CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 6, 2015
ဂရိတ်ဝေါလ်ဦးတင်မောင် ပိုင်ဆိုင်သော တော်ဝင်နှင်းဆီဆေးရုံ၌ တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးကုသမှုနှင့် ပတ်သက်၍ တရားခံပြေး ကြေညာရာတွင် ဦးတင်မောင် မပါဝင်တော့
တရားရုံးမှ ၀ရမ်းကပ်ရန်ညွှန်ကြားထားသည့် ဒေါ်နန်းလှစိန်၏ နေအိမ်(ဂရိတ်ဝေါလ်ခြံ)အားတွေ့ရစဉ် -
မန္တလေးမြို့ တော်ဝင်နှင်းဆီဆေးရုံတွင် တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးကုသမှုနှင့် ပတ်သက်၍ ဇွန် ၃ ရက်က တရားခံပြေးများအဖြစ် ကြေညာရာတွင် ဂရိတ်ဝေါလ် ဦးတင်မောင် ပါဝင်ခြင်းမရှိတော့ကြောင်း သိရသည်။ အမှုနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခဲ့ပြီး သက်သေများကို စစ်ဆေးပြီးနောက် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၂(က)/ကျင့် ၅၁၂ဖြင့် တရုတ်နိုင်ငံသားနှစ်ဦးကို လည်းကောင်း၊ ပုဒ်မ ၂၉၂(က)/၁၀၉ ကျင့် ၅၁၂ ဖြင့် ဒေါ်နန်းလှစိန်အား လည်းကောင်း၊ လ၀က အက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် တရုတ်နိုင်ငံသား ခြောက်ဦးကို တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဒေါ်မိမိခိုင်က ပြောကြားသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ၃၅/ ကျင့် ၅၁၂ ဖြင့် တရုတ်နိုင်ငံသားနှစ်ဦးကို တရားခံပြေးကြေညာခဲ့သော်လည်း အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ဦးတင်မောင်နှင့်ဇနီး ဒေါ်နန်းလှစိန်တို့မှာ ငြိစွန်းချက်ရှိကြောင်း မပေါ်ပေါက်သဖြင့် ကြေညာဝရမ်းမထုတ်ခဲ့ကြောင်း ဒေါ်မိမိခိုင်က ပြောကြားသည်။ လက်ရှိတွင် အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ ပုဒ်မ ၄၁၊ ၄၂/ ကျင့် ၅၁၂ ဖြင့် တရုတ်နိုင်ငံသားလေးဦးကို စွဲဆိုထားမှုအပေါ် သက်သေများကို စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ တရားခံပြေးအဖြစ်ကြေညာခံရသော ဒေါ်နန်းလှစိန်နေထိုင်သည့် ၇၇ လမ်းနှင့် ၇၈ လမ်းကြား ၃၁ လမ်းရှိ နေအိမ်အား ၀ရမ်းကပ်ရန် ရဲတပ်ဖွဲ့သို့ အကြောင်းကြားထားကြောင်းလည်း ဆက်လက်ပြောကြားသည်။ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် တရုတ်နိုင်ငံသားများမှာ တရားမ၀င်ဆေးကုသမှုပြုလုပ်ခြင်း၊ ညစ်ညမ်းစာ၊ဓာတ်ပုံပါ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ပြုလုပ်နေသဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလပိုင်းက ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ် တရုတ်နိုင်ငံသားများမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင်
တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ပြန်လည်ထွက်ခွာသွားသည်။ ထို့အတူတော်ဝင်နှင်းဆီဆေးရုံပိုင်ရှင် ဂရိတ်ဝေါလ်ဦးတင်မောင်(ခ) လီဆန်ရှင်းနှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာလည်း ထွက်ပြေးတိမ်းရှောင်သွားပြီး စင်္ကာပူနိုင်ငံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူနေသည်ဟု ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ အမှုနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့ မြို့နယ်တရားရုံးတွင် သက်သေများစစ်ဆေးပြီးချိန်အထိ လာရောက်ရင်ဆိုင်ခြင်းမရှိခဲ့သော ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့မှာ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည်ဟုဆိုသော်လည်း ၎င်းတို့ ဇနီးမောင်နှံမှာ မြန်မာပြည်တွင်း၌ပင်ရှိနေကြောင်း နီးစပ်ရာအသိုင်းအ၀ိုင်းမှ သိရသည်။ ဦးတင်မောင်အား၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် အမှုဖွင့်သည့်အခါ ၎င်းတို့ဇနီးမောင်နှံမရှိတော့ဟု ရဲတပ်ဖွဲ့မှဆိုသော်လည်း ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၂ ရက် ရက်စွဲဖြင့် နေပြည်တော်ရှိ စာချုပ်စာတမ်းမှတ်ပုံတင်ဌာနတွင် ၎င်းက တရားလိုပြု၍ စွဲဆိုထားသောအမှုအတွက် သားဖြစ်သူ ဦးထွန်းထွန်းဝင်းအား General Power လွှဲအပ်ခဲ့သည့် ကိုယ်စားလှယ်လွှဲစာကို ဇန်န၀ါရီ ၁၆ ရက်က မန္တလေးခရိုင်တရားရုံးသို့ တင်သွင်းခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်လွှဲစာတွင် ဦးတင်မောင်၏ လိပ်စာမှာ အမှတ်(၅၆၂၇)၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့၊ နေပြည်တော်ဟု ဖော်ပြပါရှိသည့်အတွက် ဦးတင်မောင်မှာ နေပြည်တော်၌ တိမ်းရှောင်ကာ နေထိုင်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုမှုများ ရှိနေသည်။ သို့ရာတွင် ဦးတင်မောင်နှင့်ဇနီးဒေါ်နန်းလှစိန်မှာ နိုင်ငံ၌ရှိမနေဘဲ ဆေးကုသရန် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူများကဆိုသည်။
EMG
ဂရိတ်ဝေါလ်ဦးတင်မောင် ပိုင်ဆိုင်သော တော်ဝင်နှင်းဆီဆေးရုံ၌ တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးကုသမှုနှင့် ပတ်သက်၍ တရားခံပြေး ကြေညာရာတွင် ဦးတင်မောင် မပါဝင်တော့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 06, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment