CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 10, 2015
အိန္ဒိယဆေးကျောင်းဝင်ခွင့် စာမေးပွဲ အရှုပ်တော်ပုံကြီးကို ဗဟိုမှစစ်ဆေးမည်
နယူးဒေလီ ဇူလိုင် ၁ဝ
အိန္ဒိယနိုင်ငံ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ဆေးကျောင်း ဝင်ခွင့်စာမေးပွဲ အရှုပ်တော်ပုံကြီးကို ဗဟိုမှ စုံစမ်းစစ်ဆေးရန် အိန္ဒိယတရားရုံးချုပ်က အမိန့်ထုတ်လိုက်ကြောင်း ယနေ့ သတင်းများတွင် ဖော်ပြသည်။
ဗဟို စုံစမ်းစစ်ဆေးရေးဗျူရိုက ''ဗာပန်'' အရှုပ်တော်ပုံကို စစ်ဆေးရန် ပြည်နယ်ရဲတပ်ဖွဲ့ထံမှ လွှဲပြောင်းရယူမည်ဟု မျှော်လင့်ရသည်။
ပြည်နယ်တွင် အစိုးရအလုပ်အကိုင်များနှင့် ဆေးကျောင်း ဝင်ခွင့်စာမေးပွဲများ ကျင်းပပေးသည့် ရုံးအဖွဲ့ကို ဟင်ဒီဘာသာအသံဖြင့် ''ဗာပန်''ဟု ခေါ်သည်။
အဆိုပါ အရှုပ်တော်ပုံကြီးတွင် ဖမ်းဆီးမှုထောင်ပေါင်း များစွာရှိခဲ့ပြီး အကြောင်းရင်း မသိရှိရသော သေဆုံးမှုများလည်း ရှိခဲ့သည်။
မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်၏ အာဏာရ ဘီဂျေပီ ပါတီအစိုးရသည် စုံစမ်းစစ်ဆေးမှုကို ဝင်ရောက်စွက်ဖက်လျက် ရှိသည်ဟု အတိုက်အခံပါတီများက စွပ်စွဲပြီး ဗဟိုမှ စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။
ဗဟိုတရားရုံးချုပ် တရားသူကြီးများက ယင်းသို့ အမိန့် ထုတ်သည့်အပြင် ယင်းအရှုပ်တော်ပုံကို ဗဟိုစုံစမ်း စစ်ဆေးမှုပြုလုပ်ရမည် သို့မဟုတ် မလုပ်ရဟု ဆုံးဖြတ်ချက် ချမှတ်ရန် ငြင်းဆိုသည့်အတွက် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် တရားရုံးချုပ်ကို ဝေဖန်ခဲ့သည်။
မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်တရားရုံးချုပ်သည် ဆုံးဖြတ်ချက်ချရမည့်အစား ၎င်းအမှုကို လက်ရှောင်လို၍ ၎င်းတို့ တရားရုံးသို့ ဘောလုံးပုတ်ထုတ်လိုက်ကြောင်း ဗဟို တရားသူကြီးများက ပြောကြားသည်ဟု အန်ဒီတီဗွီ ရုပ်သံလိုင်းမှ ကိုးကားကြေညာသည်။
ယင်းအရှုပ်တော်ပုံကြီးအတွင်း မေးခွန်းများ ပေါက်ကြားခြင်း၊ အဖြေလွှာများ အလဲအလှယ်ပြုလုပ်ကြခြင်း၊ ထူးချွန်သော ကျောင်းသားများအား ကိုယ်စားဝင်ရောက် ဖြေဆိုစေခြင်းတို့နှင့်အတူ ဆေးကျောင်းဝင်ခွင့်ကို ငွေကြေးအများဆုံးပေးနိုင်သူတို့အား ရောင်းချခြင်းတို့ ပါဝင်သည်။
ကျောင်းဝင်ခွင့်တစ်နေရာအတွက် အိန္ဒိယသုံးငွေ ရူပီးတစ်သန်း (ဒေါ်လာ ၁၅၇၆၄)နှင့် ရူပီး ခုနစ်သန်း အကြားပေးရသည်ဟု သတင်းများက ဆိုသည်။
လူဦးရေ ၂၅၃ဝ ခန့်ကို ၂ဝ၁၂ ခုနှစ်ကတည်းက အရှုပ်တော်ပုံနှင့် ပတ်သက်သည်ဟု စွပ်စွဲထားသည်။
ရဲတပ်ဖွဲ့သည် လူ ၁၉၈ဝ ခန့်ကို ဖမ်းဆီးထားပြီး ၅၅ဝ ကို ဖမ်းဆီးရန် ရှာဖွေနေဆဲဖြစ်သည်။ ယင်းအရှုပ်တော်ပုံနှင့် စပ်ဆိုင်သော အမှုပေါင်း ၅၅ မှုကို ပြည်နယ်၏ တရားရုံး ၂ဝ က စစ်ဆေးလျက်ရှိသည်။
နှစ်နှစ်အတွင်း အဆိုပါအရှုပ်တော်ပုံနှင့် ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ ၃၃ ဦးခန့် သေဆုံးခဲ့ပြီဖြစ်ရာ ရိုးရိုးသားသား သေဆုံးခြင်းမဟုတ်ဟု သံသယများ ကြီးမားလာလျက်ရှိသည်။ ထိုသေဆုံးမှု အများအပြားသည် အရှုပ်တော်ပုံနှင့် ဆက်စပ်မှု ရှိ၊မရှိမှာ ရှင်းရှင်းလင်းလင်း မရှိပေ။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယဆေးကျောင်းဝင်ခွင့် စာမေးပွဲ အရှုပ်တော်ပုံကြီးကို ဗဟိုမှစစ်ဆေးမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 10, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 10, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment