ရေတာရှည် မေ ၁၁
တရုတ်ဈေးကွက်၏ ဝယ်လိုအားအပြင် ဒေါ်လာဈေး ဆက်လက်မြင့် တက်လျက်ရှိသဖြင့် စပါးဈေးမှာ ယခုနှစ် မေလအတွင်း တင်း ၁ဝဝ လျှင် ကျပ် ၄၇ဝဝဝဝ အထိ မြင့်တက်လာကြောင်း တောင်သူများက ပြောသည်။
''ပျဉ်းမနားနဲ့ အေလာမြို့တွေဘက်က အဝယ်တွေ တအားဆင်းတယ်။ ဒီက ပွဲစားတွေထက် ဈေးလည်းပိုပေးတော့ တောင်သူတွေ အဆင်ပြေပါတယ်'' ဟု မှန်စီကျေးရွာနေ တောင်သူ ဦးတင်ဝင်းက ပြောသည်။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးသူ များသည် စပါးရောင်းချရာတွင် လုပ်ငန်းကုန်ကျစရိတ်အတွက်ရောင်းချခြင်း နှင့် စပါးအဖြိုင်ပေါ်ချိန်၌ ဈေးနှုန်းကျဆင်းမည်စိုးသောကြောင့်ဟူ၍ နှစ်မျိုး ရှိကာ လက်ရှိဈေးကွက်အနေအထားအရ တရုတ်နိုင်ငံ၏ ဈေးကွက်ဝယ်လိုအား မှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
''မူဆယ်မြို့မှာက တစ်ရက်ကို ကုန်တင်ကားကြီးအစီးရေ ၂ဝဝအထက် ဝင်တဲ့အထဲမှာ ဆန်ပို့တဲ့ကားက အစီးရေ ၇ဝ အထက်မှာပါတယ်။ ကျွန်တော့် ကားဆိုရင် တစ်ခေါက်ကို ဆန်အိတ် ၃ဝဝ ပါတယ်။ လမ်းကြောင်းကောင်းရင် ဆန်တင်ပို့မှုက ဒီထက်မြင့်တက်နိုင်သလို ဆန်ကွဲ၊ ဆန်လတ်တွေလည်းဝယ်လို အား အတော်ကောင်းနေတာတွေ့ရတယ်။ ဆန်ဈေးကျဖို့ လောလောဆယ် မဖြစ်နိုင်သေးပါဘူး''ဟု ရေတာရှည်မြို့နယ်မှ မူဆယ်မြို့အထိဆန်တင်ပို့နေ သည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
နွေစပါးစိုက်တောင်သူများ အနေဖြင့် စပါးရောင်းဝယ်ရာတွင် ဈေးကွက်အနေအထားကို လေ့လာ၍ အရောင်းအဝယ်ပြုလုပ်ရန် လိုအပ်ပြီး ရိတ်သိမ်းပြီးသား စပါးများအား ဆက်တိုက်ရောင်းချနေပါက စပါးလက်ကျန်နည်းပါးကာ နောက်ပိုင်းတွင် စပါး ဈေးမြင့်တက်နိုင်ကြောင်း ခန့်မှန်းတွက်ချက်မှုများလည်းရှိနေသည်။
ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:
Post a Comment