Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 1, 2015

ကျွန်တော် သေဒဏ်ကျခံခဲ့ရသော ၁၇လ ၁၇ရက်



အမှတ်- ၁၉
(နိုင်ငံတော် ပုန်ကန်မှုနှင့် မှောင်လွန်းသော ဆောင်းညများ)
=========================================
ဇော်သက်ထွေး
၂၀၀၃ ခုနှစ် ဆောင်းညများသည် ကျွန်တော့်အတွက် အိပ်၍မပျော်သော ညများစွာ
ဖြစ်လာခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် မမြင်ဘူးသော လူကိုးယောက်အား
နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲဆိုထားခြင်း၏ နိဂုံးသည် မလှပမှန်း ကြိုတင်
သိထားခြဲ့ပီး ဖြစ်သည်။ ကျွန်တော်တို့ ၉ယောက်၏ ခေါင်းဆောင်အဖြစ် မွန်ပြည်သစ် ပါတီမှ နိုင်ငံရေး တက္ကသိုလ် ကျောင်းအုပ်ဖြစ်သော နိုင်ယက္ခ (ခေါ်) နေ၀င်းနှင့်
မွန်ပြည်သစ် တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ရှိသူ မျိုးထွေး (ခ) ချင်းဂကောင်းအား ဦးဆောင်သူများ အဖြစ် ဇာတ်လမ်းဆင်လျှက် နိုင်ငံတော် အစိုးရက လေယာဉ်ပျံ
ပြန်ပေးဆွဲမှုဖြင့် အလိုရှိနေသော စန်းနိုင် (ခ) ရဲသီဟ၏ တူဖြစ်သူ ဇာနိုင်ထွန်း (ခ)
ဖြူလေးကို ဦးတည်လျက် ပြည်ထဲရေး ၀န်ကြီးဌာနမှ အမှုတွဲ တည်ဆောက်ခဲ့သည်
မှာ အင်မတန် ကြီးကျယ်ခမ်းနားခဲ့သည်။
တပ်မတော် ထောက်လှမ်းရေးနှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး၊
လိုချင်သော ဇာတ်လမ်းကို ဖန်တီးခဲ့ရာတွင် နိုင်ငံတော် အစိုးရကို ပုန်ကန်နေသော
ပြည်ပြေးများ၊ နိုင်ငံတော်အား အဓမ္မ လုပ်အားပေးစေခိုင်းသည့် ကိစ္စနှင့် ပတ်သက်
၍ ဖိအားပေးလျက်ရှိသည့် ILO ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့၊
ပြည်တွင်းမှ အစိုးရအား ပုန်ကန်ရန် ကြံစည်နေသော ယူဂျီများကို ချေမှုန်းချင်သည့်
ရည်ရွယ်ချက် အတွက် ပြီးမြောက်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး အဆက်အစပ်မရှိသော အုပ်စုများကိုတစ်ပြိုင်နက်တည်း ပူးပေါင်း
နိုင်သည်မှာ တပ်မတော် ထောက်လှမ်းရေး၏ ပြောင်မြောက်သော စွမ်းရည် ဖြစ်
လာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် မွန်ပြည်သစ် ပါတီ၏ နယ်မြေဖြစ်သော
မော်လမြိုင်သို့ ဦးမျိုးချစ်အား စေလွှတ်ပြီး၊ နိုင်ယက္ခ (ခေါ်) နေ၀င်း၊ မျိုးထွေး (ခေါ်) ချင်းဂကောင်း၊ အောင်လွန်းတို့အား စည်းရုံးစေခဲ့သလို ILO နှင့် ထိစပ် ပတ်သက်
လျက်ရှိသော ပဲခူးမြို့မှ ရှေ့နေ အေးမြင့် (ခ) မြင့်အေးမောင်၊ နိုင်မင်းကြည် နှင့်
ရွှေမန်း (ခေါ်) ဇေယျာဦးတို့ကိုလည်း ကျော့ကွင်းထဲဝင်အောင် ဆောင်ရွက်နိုင်
ခဲ့သည်။ သီးခြားရှိနေသော အစုများ အနက် သာယာဝတီမှ ရဲသီဟ၏ တူဖြစ်သူ
ဇာနိုင်ထွန်း (ခေါ်) ဖြူးလေးနှင့် ဇော်မျိုးထက် (ခေါ်) ဇော်ဇော်၊ မီဒီယာတွင် သီးခြား
ရပ်တည်နေသော ဇော်သက်ထွေးတို့ကို ရနိုင်သမျှ ချိတ်ဆက်ကာ အကွက်ချ
ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးပြီးနောက် တစ်နိုင်ငံလုံးအား သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဖမ်းဆီးရမိသော တရားခံများ အနေဖြင့် လူထုအုံကြွမှု ဖြစ်စေရန် ယူဂျီလုပ်ငန်း
များ ဆောင်ရွက်ခြင်း၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းများသို့ ၀င်ရောက်ခြင်း၊
ဆန့်ကျင်ဘက် အဖွဲ့သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း၊ ဆက်သွယ်လာသည်
ကို လက်ခံပြောဆိုခြင်း၊ နိုင်ငံတော် အစိုးရနှင့် စပ်လျဉ်းသည့် သတင်းများကို
စုဆောင်းပြီး၊ အခကြေးငွေယူ၍ ပေးပို့ခြင်း၊ ပုဂံရှိ ရှေးဟောင်း သုတေသန
ပြတိုက်တွင် ချိန်ကိုက်ဗုံး ထောင်ခြင်း၊ မြို့တော်ခန်းမ၊ သူရဲကောင်း စစ်သည်
ဗိမာန်၊ နိုင်ငံတော် အကြီးအကဲများ၏ နေအိမ်များကို ဖောက်ခွဲရေး လုပ်ရန်
လိုက်လံကြည့်ရှုခြင်း စသည့် အချက်များဖြင့် ပြစ်တင် စွပ်စွဲခဲ့သည်။
ကျွန်တော့်အား တရားရုံး၌ ပထမဦးဆုံး စစ်ဆေးရာတွင် တရားလိုဖြစ်သူ
ပြည်ထဲရေး ၀န်ကြီးဌာန အတွက် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်၊ ဒုတိယ ဥပဒေ အရာရှိ ဒေါ်ခင်မြတ်သူမှ လည်းကောင်း၊ ကျွန်တော်၏ အမှုအတွက် တရားရုံးချုပ်
ရှေ့နေ ဦးစန်းမြင့်တင်မှ လည်းကောင်း လိုက်ပါ ဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ထဲရေး ၀န်ကြီးဌာန ကိုယ်စား သတင်းတပ်ဖွဲ့မှ ဒုရဲမှူး ရဲညွန့်မှ ရန်ကုန်တိုင်း
မြောက်ပိုင်းခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားသော အမှုဖြစ်ခဲ့ပြီး၊ ပြစ်မှုကြီး
အမှတ် (၁၁၁)ဖြင့် စတင် စစ်ဆေးခဲ့သော အမှုဖြစ်သည်။ ကျွန်တော့အား
တရားခွင်တွင် စတင်စစ်ဆေးရာ ရဲမှူး ရဲညွန့်မှ စစ်ကြောချက်များကို မှီငြမ်း၍ တရားသူကြီးထံ လျှောက်လှဲခဲ့ပါသည်။ သူ၏ စွပ်စွဲချက်များထဲတွင် ဇော်သက်ထွေး
(ခ) သက်ဇော်သည် အားကစား ဂျာနယ်၏ အယ်ဒီတာချုပ် ဖြစ်ကြောင်း၊ တစ်ဖက်
နိုင်ငံရှိ မိတ်ဆွေတစ်ဦး ဖြစ်သော လွမ်းဏီ (ခ) ကျော်ကျော်နှင့် ဖုန်း ၄ ကြိမ်
ဆက်သွယ်ခဲ့သည်ကို စစ်ကြောရေး အတွင်း ၀န်ခံခဲ့ပြီး ဖြစ်ကြောင်း၊ ထို့အပြင်
မြ၀တီမှ ဦးမျိုးချစ်ဆိုသူ ရောက်လာပြီး၊ တစ်ဖက်နိုင်ငံရှိ ဆန့်ကျင်ရေး အဖွဲ့
အစည်းများမှ သူငယ်ချင်းများ၏ စာများကို ပေးပို့ခဲ့သည်ကို လက်ခံယူခဲ့ကြောင်း
နောက်ဆုံးအကြိမ်တွင် ဦးမျိုးချစ်က လွမ်းဏီ (ခေါ်) ကျော်ကျော်ထံမှ စာတစ်စောင်
ယူလာကြောင်း ထိုစာတွင် လူထုတိုက်ပွဲ စီမံချက် ပါဝင်ပြီး၊ ပြည်တွင်း၌ အကောင်
အထည်ဖော်ရန် ပေးပို့ခြင်းဖြစ်ကြောင်း ထို့ကြောင့် သက်ဇော် (ခေါ်) ဇော်သက်ထွေး
အား နိုင်ငံတော်အား သစ္စာဖောက်ဖျက် ပုန်ကန်မှု ဥပဒေ ပုဒ်မ-၁၂၂ (၁) အရ
အရေးယူပေးရန် ဦးတိုက် လျှောက်ထား စွဲဆိုရခြင်းဖြစ်ကြောင်း ထွက်ဆိုသွား
ခဲ့သည်။
ထိုသို့ ထွက်ဆိုခဲ့ပြီးနောက် ကျွန်တော်၏ ရှေ့နေ ဦးစန်းမြင့်တင်မှ အရေးကြီးသော
မေးခွန်းများကို မေးမြန်းခဲ့ရာ ကျွန်တော် အမှန်အတိုင်း ဖြေဆိုခဲ့ပါသည်။ ထိုအချိန်
က ရှေ့နေကြီး မေးမြန်းသော မေးခွန်းများကို ဖြေဆိုရာတွင် အားမရှိသော်လည်း
ထိုအမေး အဖြေများသည် နောင်တစ်ချိန်၌ ကျွန်တော့်အမှု အတွက် အရေးကြီးသော အချက်အလက်များ ဖြစ်လာခဲ့သည်။
ရှေ့နေ။ ။ သက်ဇော် (ခေါ်) ဇော်သက်ထွေးသည် တစ်ဖက်နိုင်ငံရှိ မိတ်ဆွေ
တစ်ဦးဖြစ်သော လွမ်းဏီ (ခေါ်) ကျော်ကျော်နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့တာ
မှန်သလား။
ကျွန်တော်။ ။ မှန်ပါသည်။
ရှေ့နေ။ ။ ထိုသို့ပြောဆိုရာတွင် ၄ ကြိမ်သာ ပြောဆိုခဲ့တာ မှန်သလား။
ကျွန်တော်။ ။ မှန်ပါသည်။
ရှေ့နေ။ ။ ဖုန်းပြောရာတွင်လည်း နိုင်ငံရေး ကိစ္စမပါရှိဘဲ၊ လူမှုရေး ကိစ္စများ
သာ ပြောဆိုခဲ့တာ မှန်သလား။
ကျွန်တော်။ ။ မှန်ပါသည်။
ရှေ့နေ။ ။ မိမိထံသို့ မြ၀တီမှ ဦးမျိုးချစ်ဆိုသူမှ ဂျာနယ် ကိုယ်စားလှယ်အဖြစ်
ဆောင်ရွက်လိုသည်ဟု ပြောဆိုခဲ့သော်လည်း ဂျာနယ်တိုက်သို့ ငွေပေးသွင်းခြင်း
မရှိခဲ့တာ မှန်သလား။
ကျွန်တော်။ ။ မှန်ပါသည်။
ရှေ့နေ။ ။ ဦးမျိုးချစ်အား ဂျာနယ်၏ အရောင်း ကိုယ်စားလှယ် အဖြစ် လက်မခံခဲ့တာ
မှန်သလား။
ကျွန်တော်။ ။ မှန်ပါသည်။
ရှေ့နေ။ ။ လွမ်းဏီ (ခေါ်) ကျော်ကျော်ထံမှ ဦးမျိုးချစ်မှ တဆင့်ပေးပို့သော စာတွင်
လူထုတိုက်ပွဲ စီမံချက်နှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ရန် ရေးသားသည်
ကို လက်ခံ သဘောတူခဲ့တာ မှန်သလား။
ကျွန်တော်။ ။ မမှန်ပါ။
ရှေ့နေ။ ။ လွမ်းဏီထံမှစာတွင် ဗီစီဒီအခွေနှင့် ပန်းချီကားချပ်များကို လူကြုံထည့်ပေးရန် ရေးသားထားတာ မှန်သလား။
ကျွန်တော်။ ။ မှန်ပါသည်။
ရှေ့နေ။ ။ လွမ်းဏီစာအရ ထိုပစ္စည်းများကို ထည့်မပေးလိုက်ဘဲ၊ သူ၏စာကို
ဆုတ်ပြဲပစ်ခဲ့တာ မှန်သလား။
ကျွန်တော်။ ။ မှန်ပါသည်။
ရှေ့နေ။ ။ မိမိနှင့် ယခုတရားရုံးရှေ့၌ ရှိနေသော တရားခံ ၈ဦးအား ယခင် ကတည်း
က သိရှိခဲ့တာ မှန်သလား။
ကျွန်တော်။ ။ မမှန်ပါ။
သို့သော် တစ်ဦးချင်းအား မေးမြန်းထားသည့် သဘောအရ မိမိတို့ အုပ်စုထဲတွင်
စင်းလုံးချော အပြစ်ကင်းသည်ဟူ၍ ပါပုံမရ။ မွန်ပြည်သစ် ပါတီမှ နိုင်ယက္ခ
တို့နှင့် ရဲသီဟ၏ တူဖြစ်သူ ဖြူလေးတို့မှာ ထဲထဲဝင်ဝင် ပတ်သက်နေပုံရသည်။
သို့သော် တရားခံ ၉ဦး အနက် ကျန်သည့် တရားခံများထံမှ အရေးကြီးသည့်
ဖောက်ခွဲရေး ပစ္စည်းများ၊ Settliteဖုန်းများကို ဖမ်းဆီးရရှိသည်ဟု တရားရုံးသို့ တင်ပြထားသော်လည်း ကျွန်တော်၏ အိမ်မှ ဘာပစ္စည်းမှ မတွေ့ခဲ့သည့် အတွက်
ယောင်ရမ်း၍ မျှော်လင့်ချက်များ ထားခဲ့မိသေးသည်။ သို့သော် ယခုလို နိုင်ငံတော်
အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ လက်ထက်တွင် ဥပဒေကို
သေချာဆန်းစစ်ပြီး၊ အပြစ်မရှိသည်ကို လွှတ်ပေးသော အလေ့အထ မရှိခဲ့သည်မှာ ရှင်းလင်းလျက်ရှိသည်။
ရုံးချိန်းပြီး၍ သီးသန့်ထောင်သို့ အပြန်တွင် ကျွန်တော်နှင့် လက်ထိပ် တွဲခတ်
ထားသော ဇာနိုင်ထွန်း (ခ) ဖြူလေးကို ကျွန်တော်စကား တစ်ခွန်းမေးမိသည်။
“ဖြူလေး မင်းတို့ ဖောက်ခွဲရေးလုပ်ဖို့ ကြံစည်ခဲ့တယ်ဆိုတာ တကယ်လား”
ဖြူလေးက ကျွန်တော်၏ စကားကို ပြန်မဖြေဘဲ၊ အသာအယာသာ ခေါင်းခါပြသည်။
သူနှင့်အတူ ပါလာသော ဇော်ဇော်မှာ ဖောက်ခွဲရေး ပြုလုပ်ဖို့ဝေးစွ နိုင်ငံရေး အဖွဲ့များကိုပင် သေချာ နားမလည်သော လူငယ်တစ်ဦး ဖြစ်နေသည်။ ကျွန်တော်
က အမှုတွဲများ အနက် နိုင်ယက္ခနှင့် ဖြူလေးတို့ကို အတော် ဒေါသထွက်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ အကြမ်းဖက် လုပ်ရပ်များကို သဘောမတူ
သောကြောင့် ဖြစ်သည်။ သို့သော် နိုင်ယက္ခတို့နှင့် စကားပြော ကြည့်သောအခါမှ
ကျွန်တော်၏ အထင် တက်တက်စင်အောင် လွှဲမှားနေမှန်း သိရတော့သည်။
အဘယ်ကြောင့်ဆိုသော် မော်လမြိုင်နှင့် ပငတွင် အေးအေးဆေးဆေး နေထိုင်
လျက်ရှိသော မွန်ပြည်သစ် ပါတီဝင်ဟောင်း နိုင်ယက္ခအား နိုင်သန်းအောင်
ဆိုသူ၏ မိတ်ဆက်ပေးမှုအရ ဦးမျိုးချစ်ဆိုသူ ရောက်လာပြီး၊ ၄င်း၏ ကုမ္ပဏီတွင် အလုပ်လုပ်ပေးရန် ပြောဆိုစည်းရုံးသောကြောင့် သဘောတူပြီး၊ ရန်ကုန်
လိုက်လာကာ ယခုလို အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်ပါ အခန်းဆက်ဆောင်းပါး )

No comments:

Post a Comment