Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 29, 2015

လွှတ်တော်မီဒီယာခန်း ပိတ်မှုကို ဝေဖန်၍ ဦးလှဆွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ခေါ်ယူသတိပေး



နေပြည်တော်၊ မေ ၂၈
-
ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများ သတင်းယူရန် သတ်မှတ်ထားသော အခန်းကိုပိတ်၍ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူး၍မရသော နေရာသို့ ရွှေ့ပြောင်းလိုက်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ခဲ့သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက ခေါ်ယူတွေ့ဆုံကာ သတိပေးခဲ့ကြောင်း ဦးလှဆွေက ပြောကြားသည်။

“ကျွန်တော်တို့နောက်မှာ လွတ်နေတာ ခုံတွေအများကြီးပဲ။ ထိုင်လို့ရတာပဲ။ အမေရိကန်သမ္မတ အိုဘားမားကြီးတောင် သူ့အဲဖို့ဝမ်း (Air Force One) ကြီးမှာ အယောက် ၃၀ လောက်က သတင်းထောက်တွေချည်းပဲ။ ကျွန်တော်တို့က သူ့လောက်တောင် အန္တရာယ်မများပါဘူး။ သူဆို တော်တော်အန္တရာယ်များတယ်။ ခင်ဗျားတို့က ဗုံးခွဲမှာ မဟုတ်ဘူးလို့တောင် ကျွန်တော် ပြောခဲ့သေးတာပဲ။ ဒါပဲလားလို့ ကျွန်တော်ကပြောတော့ နာယကက ပြောခိုင်းလို့ ပြောတာပါတဲ့။ ဒီဂျီ (ညွှန်ကြားရေးမှူးချုပ်) တစ်ယောက်ရဲ့ အလုပ်ကို ဝင်မပြောပါနဲ့လို့ သတိပေးသွားတယ်” ဟု ဦးလှဆွေက သတင်းမီဒီယာများကို ပြန်ပြောပြသည်။

မေလ ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများအခန်းကို ပိတ်ပင်လိုက်ခြင်းကြောင့် “ကျွန်တော်သာ ညွှန်ကြားရေးမှူးချုပ်ဆိုရင် ခင်ဗျားတို့ကို အစည်းအဝေးခန်းမထဲ ဝင်ထိုင်ခိုင်းမယ်၊ ခင်ဗျားတို့က လက်ပစ်ဗုံးနဲ့ ပစ်မယ့်သူတွေမှ မဟုတ်တာ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မီဒီယာများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် အလုပ်ပင်ပန်း၍ အိပ်ငိုက်သည့် ဖြစ်ရပ်များ ရှိသော်လည်း ဝန်ခံရမည်ဖြစ်ပြီး ဓာတ်ပုံအရိုက်မခံလိုပါက အိပ်မငိုက်ဘဲ နေထိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ငိုက်မိတာပဲ။ ငိုက်တာကို ဓာတ်ပုံရိုက်တင်တင်ပေါ့။ မတင်စေချင် မငိုက်နဲ့ပေါ့။ ငိုက်တော့လည်း ဟုတ်တယ် ကျွန်တော် အဲနေ့က ငိုက်တယ်။ ဝန်ခံလိုက်ပေါ့။ လူသားပဲ ဘယ်လိုလုပ်ရမလဲ” ဟု ၎င်းကဆိုသည်။

ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နေသည့် ကာလတွင် လွှတ်တော်အနေနှင့် မီဒီယာ ပိတ်ပင်ကန့်သတ်မှုကို မလုပ်သင့်ဘဲ နုနယ်သေးသည့် မီဒီယာအတွက် လိုအပ်လျှင် သင်တန်း သို့မဟုတ် တိုင်ပင်ဆွေးနွေးမှုများဖြင့် ကူညီပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောသည်။
“မီဒီယာသည် နားမျက်စိလို့ မမြင်ဘဲ။ ကြောက်စရာ၊ ဖွစရာလို့ မမြင်သင့်ဘူး” ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် တပ်မတော်သား ကိုယ်စားလှယ် အနေနှင့် မိမိပေးရမည့် မဲခလုတ်ကိုသာ နှိပ်သင့်ကြောင်း ဦးလှဆွေက ထပ်လောင်းပြောဆိုသည်။
“နှိပ်တဲ့သူကလည်း မနှိပ်သင့်ဘူး။ စမ်းတာလည်း မစမ်းသင့်ဘူး။ ကိုယ်ဟာကိုယ်စမ်းပေါ့။ ငိုက်တဲ့သူကလည်း မငိုက်အောင် ကြိုးစား။ ကျွန်တော်တို့ဆို မငိုက်အောင် အချဉ်ထုပ်တွေ ယူလာတယ်” ဟု ဦးလှဆွေက ဆိုသည်။

မေလ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်ရှိ မီဒီယာခန်းမကို ပိတ်ပင်ပြီး မေလ ၂၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်တွင်လည်း ရိုက်ကူးခွင့် ထပ်မံပိတ်ပင်ခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်တွင် မူလအတိုင်း သတင်းရယူခွင့် ပေးထားကြောင်း လွှတ်တော်တွင် သတင်းရယူနေသည့် သတင်းမီဒီယာများက ပြောကြားသည်။
=====
EMG

No comments:

Post a Comment