CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 25, 2015
ဆက်စီတို့၏ည
ကိုယ်လုံးကိုယ်ပေါက် ဖွံ့ဖွံ့ထွားထွားနှင့် အမျိုးသမီးနှစ်ယောက်သည် အလယ်က စတီးတိုင်လေးကိုပတ်ကာ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်ကောက်ကွေးနေသည်။ ဘောင်းဘီတိုအကျပ်နှင့် ခါးတိုအင်္ကျီအကျပ်ကိုသာ ဝတ်ထားခြင်းကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းများကို ပို၍ထင်ရှားစေသည်။ မြူးကြွသည့်တေးသံနှင့် ဒစ္စကိုမီးတန်းများကလည်း ဖြာထွက်လှပနေ၏။ ပတ်ပတ်လည်တွင် အမျိုးသားပရိသတ်များက အများစုဖြစ်သည်။ စမတ်ဖုန်းကင်မရာများကလည်း ဒစ္စကိုမီးတန်းများနှင့်အပြိုင် တဖျက်ဖျက်တလက်လက်။
ထိုမြင်ကွင်းမှာ ကျေးလက်တောရွာများတွင် လုပ်လေ့ရှိသည့် ကြက်ဖခွပ်ပွဲကို သွားသတိရစေသည်။
အလယ်စည်းဝိုင်းထဲတွင် အပြင်းအထန်ခွပ်နေကြသည့် တိုက်ကြက်ဖများအား ဘေးပတ်ပတ်လည်မှ
ပရိသတ်များက လက်ခုပ်လက်ဝါးတီးအားပေးနေကြသည့် မြင်ကွင်းမျိုးဖြစ်၏။ သို့သော် ကြီးမားသည့်ကွာခြားမှုက နူးညံ့ပျော့ပျောင်းစွာ ဟန်ချက်ညီလှုပ်ရှားမှုပင်ဖြစ်သည်။
အောက်တိုဘာ ၁ ရက်ညက ရှစ်မိုင်ဟိုတယ်ရန်ကုန်ဝင်းထဲရှိ ဗီအိုင်ပီဘားတွင် ပြုလုပ်ခဲ့သည့် Dance for Life Party မြင်ကွင်းပင်ဖြစ်သည်။ ပွဲမကျင်းပမီ တစ်လကျော်ကျော်ခန့်အလိုကပင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာများတွင် Sexy မော်ဒယ်အဖြစ် လူသိများလာသည့် ဇွန်သဉ္ဇာနှင့် ဇာဇာထက်တို့၏ ဓာတ်ပုံများဖြင့် Sexy Show သဖွယ် ကြော်ငြာမှုများက ပလူပျံလျက်ရှိသည်။ လာရောက်ကြည့်ရှုသူများကလည်း ဇွန်ကြီးနှင့် ဇာကြီးတို့ မည်သို့မည်ပုံ တင်ဆက်ပြသမည်ကို သိလိုကြသည်နှင့် လာရောက်ကြခြင်းပင်။ သို့သော် တကယ်တမ်းသူတို့၏ ကပြဖျော်ဖြေသွားခဲ့သည့်အချိန်က ၁၀ မိနစ်သာသာပင်။
ပွဲကိုစီစဉ်သူများက ရရှိလာသည့် အမြတ်များကို HIV ပိုးကူးစက်ခံထားရသူများအား ထောက်ပံ့ကြေးအဖြစ် လှူဒါန်းသွားမည်ဟု ပြောသည့်အတွက် ပါဝင်ဖျော်ဖြေသူများက မိတ်ကပ်ဖိုး၊ ကားဆီဖိုးသာယူ၍ ပါဝင်ခဲ့ကြခြင်းဖြစ်သည်ဟု ဇာဇာထက်ကပြောသည်။
ယခုကဲ့သို့ Sexy ပါတီများက သာမန်လူ့အဖွဲ့အစည်းအကြား အထူးအဆန်းဖြစ်ကောင်းဖြစ်နိုင်၏။ အမှန်တော့ ယခင်ကလည်း နိုက်ကလပ်များ၊ ဘားများတွင် နီးစပ်ရာအသိုင်းအဝိုင်းတူသူများက အချင်းချင်းစုစည်းကျင်းပသည့် ပါတီများက ပုံမှန်ရှိသည်။ ယခုတစ်ကြိမ်တွင်တော့ လူသိရှင်ကြား လူမှုကွန်ရက်စာမျက်နှာကို အသုံးချကာ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာခြင်းဖြစ်သည်။ သို့သော် စုစည်းကျင်းပသူများကတော့ ပရဟိတလုပ်ငန်းတစ်ခုအတွက်ဟု ခေါင်းစဉ်တပ်ထားကြသည်။
‘‘ခေါင်းစဉ်နဲ့လှုပ်ရှားမှုက မဆီလျော်ဘူးဖြစ်နေတယ်။ တို့တွေတိုင်းပြည်မှာ ဒီလိုပြမှ ဒီလိုလှူမယ်ဆိုရင် မဟုတ်သေးပါဘူး။ ရန်ပုံငွေရှာဖို့ ခေါင်းစဉ်တပ်ပြီး လုပ်ချင်ရာလုပ်သွားတာပါ’’ဟု အမျိုးသမီးအရေးလှုပ်ရှားသူ အမရာဖောင်ဒေးရှင်းမှ ဒေါ်ခင်လေးက Show ပွဲနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။
ယခုကဲ့သို့ Sexy မော်ဒယ်များဖြင့် ကပြဖျော်ဖြေသောကလပ်များ၊ ဘားများမှာ နိုင်ငံတကာတွင် ကျယ်ပြန့်စွာရှိနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း အဆိုပါလုပ်ငန်းသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်သည့် လုပ်ငန်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတွင်တော့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရ အဆိုပါလုပ်ငန်းများ သိသိသာသာတွင်ကျယ်လာခဲ့ခြင်းမရှိပေ။
‘‘တို့နိုင်ငံမှာ ဒါမျိုးတွေမရှိစေချင်ဘူး။ ခေတ်ပြောင်းလာတဲ့ အခြေအနေမှာ ဒီမိုကရေစီကို အမျိုးမျိုးပုံဖျက်ချင်နေတဲ့သူတွေ ရှိတဲ့အထဲမှာ ဒါမျိုးတွေလည်း ပါလာနိုင်တယ်’’ဟု ဒေါ်ခင်လေးက ဆက်လက်ပြောကြားသည်။
ပါဝင်ဖျော်ဖြေသူများ ကိုယ်တိုင်ပင်လျှင် ပရဟိတပွဲဖြစ်သဖြင့် အခမဲ့ပါဝင်ဖျော်ဖြေခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ တိုင်ပတ်ကရမည်ကို ပွဲမတိုင်မီက မသိခဲ့ကြောင်း ဇာဇာထက်ကပြောသည်။
‘‘အရင်ပြောထားတုန်းက Sexy Dance မှာ ဒိုင်လုပ်ပေးရမယ်။ အဖွင့်မှာ နည်းနည်းပါးပါးကပြရမယ်။ အဲဒီလိုပဲပြောထားတာ။ နောက်တော့ အကပြိုင်ဖို့ စာရင်းလာပေးတဲ့သူတွေလည်း မရှိဘူး။ အဲဒီတော့မှ တိုင်ပတ်ရမယ်မှန်း သိတော့တာ။ အရင်ကတော့ Sexy ပုံတွေပဲ ဓာတ်ပုံအရိုက်ခံလာတာဆိုတော့ တိုင်ပတ်ရတာ သိပ်အဆင်မပြေဘူး’’ ဟု ဇာဇာထက်ကပြောသည်။
Sexy အကရှိုးပွဲများက အိမ်နီးချင်းထိုင်းနိုင်ငံတွင် ကျယ်ပြန့်စွာခေတ်စားနေပြီး တစ်ကိုယ်လုံးတွင် အဝတ်အစားမပါဘဲ ကပြဖျော်ဖြေသည့် ကလပ်များပင်ရှိနေသော်လည်း မြန်မာနိုင်ငံတွင်တော့ ယခုကဲ့သို့မဖြစ်စေလိုဟု စာရေးဆရာမောင်သာချိုက ပြောသည်။
‘‘လူထုဒေါ်အမာက ပြောခဲ့ဖူးတာရှိတယ်။ အရှေ့တိုင်းအလှနဲ့ အနောက်တိုင်းအလှမတူဘူးတဲ့။ အနောက်တိုင်းအလှက ဖော်ချွတ်ပြီးမှ ပြရတဲ့အလှ၊ အရှေ့တိုင်းအလှကကျတော့ ရှိပြီးသားတွေကို လုံအောင်ဝတ်ပြီးမှ ပြရတဲ့အလှ အဲဒီလိုလုပ်တာမှ ကိုယ့်ရဲ့ယဉ်ကျေးမှု’’ဟု စာရေးဆရာမောင်သာချိုက ပြောသည်။
ပရဟိတလုပ်ငန်းအတွက်ပင်ဖြစ်စေ၊ စီးပွားရေးအတွက်ပင်ဖြစ်စေ ယခုကဲ့သို့လုပ်ငန်းများ ကျယ်ပြန့်စွာပေါက်ဖွားလာပါက နိုင်ငံ၏အခြေအနေနှင့်လည်း ကိုက်ညီမှုရှိမည်မဟုတ်ဟု ဆိုကြသည်။
‘‘ထိုင်းမှာတောင် သူတို့နိုင်ငံသားတွေက အဲဒါမျိုးတွေအတွက် စိတ်ညစ်နေရတာတွေရှိတယ်။ သူတို့က စီးပွားရေးအရလုပ်တာ။ ပြင်ပ ပရိသတ်အတွက်လုပ်တာပဲ။ ဒါပေမဲ့ သူတို့ အဲဒီလိုလုပ်နေတာတွေကိုတော့ ဓာတ်ပုံတွေနဲ့ ပလူပျံအောင်ဖြစ်သွားမှာကိုတော့ သူတို့မလိုလားကြပါဘူး။ သူတို့ဆီမှာလည်း နိုင်ငံခြားသားမှ သီးသန့်ဝင်လို့ရတဲ့နေရာတွေရှိတယ်။ ကိုယ့်နိုင်ငံသားကို ကိုယ့်နိုင်ငံသူတွေ အခုလိုလုပ်ပြနေတာကို မကြည့်စေချင်ကြပါဘူး။ ဒီမှာလည်း ဒီလိုပါပဲ။ ကိုယ့်ညီမသားချင်းတွေ ဒီလိုလုပ်ပြနေတာကို မဖြစ်စေချင်ဘူး’’ဟု စာရေးဆရာဂျက်ကွမ်းခြံကုန်းက ပြောသည်။
ယခုလိုပွဲမျိုးကို အမြင်မတူသူများက အမျိုးမျိုးဝေဖန်နေကြသော်လည်း တကယ်တမ်းလှုပ်ရှားကပြသူများက အနုပညာလုပ်ငန်းတစ်ခုလုပ်သည်ဟုပင် သဘောထားပြီး ဝေဖန်မှုများကို ကြံ့ကြံ့ခံနေနိုင်ကြသည်ဟု ဆိုသည်။
‘‘ဝေဖန်တာတွေကတော့ အမြင်မတူတာတွေရှိမှာပေါ့။ လုပ်နေတဲ့သူတွေကိုလည်း အားပေးတာရှိသလို ကြိုက်တာ၊ မကြိုက်တာလည်းရှိမှာပါ’’ဟု Sexy မော်ဒယ်အဖြစ် လူသိများပြီး ပွဲတွင် ကိုယ်တိုင်ပါဝင်ဖျော်ဖြေခဲ့သူ ဇွန်သဉ္ဇာက ပြောသည်။
သို့သော် ခေတ်ရေစီးကြောင်း လွတ်လပ်မှု၊ ကြားခံလူမှုကွန်ရက် မီဒီယာများဖွံ့ဖြိုးလာမှုနှင့် လူအများကြား မတူညီသည့် စိတ်ခံစားမှုများကြောင့် ယခုလို Sexy ဆန်ဆန်ရှိုးပွဲများ နောက်ပိုင်းတွင်လည်း ဆက်လက်ပေါ်ပေါက်လာလိမ့်မည်ဖြစ်သည်။
‘‘ရှေးရိုးဆန်တယ်ပဲပြောပြော ဒါကိုလုံးဝလက်မခံနိုင်ပါဘူး။ ယဉ်ကျေးမှုအရကြည့်ရင် ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး’’ဟု ဒေါ်ခင်လေးကပြောသည်။
7day daily
ဆက်စီတို့၏ည
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment