Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 28, 2015

အပူချိန် မြင့်တက်မှုကြောင့် နယူးဒေလီတွင် ကတ္တရာလမ်းများ အရည်ပျော်

 အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်တွင် အပူလှိုင်း ဖြတ်သန်းမှုများကြောင့် နေ့အပူချိန် အလွန်အမင်း မြင့်တက်ခဲ့ရာ ကတ္တရာလမ်းများ အရည်ပျော်ကျသည်အထိ အခြေအနေ ဆိုးရွားနေကြောင်း သတင်းရရှိသည်။


နေ့အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့သည့်နောက် နယူးဒေလီရှိ ကတ္တရာလမ်းများ စတင် အရည်ပျော်နေသည့် မှတ်တမ်း ဓာတ်ပုံများကို မီဒီယာများက ဖော်ပြခဲ့သည်။ အပူချိန် တရိပ်ရိပ် မြင့်တက်နေသော်လည်း လာမည့်ရက်ပိုင်းများတွင် ယင်းထက်ပင် အခြေအနေ ဆိုးရွားလာနိုင်သေးကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။

အိန္ဒိယ တောင်ပိုင်းဒေသများသည် အပူလှိုင်းဒဏ်ကို အဆိုးရွားဆုံး တွေ့ကြုံခံစားနေရပြီး အပူရှပ် သေဆုံးသူများအနက် အများစုသည် နေပူထဲတွင် အလုပ်လုပ်ရသ်ည့ ဆောက်လုပ်ရေး လုပ်သားများ၊ သက်ကြီးရွယ်အိုများနှင့် အိမ်ခြေရာမဲ့များ ဖြစ်နေသည်။

အန်ဒရာပရာဒက်ရှ် ပြည်နယ်သည် အပူလှိုင်းဒဏ်ကြောင့် အသေအပျောက် ပမာဏ အမြင့်မားဆုံး ကြုံနေရပြီး မေ ၁၈ ရက်နောက်ပိုင်း လူ ၈၀၀ ကျော် အပူရှပ် သေဆုံးခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်း၌ပင် သေဆုံးသူ ၂၀၀ ကျော်ရှိခဲ့ပြီး ယမန်နှစ် တစ်နှစ်လုံးစာတွင် အပူရှပ် သေဆုံးသူ အရေအတွက် ၃၁ ဦးနှင့် ယှဉ်ပါက အဆမတန် မြင့်မားနေသည်။ အိန္ဒိယ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၁၀၀ ကျော်သွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။

မိုးလေဝသ ပညာရှင်များက လာမည့် သီတင်းပတ်တွင်လည်း အပူချိန် ဆက်လက် မြင့်တက်နေမည်ဟု ခန့်မှန်းထားရာ ဆင်းရဲနွမ်းပါးသူများ၊ အိမ်ခြေရာမဲ့များအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေသည်။ နယူးဒေလီတွင် သန်းနှင့်ချီသော အဲယားကွန်း လေအေးပေးစက်များကို အသုံးပြုနေရာ လျှပ်စစ်မီး လုံလောက်အောင် မပေးနိုင်တော့ဘဲ တစ်နေ့လျှင် ၁၀ နာရီမျှသာ အလှည့်ကျ စနစ်ဖြင့် မီးပေးနေရကြောင်းလည်း သိရှိရသည်။

“ဘာမှ လုပ်လို့မရဘူး။ တစ်နေ့ကို ရေခြောက်ခါ ချိုးဦးတော့၊ အဲဒီ အပူဒဏ်ကို ခင်ဗျား တွန်းလှန်လို့ မရဘူး”ဟု အသက် ၃၄ နှစ်အရွယ်ရှိ စတိုးဆိုင်ပိုင်ရှင် မာနစ်ရှ်ဆင်းက AFPသို့ ပြောကြားခဲ့သည်။ ၎င်းက “အပူမရှပ်အောင် အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ အောင်းနေရတယ်။ မနှစ်ကထက် အများကြီး ဆိုးလာတယ်။ ဒီကြားထဲ မီးတွေပျက်တော့ အဲယားကွန်း စက်တွေက ဘာမှ အသုံးမဝင်တော့ဘူး”ဟုလည်း ညည်းညူခဲ့သည်။

အိန္ဒိယသည် အာရှတိုက်၏ တတိယ အကြီးဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသော်လည်း လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်စွမ်းနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ ရုန်းကန်နေရဆဲ ဖြစ်သည်။

_Ref: Dailymail
http://7daydaily.com/story/38206

No comments:

Post a Comment