![]() |
| ထိုင်းလူကုန်ကူးဂိုဏ်း သံသယရှိသူတွေ ဖမ်းဆီးရမိကြောင်း ထိုင်းရဲချုပ် Somyot Poompanmoung သတင်းစာရှင်းလင်း။ (မေ ၂၅-၂၀၁၅) |
ထိုင်းနိုင်ငံနဲ့ကပ်လျက် မလေးရှားနယ်စပ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အလောင်းတွေလို့ ယူဆရတဲ့ လူသေအလောင်းပေါင်း ၁၃၉ လောင်း မြှုပ်ထားတဲ့နေရာကို ရှာတွေ့ခဲ့တဲ့အကြောင်း မလေးရှားရဲချုပ်က ပြောပါတယ်။
ထိုင်း-မလေးရှားနယ်စပ်နားက တောတောင်တွေထဲမှာ လူမှောင်ခိုစခန်း ၇ ခုကိုတလကြာလောက် ရှာဖွေနှိမ်နင်းခဲ့ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်းမှာ နောက်ထပ် လူမှောင်ခိုစခန်းတွေ မရှိတော့ဘူးလို့ ထိုင်းရဲတွေက တနင်္လာ ဒီကနေ့မှာ ပြောပါတယ်။
နယ်စပ်မှာ အလောင်းတွေ မြှုပ်နှံထားတဲ့နေရာ ၁၄၀ နီးပါးကို နောက်ထပ်ရှာတွေ့ခဲ့တယ်လို့ မလေးရှားရဲတွေက သတင်းထုတ်ပြန်အပြီး နာရီပိုင်း အကြာမှာပဲ ထိုင်းရဲက ခုလို ပြောလိုက်တာပါ။
ဒီလအစောပိုင်းတုန်းကလဲ လူကုန်ကူးခံရတယ်လို့ ယူဆရတဲ့ ဘင်္ဂလားဒေ့ခ်ျနဲ့ မြန်မာနိုင်ငံသား ရုပ်အလောင်း ၃၆ လောင်းကို ထိုင်းတောင်ပိုင်း Songkhla ခရိုင်မှာ ရှာတွေ့ခဲ့ပါတယ်။
အဲဒီထဲက ၂၆ လောင်းကိုတော့ လူကုန်ကူးသူတွေ စွန့်ပစ်သွားခဲ့တဲ့ မလေးရှားနယ်စပ်နဲ့ အနီးဆုံး တောနက်စခန်းထဲမှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီလို ရှာတွေ့ခဲ့ရာက ထိုင်းနိုင်ငံတွင်း လူမှောင်ခိုဂိုဏ်းတွေပေါ် နှိမ်နင်းမှုတွေ စဖြစ်လာရပြီး ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ထဲမှာ လူကုန်ကူးသူတွေ စွန့်သွားတဲ့ ထောင်ချီတဲ့ နိုင်ငံရွှေ့ပြောင်းလိုသူတွေကို တွေ့လာရတာကြောင့် ဒေသတွင်းမှာ အကြပ်အတည်းတခုအဖြစ် ရင်ဆိုင်လာရတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

No comments:
Post a Comment