ဆိုတာမ်ိဳး၊ ဘယ္ေလာက္ ပင္ပန္းဆင္းရဲျခင္းၾကီးစြာနဲ႔ ဒုကၡခံျပီး လုပ္ခဲ့ကိုင္ခဲ့ၾကတယ္ ဆိုတာမ်ိဳးေတြပါ။ ကုန္ဆံုးသြားျပီျဖစ္တဲ့ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္ေတြဟာ ဘယ္လို လႊတ္ေတာ္ေတြ ျဖစ္ခဲ့သလဲ ဆိုတာ ဒီတစ္ပါတ္ ေဆြးေႏြး တင္ျပသြားပါ့မယ္။

သူရဦးေရႊမန္းနဲ႔ ဦးခင္ေအာင္ျမင့္ စစ္ဗိုလ္ခ်ဳပ္ႏွစ္ေယာက္ကို တာ၀န္ေပးခဲ့တဲ့ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္ေတြကို ျပန္ၾကည့္ရင္ တကယ့္ လႊတ္ေတာ္ေတြအလား ပီပီျပင္ျပင္ အသက္၀င္ေအာင္ လုပ္ခဲ့တာကိုေတာ့ ခ်ီးက်ဴးရမွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ တိုင္းနဲ႔ ျပည္နယ္ ၁၄ ခုက ၁၄ ခုေသာ လႊတ္ေတာ္ေတြအားလံုး တစ္ခုမွ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္လို အသက္ မ၀င္ခဲ့လို႔ ျဖစ္ပါတယ္။ လႊတ္ေတာ္ သက္တန္းကာလ အတြင္း ေခတ္စနစ္နဲ႔ ေလ်ာ္ညီျခင္း မရွိတဲ့ ဥပေဒ ေတြကုိ ဖ်က္သိမ္းတာ၊ ျပင္ဆင္တာ၊ အသစ္ လိုအပ္တဲ့ ဥပေဒေတြကို ေရးဆြဲ ျပဌာန္းတာေတြကိုေတာ့ လုပ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ဒီ ျပဌာန္းလိုက္တဲ့ ဥပေဒေတြဟာ တကယ့္ ျပည္သူလူထု အက်ိဳးအတြက္ ျဖစ္ရဲ႕လား၊ အာဏာရွင္ေတြရဲ႕ ဖိႏွိပ္မွဳေတြကို ဖယ္ရွားေပးထားတဲ့ ဥပေဒေတြ ျဖစ္ရဲ႕လား ဆိုတာကေတာ့ ေဆြးေႏြးစရာ အမ်ားၾကီး ရွိေနပါတယ္။

နမူနာအားျဖင့္ ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္တင္ေျမွာက္ျခင္း ဆိုင္ရာ ဥပေဒ ဆိုရင္ ဒီမိုကေရစီလည္း မက်၊ ရွဳတ္လည္း ရွဳတ္ေထြး အေျခအေနမ်ိဳး ျဖစ္ေအာင္ ျပဌာန္းထားတာ ေတြ႕ရမယ္ ျဖစ္ပါတယ္။ အဲလို ရွဳတ္္ေထြးတဲ့ ဥပေဒေၾကာင့္ပဲ အရင္ အာဏာရွင္ ေခတ္က အတုိင္း ျပည္သူလူထုကို ဆန္႔က်င္သူေတြ၊ ကိုယ္က်ိဳးသမားေတြ ေအာက္ေျခ ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴး ေနရာေတြကို ဆက္ျပီး ရယူထားႏိုင္ေသးတာ ေတြ႕ရပါတယ္။ ေနာက္ တစ္ခုက ျငိမ္းခ်မ္းစြာ စုရံုး စီတန္း ဆႏၵျပခြင့္ ဆိုင္ရာ ဥပေဒ ျဖစ္ပါတယ္။ လႊတ္ေတာ္က ျပဌာန္းလိုက္တဲ့ အဲဒီ ဥပေဒကို အေၾကာင္းျပဳျပီးေတာ့ပဲ ေက်ာင္းသားနဲ႔ လူေပါင္းမ်ားစြာ ဖမ္းဆီး၊ တရားရံုး တင္ပို႔ခံရ၊ အက်ဥ္းခ် ခံေနရတာ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ မ်ိဳးေစာင့္ ဥပေဒေတြ ျဖစ္ပါတယ္။ ႏုိင္ငံနဲ႔ တုိင္းရင္းသားျပည္သူေတြ အတြက္ အက်ိဳးရွိေစမယ့္ ဥပေဒေတြလို႔ သတ္မွတ္ဖို႔ အလြန္ခက္ခဲပါတယ္။ ဒါေတြက နမူနာ သေဘာေလာက္ပါ။ လက္ရွိ လႊတ္ေတာ္ဟာ အဲလို ဥပေဒ အမ်ားၾကီး ျပဌာန္းခဲ့ပါတယ္။

ေနာက္တစ္ခ်က္ လႊတ္ေတာ္ဟာ သမၼတ နဲ႔ အစိုးရ အဖြဲ႕ကို ထိန္းေက်ာင္းတယ္၊ ထိန္းညွိတယ္ ဆိုတဲ့ ကိစၥပါ။ တကယ့္တကယ္က်ေတာ့ အဲဒီကိစၥေတြထဲမွာ အက်ိဳးစီးပြားဆိုင္ရာ ကိစၥေတြ၊ ဂုိဏ္းဂဏ တုိက္ပြဲ ျပသနာေတြ အမ်ားၾကီး ပါ၀င္ေနတာ ေတြ႕ႏိုင္ပါတယ္။ စစ္အစိုးရ ေခတ္လြန္ကို ျပန္ၾကည့္ရင္ လႊတ္ေတာ္ထဲကို အမတ္ျဖစ္ျပီး ေရာက္သြားသူေတြထဲမွာ အရင္ အခြင့္ထူးရခဲ့တဲ့ ၀န္ၾကီးေဟာင္းေတြနဲ႔ ခရိုနီေတြ ပါသြားၾကပါတယ္။ လႊတ္ေတာ္ကို သူတို႔ ၾကီးစိုး လႊမ္းမိုးထားပါတယ္။

တစ္ဖက္မွာ အစိုးရ အာဏာရလာတဲ့ သမၼတ ဦးသိန္းစိန္ ဘက္မွာလည္း သူတို႔ အုပ္စုနဲ႔ သူတုိ႔ ရွိၾကပါတယ္။ သမၼတ ဦးသိန္းစိန္ ဘက္မွာ တန္ခိုးၾကီးလာတဲ့ ၀န္ၾကီး ဦးစိုးသိန္းနဲ႔ အုပ္စုဟာ လႊတ္ေတာ္ထဲ ေရာက္သြားတဲ့ ၀န္ၾကီးေဟာင္းေတြနဲ႔ ခရိုနီ အုပ္စုေတြကို အရင္ေခတ္တုန္းကလို အခြင့္ထူးေတြ မေပးေတာ့ပါဘူး။ ပံုစံ အသစ္၊ လူအသစ္ေတြနဲ႔ လုပ္ပါတယ္။ ဒီလုိနည္းနဲ႔ အခြင့္ထူးမရေတာ့တဲ့ လႊတ္ေတာ္ဘက္က ခရိုနီ အသိုင္းအ၀ိုင္း အုပ္စု အစိုးရဘက္ကို အမ်က္ေတာ္ရွပါတယ္။ ေနာက္ပိုင္း အစိုးရဘက္က လုပ္ရပ္ေတြ အထူးသျဖင့္ စီးပြားေရး ဆိုင္ရာ လုပ္ရပ္ေတြကို ေစ့ေစ့စပ္စပ္ ၾကည့္ရွဳ ေ၀ဖန္ပါေတာ့တယ္။ ဒါဟာ အစိုးရနဲ႔ လႊတ္ေတာ္ ပံုမွန္ Check and Balance လုပ္တာမ်ိဳး မဟုတ္ပါဘူး။ ဥပမာအားျဖင့္ မိုဘိုင္းဖုန္း ဆက္သြယ္ေရး လုပ္ငန္းမွာ ႏုိင္ငံျခား ေအာ္ပေရတာေတြကို လုပ္ကိုင္ခြင့္ျပဳတဲ့ ကိစၥ၊ ႏုိင္ငံျခား ဘဏ္ေတြကို ၀င္ေရာက္ ရင္းႏွီးျမွဳပ္ႏွံခြင့္ေပးတဲ့ ကိစၥေတြမွာဆိုရင္ လႊတ္ေတာ္ ဘက္က အသည္းအသန္ ကန္႔ကြက္တာမ်ိဳး လုပ္ခဲ့တာ ျဖစ္ပါတယ္။

လႊတ္ေတာ္ဘက္က မေအာင္မျမင္ ဇာတ္ေမ်ာျဖစ္ေအာင္ လုပ္လိုက္တဲ့ ျပသနာၾကီးတစ္ခုလည္း ရွိပါေသးတယ္။ အဲဒါကေတာ့ သိမ္းဆည္းထားတဲ့ ေျမယာေတြ ျပည္သူေတြ လက္ထဲ ျပန္ေရာက္ေရး ကိစၥပါ။ တကယ္ေတာ့ အရင္ စစ္အစိုးရ လက္ထက္က လယ္သိမ္းယာသိမ္း ျပသနာဟာ အေတာ့္ကို နက္ရွိဳင္းက်ယ္ျပန္႔ပါတယ္။ သိမ္းသူေတြကလည္း မ်ိဳးစံုပါတယ္။ တပ္မေတာ္၊ ဌာနဆိုင္ရာ၊ စစ္ဗိုလ္ နဲ႔ ခရိုနီသူေဌး စံုေနေအာင္ ပါပါတယ္။ လယ္သိမ္းယာသိမ္း လုပ္ခဲ့တဲ့သူေတြ အမ်ားၾကီးကလည္း လႊတ္ေတာ္ထဲ အမတ္ျဖစ္ေနတာေတြလည္း ရွိေနပါတယ္။ ေနာက္ဆံုး အဲဒီ လယ္ယာေျမ သိမ္းဆည္းခံရမွဳ ကိစၥေတြ ကိုင္တြယ္ေျဖရွင္းေပးတဲ့ လႊတ္ေတာ္ဘက္ကလည္း ျပသနာကို ရွင္းလင္းတဲ့အထိ မကိုင္တြယ္ပဲ ဇာတ္ေမ်ာအျဖစ္ လုပ္ကိုင္ခဲ့တာ ေတြ႕ႏိုင္ပါတယ္။

လႊတ္ေတာ္ရဲ႕ အေရးအၾကီးဆံုးေသာ ျပသနာ တစ္ခုကေတာ့ ဖြဲ႕စည္းပံုျပင္ေရးကို ေကာင္းေကာင္းမြန္မြန္ မလုပ္ခဲ့တာပါ။ ေရြးေကာက္ခံ နဲ႔ တပ္ေတာ္သားေတြ ညွိႏွိဳင္းျပီး ဖြဲ႕စည္းပံုကို ျဖစ္သင့္ျဖစ္ထိုက္တဲ့ အေနအထား ျပင္ဖို႔ ၾကိဳးစားရမွာကို ဖြဲ႕စည္းပံုျပင္ေရးေကာ္မတီ ထဲကေန တပ္မေတာ္သားေတြကိုေရာ အျခားပါတီ၀င္ေတြကိုပါ ထုတ္ပယ္၊ သူရဦးေရႊမန္း သေဘာက်တာကိုပဲ ျပင္ဖု႔ိ ျပည္ခုိင္ျဖိဳးပါတီက လုပ္ခဲ့တာပါ။ ေနာက္ဆံုး တပ္မေတာ္ဘက္က ပယ္ခ်ခဲ့ျပီး ဘာတစ္ခုမွ အရာမထင္ခဲ့ပါဘူး။

လႊတ္ေတာ္ ေနာက္ဆံုးေန႔ ဇန္န၀ါရီ ၂၈ ရက္ေန႔မွာ သမၼတ ဦးသိန္းစိန္ေရာ သူရဦးေရႊမန္းပါ စကားေျပာၾကပါတယ္။ သမၼတ ဦးသိန္းစိန္က “ ထိပ္တိုက္ရင္ဆိုင္မွဳမ်ား ၾကံဳေတြ႕ရေသာ္လည္း ပုဂၢိဳလ္္ေရး ထိခိုက္နာက်င္မွဳမ်ားကို ေမ့ေပ်ာက္၍ သည္းခံေဆာင္ရြက္ခဲ့တယ္”ဆိုျပီး ေျပာခဲ့သလို သူရဦးေရႊမန္းကလည္း “ၾကိဳးစားရင္း ၾကိဳးစားရင္းနဲ႔ ကၽြန္ေတာ့္မွာလည္း ဒါဏ္ရာ ဒါဏ္ခ်က္ေတြ အမ်ားၾကီးရပါတယ္။ ဒီလုိပဲ ကၽြန္ေတာ္နဲ႔ နီးစပ္သူေတြလည္း ဒါဏ္ရာ ဒါဏ္ခ်က္ေတြ အမ်ားၾကီး ရပါတယ္။” လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါဟာ လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႕ ျဖစ္ပြားခဲ့တဲ့ ဂိုဏ္းဂဏ တုိက္ပြဲကို ထင္ဟပ္ေစတဲ့ စကားလံုးေတြ ျဖစ္ပါတယ္။ အားလံုးကို ျခံဳငံုသံုးသပ္လိုက္ရင္ ကုန္လြန္ခဲ့တဲ့ လႊတ္ေတာ္ သက္တန္းဟာ ျပည္သူ႕ဆႏၵ လႊတ္ေတာ္ ဆႏၵ ဆိုတာထက္ ကိုယ္က်ိဳးစီးပြားနဲ႔ ဂိုဏ္းဂဏ တိုက္ပြဲေတြ ပိုျပီး လႊမ္းမိုးခဲ့တဲ့ လႊတ္ေတာ္လို႔ သတ္မွတ္ရင္ ပို နီးစပ္မွာ ျဖစ္ပါေၾကာင္း သံုးသပ္တင္ျပလိုက္ရပါတယ္။

ဦးစည္သူေအာင္ျမင့္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................................................................................
 Burma Politics - Last Parliament Session held in Naypyidaw- MOI
ခုဆိုရင် အရင် စစ်အစိုးရက ဖန်တီးပေးခဲ့တဲ့ ပထမ အကြိမ် လွှတ်တော်တွေ သက်တမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ ဇန်နဝါရီ(၂၈) နဲ့ (၂၉ )ရက်နေ့ မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော်တွေမှာ နှုတ်ဆက်ပွဲတွေ ကျင်းပကြပါတယ်။ အားလုံးလိုလိုသော အမတ်တွေက သူတို့ လွှတ်တော်ကို သူတို့ ချီးမွမ်းခန်းတွေ ဖွင့်ပြီး လွှတ်တော် မှတ်တမ်းထဲ ၀င်အောင် ပြောဆိုကြပါတယ်။ အဓိက ပြောကြ ဆိုကြတာက နှစ်ပေါင်း ၂၀ ကျော်အတွင်း လွှတ်တော်တွေ ပြန်ပေါ်ပေါက်လာပြီး သူတို့တွေက အသက်သွင်းခဲ့တယ် ဆိုတာမျိုး၊ လွှတ်တော်တွင်းမှာ ပါတီစွဲ လူမျိုးစွဲ မထားပဲ တိုင်းပြည်ကောင်းရာ ကောင်းကျိုး လုပ်ခဲ့ကြတယ် ဆိုတာမျိုး၊ ပြည်သူ့အသံ လွှတ်တော် အသံ ဆိုပြီး ပြည်သူတွေ အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတယ်ဆိုတာမျိုး၊ ဘယ်လောက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ ဒုက္ခခံပြီး လုပ်ခဲ့ကိုင်ခဲ့ကြတယ် ဆိုတာမျိုးတွေပါ။ ကုန်ဆုံးသွားပြီဖြစ်တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေဟာ ဘယ်လို လွှတ်တော်တွေ ဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် စစ်ဗိုလ်ချုပ်နှစ်ယောက်ကို တာဝန်ပေးခဲ့တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေကို ပြန်ကြည့်ရင် တကယ့် လွှတ်တော်တွေအလား ပီပီပြင်ပြင် အသက်ဝင်အောင် လုပ်ခဲ့တာကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ၁၄ ခုသော လွှတ်တော်တွေအားလုံး တစ်ခုမှ ပြည်ထောင်စု အဆင့် လွှတ်တော်လို အသက် မဝင်ခဲ့လို့ ဖြစ်ပါတယ်။ လွှတ်တော် သက်တန်းကာလ အတွင်း ခေတ်စနစ်နဲ့ လျော်ညီခြင်း မရှိတဲ့ ဥပဒေ တွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ် လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲ ပြဌာန်းတာတွေကိုတော့ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ပြဌာန်းလိုက်တဲ့ ဥပဒေတွေဟာ တကယ့် ပြည်သူလူထု အကျိုးအတွက် ဖြစ်ရဲ့လား၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ဖယ်ရှားပေးထားတဲ့ ဥပဒေတွေ ဖြစ်ရဲ့လား ဆိုတာကတော့ ဆွေးနွေးစရာ အများကြီး ရှိနေပါတယ်။

နမူနာအားဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ ဆိုရင် ဒီမိုကရေစီလည်း မကျ၊ ရှုတ်လည်း ရှုတ်ထွေး အခြေအနေမျိုး ဖြစ်အောင် ပြဌာန်းထားတာ တွေ့ရမယ် ဖြစ်ပါတယ်။ အဲလို ရှုတ််ထွေးတဲ့ ဥပဒေကြောင့်ပဲ အရင် အာဏာရှင် ခေတ်က အတိုင်း ပြည်သူလူထုကို ဆန့်ကျင်သူတွေ၊ ကိုယ်ကျိုးသမားတွေ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူး နေရာတွေကို ဆက်ပြီး ရယူထားနိုင်သေးတာ တွေ့ရပါတယ်။ နောက် တစ်ခုက ငြိမ်းချမ်းစွာ စုရုံး စီတန်း ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေ ဖြစ်ပါတယ်။ လွှတ်တော်က ပြဌာန်းလိုက်တဲ့ အဲဒီ ဥပဒေကို အကြောင်းပြုပြီးတော့ပဲ ကျောင်းသားနဲ့ လူပေါင်းများစွာ ဖမ်းဆီး၊ တရားရုံး တင်ပို့ခံရ၊ အကျဉ်းချ ခံနေရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မျိုးစောင့် ဥပဒေတွေ ဖြစ်ပါတယ်။ နိုင်ငံနဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် အကျိုးရှိစေမယ့် ဥပဒေတွေလို့ သတ်မှတ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါတွေက နမူနာ သဘောလောက်ပါ။ လက်ရှိ လွှတ်တော်ဟာ အဲလို ဥပဒေ အများကြီး ပြဌာန်းခဲ့ပါတယ်။

နောက်တစ်ချက် လွှတ်တော်ဟာ သမ္မတ နဲ့ အစိုးရ အဖွဲ့ကို ထိန်းကျောင်းတယ်၊ ထိန်းညှိတယ် ဆိုတဲ့ ကိစ္စပါ။ တကယ့်တကယ်ကျတော့ အဲဒီကိစ္စတွေထဲမှာ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ၊ ဂိုဏ်းဂဏ တိုက်ပွဲ ပြသနာတွေ အများကြီး ပါ၀င်နေတာ တွေ့နိုင်ပါတယ်။ စစ်အစိုးရ ခေတ်လွန်ကို ပြန်ကြည့်ရင် လွှတ်တော်ထဲကို အမတ်ဖြစ်ပြီး ရောက်သွားသူတွေထဲမှာ အရင် အခွင့်ထူးရခဲ့တဲ့ ၀န်ကြီးဟောင်းတွေနဲ့ ခရိုနီတွေ ပါသွားကြပါတယ်။ လွှတ်တော်ကို သူတို့ ကြီးစိုး လွှမ်းမိုးထားပါတယ်။

တစ်ဖက်မှာ အစိုးရ အာဏာရလာတဲ့ သမ္မတ ဦးသိန်းစိန် ဘက်မှာလည်း သူတို့ အုပ်စုနဲ့ သူတို့ ရှိကြပါတယ်။ သမ္မတ ဦးသိန်းစိန် ဘက်မှာ တန်ခိုးကြီးလာတဲ့ ၀န်ကြီး ဦးစိုးသိန်းနဲ့ အုပ်စုဟာ လွှတ်တော်ထဲ ရောက်သွားတဲ့ ၀န်ကြီးဟောင်းတွေနဲ့ ခရိုနီ အုပ်စုတွေကို အရင်ခေတ်တုန်းကလို အခွင့်ထူးတွေ မပေးတော့ပါဘူး။ ပုံစံ အသစ်၊ လူအသစ်တွေနဲ့ လုပ်ပါတယ်။ ဒီလိုနည်းနဲ့ အခွင့်ထူးမရတော့တဲ့ လွှတ်တော်ဘက်က ခရိုနီ အသိုင်းအဝိုင်း အုပ်စု အစိုးရဘက်ကို အမျက်တော်ရှပါတယ်။ နောက်ပိုင်း အစိုးရဘက်က လုပ်ရပ်တွေ အထူးသဖြင့် စီးပွားရေး ဆိုင်ရာ လုပ်ရပ်တွေကို စေ့စေ့စပ်စပ် ကြည့်ရှု ဝေဖန်ပါတော့တယ်။ ဒါဟာ အစိုးရနဲ့ လွှတ်တော် ပုံမှန် Check and Balance လုပ်တာမျိုး မဟုတ်ပါဘူး။ ဥပမာအားဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှာ နိုင်ငံခြား အော်ပရေတာတွေကို လုပ်ကိုင်ခွင့်ပြုတဲ့ ကိစ္စ၊ နိုင်ငံခြား ဘဏ်တွေကို ၀င်ရောက် ရင်းနှီးမြှုပ်နှံခွင့်ပေးတဲ့ ကိစ္စတွေမှာဆိုရင် လွှတ်တော် ဘက်က အသည်းအသန် ကန့်ကွက်တာမျိုး လုပ်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ဘက်က မအောင်မမြင် ဇာတ်မျောဖြစ်အောင် လုပ်လိုက်တဲ့ ပြသနာကြီးတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သိမ်းဆည်းထားတဲ့ မြေယာတွေ ပြည်သူတွေ လက်ထဲ ပြန်ရောက်ရေး ကိစ္စပါ။ တကယ်တော့ အရင် စစ်အစိုးရ လက်ထက်က လယ်သိမ်းယာသိမ်း ပြသနာဟာ အတော့်ကို နက်ရှိုင်းကျယ်ပြန့်ပါတယ်။ သိမ်းသူတွေကလည်း မျိုးစုံပါတယ်။ တပ်မတော်၊ ဌာနဆိုင်ရာ၊ စစ်ဗိုလ် နဲ့ ခရိုနီသူဌေး စုံနေအောင် ပါပါတယ်။ လယ်သိမ်းယာသိမ်း လုပ်ခဲ့တဲ့သူတွေ အများကြီးကလည်း လွှတ်တော်ထဲ အမတ်ဖြစ်နေတာတွေလည်း ရှိနေပါတယ်။ နောက်ဆုံး အဲဒီ လယ်ယာမြေ သိမ်းဆည်းခံရမှု ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းပေးတဲ့ လွှတ်တော်ဘက်ကလည်း ပြသနာကို ရှင်းလင်းတဲ့အထိ မကိုင်တွယ်ပဲ ဇာတ်မျောအဖြစ် လုပ်ကိုင်ခဲ့တာ တွေ့နိုင်ပါတယ်။

လွှတ်တော်ရဲ့ အရေးအကြီးဆုံးသော ပြသနာ တစ်ခုကတော့ ဖွဲ့စည်းပုံပြင်ရေးကို ကောင်းကောင်းမွန်မွန် မလုပ်ခဲ့တာပါ။ ရွေးကောက်ခံ နဲ့ တပ်တော်သားတွေ ညှိနှိုင်းပြီး ဖွဲ့စည်းပုံကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား ပြင်ဖို့ ကြိုးစားရမှာကို ဖွဲ့စည်းပုံပြင်ရေးကော်မတီ ထဲကနေ တပ်မတော်သားတွေကိုရော အခြားပါတီဝင်တွေကိုပါ ထုတ်ပယ်၊ သူရဦးရွှေမန်း သဘောကျတာကိုပဲ ပြင်ဖို့ ပြည်ခိုင်ဖြိုးပါတီက လုပ်ခဲ့တာပါ။ နောက်ဆုံး တပ်မတော်ဘက်က ပယ်ချခဲ့ပြီး ဘာတစ်ခုမှ အရာမထင်ခဲ့ပါဘူး။

လွှတ်တော် နောက်ဆုံးနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရော သူရဦးရွှေမန်းပါ စကားပြောကြပါတယ်။ သမ္မတ ဦးသိန်းစိန်က “ ထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့ရသော်လည်း ပုဂ္ဂိုလ််ရေး ထိခိုက်နာကျင်မှုများကို မေ့ပျောက်၍ သည်းခံဆောင်ရွက်ခဲ့တယ်”ဆိုပြီး ပြောခဲ့သလို သူရဦးရွှေမန်းကလည်း “ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်တော့်မှာလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီးရပါတယ်။ ဒီလိုပဲ ကျွန်တော်နဲ့ နီးစပ်သူတွေလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီး ရပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းဂဏ တိုက်ပွဲကို ထင်ဟပ်စေတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အားလုံးကို ခြံုငုံသုံးသပ်လိုက်ရင် ကုန်လွန်ခဲ့တဲ့ လွှတ်တော် သက်တန်းဟာ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ ဆိုတာထက် ကိုယ်ကျိုးစီးပွားနဲ့ ဂိုဏ်းဂဏ တိုက်ပွဲတွေ ပိုပြီး လွှမ်းမိုးခဲ့တဲ့ လွှတ်တော်လို့ သတ်မှတ်ရင် ပို နီးစပ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment